အစာအိမ်ရောင်ခြင်းကို ကုသရာမှာ အထောက်အကူဖြစ်စေတဲ့ စားသောက်မှုပုံစံ
အစာအိမ်ရောင်တယ်ဆိုတာ အစာအိမ်ကို ကာထားတဲ့နံရံတွေမှာ ရောင်ရမ်းခြင်းဖြစ်တာကို ခေါ်တာပါ။ ဒီလို အစာအိမ်နံရံ ရောင်နေတဲ့အချိန်မှာ အစာအိမ်ကနေ အစာချေရည်တွေ လုံလုံလောက်လောက် မထုတ်ပေးနိုင်သလို အစာအိမ်ကို အက်စစ်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ အချွဲတွေလည်း ကောင်းကောင်းမထုတ်နိုင်တော့လို့ အက်စစ်တွေကြောင့် အစာအိမ်တစ်သျှူးတွေ ပိုပျက်စီးရပါတယ်။
အစာအိမ်ရောင်တဲ့အခါ ရင်ညွန့်နေရာမှာ ပူပြီးအောင့်တာကို ခံစားရမှာပါ။ အထူးသဖြင့် အဆီများလွန်းတဲ့ အစားအသောက်တွေနဲ့ အစပ်တွေစားပြီးရင် ဖြစ်လေ့ရှိပါတယ်။ တခြားလက္ခဏာတွေအနေနဲ့ မအီမသာဖြစ်ခြင်း၊ လေပွခြင်း၊ လေချဉ်တက်ခြင်း စတာတွေကိုလည်း ခံစားရနိုင်ပါတယ်။
အစာအိမ်ရောင်တာကို ဆေးထိုးဆေးသောက်နည်းတွေနဲ့ သက်သာစေသလို အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်းဖြင့်လည်း သက်သာစေပါတယ်။ အစာအိမ်ရောင်ရမ်းခြင်းအတွက် စားသောက်မှုပုံစံ ဆိုတာ အစာအိမ်ကို ရောင်ရမ်းစေတဲ့ အစားအသောက်တွေကို လျှော့စားတာ ဒါမမဟုတ် လုံးဝမစားဘဲ ရှောင်တာကို ဆိုလိုတာပါ။ အစာအိမ်ရောင်တဲ့သူတွေအနေနဲ့ ဘာတွေစားသင့်ပြီး ဘာတွေမစားသင့်ဘူးလဲ ဆိုတာကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။
Kremil-S 1
>> အစာအိမ်ရောင်ရောဂါရှိသူတွေ စားသင့်တဲ့ အစားအသောက်များ
● ပဲအမျိုးမျိုး
● ဥအမျိုးမျိုး
● ပင်လယ်စာနဲ့ ငါးများ
● ပျားရည်
● အက်စစ်ဓာတ်ပါဝင်မှုနည်းသော ဟင်းသီးဟင်းရွက်များ (သခွားသီး၊ မုန်လာဥနီ၊ အာလူး)
● သကြားဓာတ်နဲ့ အက်စစ်ဓာတ်ပါဝင်မှုနည်းသော အသီးများ (ရွှေဖရုံသီး၊ ဘယ်ရီသီးများ၊ ပန်းသီး)
● အဆီနည်းပြီး သိပ်မချိုတဲ့ ဒိန်ချဉ်လိုမျိုး၊ သိပ်မငန်တဲ့ ချိစ်လိုမျိုး နို့ထွက်အစားအသောက်များ
● ထမင်း၊ အုတ်ဂျုံ ၊ ဘာလီ
>> အစာအိမ်ရောင်ရောဂါရှိသူတွေ စားဖို့မသင့်တော်တဲ့ အစားအသောက်များ
● အက်စစ်ပါဝင်မှုများတဲ့ အသီးများ(ချဉ်တဲ့အသီးများ၊ ခရမ်းချဉ်သီး)
● အစပ်အရသာရှိသော ဟင်းသီးဟင်းရွက်များ (ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီး)
● အဆီများပြီး ချိုလွန်းတဲ့ နို့ထွက်စားသောက်ကုန်များ
● ဝက်သား၊ အမဲသား စတဲ့ အနီရောင်ရှိတဲ့ အသားများ
● ချောကလက်၊ သကြားလုံး၊ အာလူးကြော်နဲ့ အသင့်စားအစားအသောက်များ
● စပ်သောအစားအသောက်များ
● မာသောအစားအသောက်များ (အခွံမာသီးများ)
● အဆီများပြီး ချိုလွန်းတဲ့ အချိုပွဲစားစရာများ (ရေခဲမုန့်၊ ကိတ်မုန့်)
● ကော်ဖီ၊ လက်ဖက်ရည်
● ဂတ်စ်ပါတဲ့ အချိုရည်များ၊ အားဖြည့်အချိုရည်၊ လိမ္မော်သီးဖျော်ရည်နဲ့ ခရမ်းချဉ်သီးဖျော်ရည်လိုမျိုး အက်စစ်ဓာတ်များတဲ့ အသီးဖျော်ရည်များ
● ဝိုင်၊ ဘီယာ၊ ကော့တေး စတဲ့ အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာများ
Kremil-S 2
အစားအစာတွေကို ချက်ပြုတ်တဲ့အခါ ကြော်လှော်ခြင်း၊ အဆီအနှစ်များများနဲ့ချက်ခြင်း စတာတွေဟာ အစာအိမ်ရောင်ခြင်းအတွက်တော့ မသင့်တော်တဲ့ ချက်ပြုတ်နည်းတွေပါ။ ပြုတ်ခြင်း၊ ပေါင်းခြင်း စတဲ့ ချက်ပြုတ်ခြင်း နည်းလမ်းတွေဟာ အစာအိမ်ရောင်ရမ်းနိုင်ချေကို နည်းစေပါတယ်။ ဟင်းချက်တဲ့အခါ ထောပတ်၊ ခရမ်းချဉ်သီးဆော့စ်၊ ဆား၊ ဆီ စတာတွေ များများသုံးတာမျိုးကို ရှောင်ပါ။
အစာအိမ်ရောင်ရမ်းခြင်းအတွက် စားသောက်မှုပုံစံအတိုင်း စားသင့်တာတွေပဲစားပြီး မစားသင့်တာတွေကို လျော့စားတာ၊ ဒါမှမဟုတ် လုံးဝရှောင်တာဟာ အစာအိမ်ရောင်ရမ်းခြင်းရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေရုံသာမက အက်စစ်တွေကြောင့် အစာအိမ်တစ်သျှူးတွေ ပျက်စီးတာကို ကာကွယ်ပေးပြီး အစာအိမ်ရောင်ရောဂါကို မြန်မြန်သက်သာပျောက်ကင်းစေပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)




























