သလိပ်ပျစ်ပျစ်တွေ အများကြီးထွက်နေပြီဆိုလျှင်
သလိပ်ဆိုတာ အသက်ရှူလမ်းကြောင်းကနေ ထုတ်ပေးတဲ့အချွဲတစ်မျိုးပါ။ ဒီအချွဲတွေဟာ အညစ်အကြေးနဲ့ ရောဂါပိုးမွှားတွေကို သူ့ဆီမှာ ကပ်ငြိတွယ်စေပြီး ချောင်းဆိုးတဲ့အခါ သလိပ်ဟပ်ထုတ်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းမှာရှိတဲ့ မကောင်းတဲ့အရာတွေကို ဖယ်ရှားပေးပါတယ်။ တစ်ခါတစ်ရံ ချောင်းဆိုးပြီး သလိပ်နည်းနည်းပါးပါးထွက်တာက ပြဿနာမရှိပေမယ့် သလိပ်ပျစ်ပျစ်တွေ အများကြီးထွက်နေပြီဆိုရင်တော့ အသက်ရှူလမ်းကြောင်းရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
>> ဘာကြောင့် သလိပ်ပျစ်ပျစ်တွေ ထွက်ရတာလဲ?
ဓာတ်မတည့်တဲ့အရာတွေနဲ့ ရောဂါပိုးမွှားတွေရဲ့ လှုံဆော်မှုကြောင့် အသက်ရှူလမ်းကြောင်းကနေ အချွဲတွေအများကြီး ထုတ်ပေးတာကြောင့် သလိပ်တွေပျစ်လာတာပါ။ အချွဲထွက်တာများစေတဲ့ အကြောင်းတွေကတော့
● ပန်းဝတ်မှုန်၊ လေထုညစ်ညမ်းခြင်း၊ တိရစ္ဆာန်အညစ်အကြေး စတာတွေနဲ့ ဓာတ်မတည့်ခြင်း
● ပန်းနာရင်ကြပ်ရောဂါ
● ရောဂါပိုးမွှားများ ဝင်ရောက်ခြင်း
● ဆေးလိပ်သောက်ခြင်း
● နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်ရောဂါ
● Cystic fibrosis လို့ခေါ်တဲ့ အဆုတ်ရောဂါတစ်မျိုး စတာတွေ ဖြစ်နိုင်ပါတယ်။
Solmux Adult IA 1 2023
>> သလိပ်ပျစ်ပျစ်ထွက်တာဟာ ဘယ်လောက်ကြာနိုင်သလဲ?
ဖြစ်စေတဲ့ အကြောင်းရင်းပေါ် မူတည်ပြီးတော့ ကြာချိန်ဟာလည်း ကွဲပြားသွားပါတယ်။ နာတာရှည် လေပြွန်ရောင်ရောဂါမှာ သုံးလလောက်အထိ ကြာမြင့်တတ်ပြီး ရောဂါပိုးမွှားများ (သို့) ဓာတ်မတည့်မှုကြောင့်ဆိုရင်တော့ ယာယီလောက်ပဲ ကြာတတ်ပါတယ်။
>> သလိပ်ပျစ်ပျစ်ထွက်တာဟာ ဘာရောဂါလက္ခဏာတွေနဲ့ တွဲဖြစ်နိုင်သလဲ?
ဖြစ်စေတဲ့ အကြောင်းရင်းပေါ် မူတည်ပြီးတော့ -
● လည်ချောင်းနာခြင်း၊ လည်ချောင်းယားခြင်း
● ချောင်းဆိုးခြင်း
● အသက်ရှူရင် တရွှီရွှီမြည်ခြင်း
● နှာပိတ်ခြင်း
● ချွဲကြပ်ခြင်း စတာတွေ ခံစားရနိုင်ပါတယ်။
Solmux Adult IA 2
>> ဘာနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်သလဲ?
အချိန်ကြာလာတဲ့အခါ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်ပျက်စီးစေပြီး အဆုတ်လုပ်ငန်းဆောင်တာတွေ ကျဆင်းလာနိုင်ပါတယ်။ အဆုတ်မကောင်းတော့တာကြောင့် ကိုယ်လက်လှုပ်ရှားမှု ကောင်းကောင်းမလုပ်နိုင်တော့ဘဲ ဘဝအရည်အသွေး ကျဆင်းလာနိုင်ပါတယ်။
နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်ရောဂါရှိသူတွေမှာ သလိပ်မဟပ်ထုတ်နိုင်တာကြောင့် ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်ပြီး အဆုတ်ရောဂါပြန်ကြွတာမျိုး ဖြစ်တတ်ပါတယ်။
>> ဘယ်လိုကုသမှုတွေ ခံယူသင့်သလဲ?
● သလိပ်ပျော်ဆေး၊ သလိပ်ထွက်နည်းစေတဲ့ဆေးတွေ သောက်ပါ။
● ညဘက်အိပ်တဲ့အခါ လေထုအစိုဓာတ်ထိန်းစက် အသုံးပြုခြင်း၊ ရေနွေးငွေ့ရှူခြင်း၊ ပျားရည်သောက်ခြင်း စတဲ့ အိမ်တွင်းကုထုံးတွေ လုပ်ဆောင်ပါ။
● အဆုတ်အားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေကို ကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ပါ။
အထက်ပါ ကုသမှုတွေဟာ သလိပ်ပျော်စေပြီးတော့ သလိပ်ဟပ်ထုတ်ရတာ လွယ်ကူစေဖို့အတွက်ပဲ အဓိကရည်ရွယ်ပါတယ်။ သလိပ်ပျစ်ပျစ်ထွက်ရတဲ့ အကြောင်းရင်းကို သေချာသိရဖို့ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပြီး ရောဂါအတွက် လိုအပ်တဲ့ကုသမှုများကို သေချာလိုက်နာဆောင်ရွက်သင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























