/
node/10676

အပူလောင်နာကို ဘယ်လိုကုသမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နေကြောင့်၊ အပူကြောင့်၊ ပွတ်တိုက်ရာကြောင့်၊ လျှပ်စစ်မီးကြောင့်၊ ဓာတုပစ္စည်းတွေကြောင့် အပူလောင်တတ်တယ်။
အပေါ်ယံအရေပြားလေးပဲလောင်ပြီး နီရဲပြီး ရောင်နေရင်၊ နာနေရင် ပထမဒီဂရီအပူလောင်ခြင်း၊ ဒုတိယအလွှာပါ ပါသွားပြီး အရည်ကြည်ဖုတွေထ၊ အနီကွက်တွေဖြစ်၊ အရမ်းနာနေရင် ဒုတိယဒီဂရီအပူလောင်ခြင်း၊ အရေပြားအလွှာတိုင်းပါသွားပြီး အောက်က အဆီပြင်၊ ကြွက်သား၊ အရိုးတွေထိပါ ပါသွားရင် တတိယဒီဂရီအပူလောင်ခြင်းလို့ ခေါ်တယ်။
လက်၊ ခြေထောက်၊ မျက်နှာနဲ့ လိင်အင်္ဂါ၊ တင်ပါးတွေမပါတဲ့ ပထမဒီဂရီအပူလောင်ခြင်းနဲ့ ၂၀% ထက် နည်းတဲ့ ဒုတိယဒီဂရီအပူလောင်ခြင်းကိုတော့ အိမ်မှာပဲ ကုလို့ရတယ်။ ဒီ့ထက်ပိုဆိုးရင်တော့ ဆေးရုံပြဖို့ိ လိုတယ်။ ဘယ်လောက်ဆိုးလဲ မသေချာရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပေါ့။
သာမန်အပူလောင်ရာအတွက်တော့ ရေအေးလေးနဲ့ မိနစ် ၂၀ လောက် ဆေးကြောပေးပါ။ အပူလောင်ရာနေရာမှာ ဝတ်ထားတဲ့ လက်ဝတ်လက်စားတွေကို အကုန်ချွတ်ပါ။ ရေမရှိရင်တော့ အအေးကပ်တာ၊ အစိုဓာတ်ဂျယ်လ်လေးတွေလိမ်းတာမျိုး လုပ်ပေးလို့ရတယ်။
မကပ်တဲ့ပိုးသတ်ပတ်တီးလေးနဲ့ အပူလောင်ရာကို အုပ်ထားပေးပါ။ အနာထဲ အမွေးတွေကျန်ခဲ့နိုင်လို့ မွေးပွပတ်တီးတွေတော့ မစည်းပါနဲ့နော်။ နာရင် အကိုက်အခဲပျောက်ဆေးလေး သောက်ပေးပါ။ မေးခိုင်ကာကွယ်ဆေးထိုးဖို့လည်း လိုမယ်။ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါ။
အရည်ကြည်ဖုသေးသေးလေးတွေအတွက် မကပ်တဲ့ပတ်တီးတွေအမျိုးအစား အများကြီးရှိတယ်။ သေချာသိချင်ရင် ဆေးဝါးကျွမ်းကျင်သူ၊ ဆရာဝန်နဲ့ ဆရာမတွေကို မေးမြန်းကြည့်ပါ။

>>  တကယ်လု့ိ
●  နာတာ၊ နီတာ၊ ရောင်တာ၊ သငန်ရည်ထွက်တာ စသဖြင့် ပိုးဝင်တဲ့လက္ခဏာတွေရှိရင်
●  ဖျားလာရင် ဆရာဝန်နဲ့ပြကြည့်ပါ။

သာမန်အပူလောင်ရာလေးတွေကတော့ ဒီ့ထက်ပိုကုစရာမလိုဘဲ ပျောက်သွားလိမ့်မယ်။ ဒါပေမဲ့ အသားအရောင်တော့ မတူတော့ဘူးပေါ့။ နောက်တစ်နှစ်လောက်အထိကို ဒီနေရာကို နေရောင်ကာလိမ်းဆေးလေး မှန်မှန်လူးပေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)