/
node/10881

သွေးချိုစစ်တဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဆီးချိုသွေးချိုရောဂါအတွက် အရေးအကြီးဆုံးကတော့ သွေးအချိုဓာတ် စစ်ဆေးခြင်းပါပဲ။ ဘယ်အချိန်မှာ စစ်ရမယ်၊ ဘယ်လိုစစ်ရမယ်ဆိုတာတွေကို ပြောပြပါ့မယ်နော်။
ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ ဆီးချိုသွေးချိုရောဂါ ကုသဖို့အတွက်ရော၊ ဆီးချိုနောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်အောင်အတွက်ပါ ဆီးချိုသွေးချိုစက်နဲ့ ပုံမှန်စစ်ဆေးဖို့လိုတယ်။

>>  ဆီးချိုသွေးချိုကို ဘယ်လိုစစ်ဆေးကြမလဲ?
သွေးအချိုဓာတ် စစ်ဆေးခြင်းဖြင့် -
●  ကုသမှု ဘယ်လောက်အကျိုးရှိသလဲ
●  အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေက ဆီးချိုကို ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ
●  ဖျားနာတာ၊ စိတ်ဖိစီးတာ စသဖြင့် တခြားအချက်တွေက ဆီးချိုသွေးချိုကို ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ
●  ဆီးချိုသွေးချိုဆေးတွေက ဆီးချိုသွေးချိုအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ
●  ဆီးချိုသွေးချိုအတက်အကျ ရှိ၊ မရှိတွေကို သိနိုင်တယ်။

Diabetone 1

>>  ဘယ်အချိန်မှာ ဆီးချိုသွေးချိုကို စစ်ဆေးဖို့လိုမလဲ?
သွေးအချိုဓာတ်ကို ဘယ်နှကြိမ်လောက် စစ်ဆေးသင့်သလဲဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးပါ။ ယေဘုယျအားဖြင့် စစ်ဆေးရမယ့် အကြိမ်အရေအတွက်ဟာ ဖြစ်တဲ့ဆီးချိုသွေးချိုအမျိုးအစားနဲ့ ကုသမှုတွေ ပေါ်မူတည်တယ်။

ဆီးချိုသွေးချိုအမျိုးအစား-၁ : ဆီးချိုသွေးချိုအမျိုးအစား-၁ သမားတွေမှာ သွေးအချိုဓာတ်ကို တစ်နေ့ ၄ ကြိမ်ကနေ ၁၀ ကြိမ်လောက်အထိ စစ်ဆေးသင့်တယ်။ အစာမစားခင်၊ စားအပြီး၊ လေ့ကျင့်ခန်းမလုပ်မီ၊ လုပ်အပြီး၊ အိပ်ရာမဝင်မီနဲ့ တစ်ခါတလေ ညဘက်တွေမှာ စစ်ဆေးကြည့်ဖို့လိုတယ်။ ဖျားနာနေချိန်၊ နေ့စဉ်စားသောက်နေထိုင်မှုပုံစံ ပြောင်းလိုက်ချိန်၊ ဆေးအသစ် စသောက်ချိန်မျိုးတွေမှာဆိုရင် သွေးအချိုဓာတ်ကို ပိုစစ်ဆေးကြည့်ဖို့ လိုတယ်။

ဆီးချိုသွေးချိုအမျိုးအစား-၂ : အင်ဆူလင်ထိုးနေရသူတွေမှာတော့ အင်ဆူလင်အမျိုးအစားနဲ့ ပမာဏပေါ် မူတည်ပြီးတော့ တစ်နေ့ ၃၊ ၄ ကြိမ်လောက် အချိုဓာတ်စစ်ဆေးကြည့်ဖို့ လိုတယ်။

