/
node/10878

သတိသိပ်မထားမိနိုင်တဲ့ ဂေါက်ရောဂါ (Gout) ရဲ့ လက္ခဏာတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဂေါက်ရောဂါဆိုတာ ရုတ်တရက် ပြင်းပြင်းထန်ထန် ရောင်ရမ်းတတ်တဲ့ အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Urate လို့ခေါ်တဲ့ ဓာတ်တစ်မျိုး သွေးထဲမှာ များလာပြီး အဆစ်ပေါ်မှာ uric acid အခဲအဖြစ် သွားပုံနေတာကြောင့် ဒီရောဂါ ဖြစ်လာတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်း ရှိတဲ့၊  တချို့အစားအသောက်တွေမှာ ပါဝင်တဲ့ Purine ဆိုတဲ့ ဓာတ်တစ်မျိုးကို ဖြိုခွဲရင် uric acid တွေ ထွက်လာပါတယ်။

ဒါကြောင့်မို့ နဂို ဂေါက်ရောဂါရှိတဲ့ လူတွေအဖို့ တချို့အစားအသောက်တွေစားရင် ဂေါက်ရောဂါ ပြန်ထလာတာမျိုး ကြုံရတာ ဖြစ်ပါတယ်။ ဂေါက်ရောဂါဟာ မျိုးရိုးလည်းလိုက်သလို ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ ရှိတဲ့ လူတွေမှာလည်း ပိုဖြစ်တတ်ပါတယ်။

အမျိုးသားတွေမှာ ပိုပြီး အဖြစ်များပေမယ့် အမျိုးသမီးတွေလည်း ဖြစ်တတ်သလို သွေးဆုံးပြီးချိန်မှာ ဖြစ်နိုင်ချေ ပိုများပါတယ်။

ဂေါက်ရောဂါဟာ ကုသလို့ရတဲ့ ရောဂါဖြစ်ပေမယ့် ကိုယ့်မှာ ဂေါက်ရောဂါရှိနေမှန်း သိဖို့ကတော့ သိပ်မလွယ်ပါဘူး။ ဘာကြောင့်လဲဆို သူက ပုံစံမျိုးစုံနဲ့ လာတတ်လို့ပါ။

Jointace 1

>>  ခြေမ နာတာ
ဒါကတော့ အတွေ့ရအများဆုံး လက္ခဏာဖြစ်ပြီး ဂေါက်ရောဂါမှန်း သေချာပေါက် ပြောလို့ရတဲ့အချက် ဖြစ်ပါတယ်။ အစားအသောက်ကနေဖြစ်ဖြစ်၊ သဘာဝအတိုင်း ခန္ဓာကိုယ်တွင်းကဖြစ်ဖြစ် ရလာတဲ့ uric acid တွေကို ခန္ဓာကိုယ်က အကြောင်းအမျိုးမျိုးကြောင့် ဥပမာ - ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးကျဆေး၊ အသက်ကြီးလာတာ စတာတွေကြောင့် မစွန့်ထုတ်နိုင်တဲ့အခါ ပိုလာတဲ့ အစိုင်အခဲတွေဟာ ခြေမမှာ သွားပုံနေတတ်ပါတယ်။ ဒီအခါမှာ ခန္ဓာကိုယ်က ဒီအစိုင်အခဲတွေကို ပြင်ပရန်သူအဖြစ် ပြန်တိုက်ခိုက်တဲ့အခါ ခြေမ အလွန်အမင်း နာကျင်တာ၊ ပူနွေးတာ၊ ရောင်ရမ်းတာမျိုးကို ခံစားရပါတယ်။

>>  ဒူး၊ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်တွေ နာကျင်တာ
ခြေမအပြင် တခြားအဆစ်တွေမှာလည်း uric acid အစိုင်အခဲတွေ ပုံနိုင်တာကြောင့် အကြောင်းအရင်းမရှိဘဲ အဆစ်တွေ ရုတ်တရက် နာကျင်ရင် ဂေါက်ရောဂါ ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါ့အပြင် အဆစ်တစ်နေရာတည်း မဟုတ်ဘဲ အဆစ်ပေါင်း အများကြီးက တစ်ချိန်တည်းမှာ နာကျင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

>>  ညလယ်ခေါင်မှာ ရုတ်တရက် ထနာတာ
ည ၁၂ နာရီ ကနေ မနက် ၈နာရီ အတွင်း ဂေါက်ရောဂါ ရုတ်တရက် ထဆိုးနိုင်ချေက မနက်ပိုင်းထက် ၂ ဆ ပိုများပါတယ်။ ကိုယ်အပူချိန် ကျသွားတာ၊ ရေဓာတ်နည်းလာတာနဲ့ တခြားအချက်တွေက uric acid များများပိုစုစေတာကြောင့် ဖြစ်ပါတယ်။

Jointace 2

>>  ရုတ်တရက် အရမ်းနာပြီး ဖြည်းဖြည်းချင်း သက်သာလာတာ
၂၄ နာရီအတွင်းမှာပဲ ဘာမှနာကျင်မှုမရှိရာကနေ ရုတ်တရက် မခံမရပ်နိုင်အောင် ထနာတာမျိုးက ဂေါက်ရောဂါ ဖြစ်ဖို့များပါတယ်။ ညအိပ်ရာဝင်တုန်းက အကောင်း၊ ညသန်းခေါင်ရောက်မှ အရမ်းနာလို့ နိုးလာတာမျိုးပေါ့။

>>  ပင်ပန်းတာ၊ အားမရှိသလို ခံစားရတာ
ဖျားတာ၊ ကြွက်သားနာတာ စသဖြင့် တုပ်ကွေးလိုတောင် ခံစားရပြီး လုံးဝအားမရှိသလိုမျိုးလည်း ဖြစ်တတ်ပါတယ်။

>>  အဆစ်တွေနားမှာ ထူးဆန်းတဲ့ ဘုတွေ၊ အလုံးတွေ ပေါ်လာတာ
Uric acid တွေ ပုံတာ အရမ်းများလာရာကနေ ဒီလို အလုံးတွေ ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နာတာရှည် ဂေါက်ရောဂါသမားတွေမှာပဲ ဒီလို ဖြစ်တတ်ပါတယ်။ အလုံးတွေပေါ်လာတာဟာ အဆစ်က ပုံပျက်သွားတာ မဟုတ်ဘဲ ကုသလို့ ရပါသေးတယ်။

>>  ကျောက်ကပ်မှာ ကျောက်တည်တာ
ဂေါက်ရောဂါဖြစ်တာ ကြာလာရင် uric acid အစိုင်အခဲတွေဟာ ကျောက်ကပ်ရဲ့ ပြွန်လေးတွေမှာ သွားပုံနေပြီး ကျောက်ဖြစ်လာပါတယ်။ ဒါကြောင့်မို့ ကျောက်ကပ်မှာ ကျောက်တည်ရင်လည်း ဆရာဝန်က လိုလိုမယ်မယ် ဂေါက်ရောဂါကိုပါ ရှာဖွေတတ်ပါတယ်။

Dr. Htar (www.drmyanmar.com)