တစ်နေ့မှာ ခဏခဏထိုးရတယ်ဆိုရင် အစာမစားခင်တိုင်းနဲ့ ညအိပ်ချိန်တွေမှာ စစ်ကြည့်သင့်တယ်။ တကယ်လို့ တာရှည်ခံအင်ဆူလင်ထိုးနေတယ် ဆိုရင်တေ့ာ မနက်စာမစားခင်နဲ့ ညစာမစားခင် ၂ ကြိမ်လောက် စစ်ကြည့်သင့်တယ်။ အင်ဆူလင်မဟုတ်တဲ့ ဆီးချိုသွေးချိုဆေးတွေ၊ အစားအသောက်၊ လေ့ကျင့်ခန်းတွေနဲ့ပဲ ထိန်းနေသူတွေမှာတော့ နေ့တိုင်းစစ်ဆေးကြည့်စရာ မလိုပါဘူးနော်။

Diabetone 2

>>  တောက်လျှောက်ဆီးချိုသွေးချိုစစ်ဆေးခြင်း
အင်ဆူလင် ကုသမှုခံယူထားသူတွေ၊ အထူးသဖြင့် ဆီးချိုသွေးချိုအမျိုးအစား-၁ သမားတွေမှာ တောက်လျှောက်ဆီးချိုစစ်ဆေးမှုလုပ်ဖို့ လိုတယ်။ အရေပြားထဲစက်ကလေး ထည့်ထားပြီး သွေးအချိုဓာတ်ကို မိနစ်ပိုင်း တစ်ကြိမ်စီ စစ်ဆေးပေးတဲ့ စက်ကလေးပေါ့။
တချို့စက်တွေက အမှတ်ပြဒိုင်ခွက်ကလေးမှာ အချိုဓာတ်ကို အမြဲပြနေတတ်ပြီး သွေးအချိုဓာတ်တတ်လာ၊ ကျလာရင် အချက်ပေးသံမြည်လာတယ်။ တချို့စက်တွေကျတော့ သွေးအချိုဓာတ်ကို ဒိုင်ခွက်ပေါ်မှာ မကြာမကြာ စစ်ဆေးပေးရလိမ့်မယ်။

>>  ရှိရမယ့် ဆီးချိုသွေးချိုအမှတ်ကို သိထားဖို့လိုတယ်။
ရှိရမယ့် ဆီးချိုသွေးချိုအမှတ်ဟာ -
●  ဆီးချိုသွေးချိုအမျိုးအစားနဲ့ အနုအရင့်
●  အသက်အရွယ်
●  ဆီးချိုသွေးချိုသက်တမ်း
●  ကိုယ်ဝန် ရှိ၊ မရှိ
●  ဆီးချိုသွေးချိုနောက်ဆက်တွဲတွေ ရှိ၊ မရှိ
●  တခြားရောဂါတွေ ရှိ၊ မရှိတွေပေါ် မူတည်နေပါတယ်။

>>  အမေရိကန်ဆီးချိုသွေးချိုအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ -
●  အစာမစားခင် ၈၀-၁၃၀ mg/dL (၄.၄-၇.၂ mmol/L)
●  အစာစားပြီး ၂ နာရီအကြာမှာ ၁၈၀ mg/dL (၁၀.၀ mmol/L) အောက် ရှိသင့်တယ်လို့ ဆိုတယ်။

>>  အဖြေတွေကို မှတ်သားခြင်း
သွေးအချိုဓာတ်ကို ဘယ်နှခေါက်လောက် စစ်ဆေးရမလဲဆိုတာကတော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။
လက်နဲ့ ချရေးမှတ်မယ်ဆိုရင် ရက်၊ အချိန်၊ အဖြေ၊ ဆေး၊ ဆေးပမာဏ၊ အစားအသောက်နဲ့ လေ့ကျင့်ခန်းစတဲ့ သတင်းအချက်အလက်တွေကိုပါ ထည့်ရေးထားဖို့ လိုပါတယ်။ ဆရာဝန်နဲ့တွေ့တဲ့အချိန်မှာ ဒီအချက်အလက်တွေအားလုံး ယူလာဖို့လိုပါလိမ့်မယ်။ တကယ်လို့ ရှိရမယ့်ပမာဏအတွင်း မရှိဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)