ဓမ္မတာသွေးအဆင်း များနေသလား
ဓမ္မတာလာတာ ၇ ရက်ကျော်ရင်ပဲဖြစ်ဖြစ်၊ ဓမ္မတာအဆင်းများရင်ပဲဖြစ်ဖြစ် ဓမ္မတာများတယ်လို့ ဆိုနိုင်ပါတယ်။
>> ဘယ်အချိန်မှာ သွေးအဆင်းများတယ်လို့ ဆိုနိုင်မလဲ?
• လစဉ်သုံးဂွမ်းထုတ်ကို ၂ နာရီခြားတစ်ခါ လဲနေရရင်
• ပုံမှန်ထက် ၂ ဆထူတဲ့ဂွမ်းထုတ်မျိုးကို သုံးနေရရင်
• ညဘက်မှာ ဂွမ်းထုတ် ထလဲနေရရင်
• ဓမ္မတာလာတာ ၇ ရက်ထက် ပိုကြာနေရင်
• ဒင်္ဂါးပြားအရွယ် သွေးခဲဆင်းနေရင်
• ဓမ္မတာကြောင့် လုပ်နေကျအလုပ်တွေ မလုပ်နိုင်တော့ရင်
• ဗိုက်တောက်လျှောက်အောင့်နေရင်
• နုံးနေ၊ ပင်ပန်းနေ၊ မောနေရင်
သွေးအဆင်းများတယ်လို့ ဆိုနိုင်ပါတယ်။
Feroglobin IA 1

>> ဘာတွေကြောင့် ဒီလိုသွေးအဆင်းများနိုင်သလဲ?
1. သားအိမ်ပြဿနာများ
(a) သားအိမ်အသားလုံးများ
(b) သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ
(c) သားအိမ်တွင်းသန္ဓေတားပစ္စည်းထည့်ခြင်း
(d) ကိုယ်ဝန်နဲ့ပတ်သက်တဲ့ပြဿနာများ (ဥပမာ - ကိုယ်ဝန်ပျက်ကျခြင်း၊ နေရာမှားသန္ဓေတည်ခြင်း)
2. ဟော်မုန်းပြဿနာများ
3. တခြားရောဂါများ
(a) သွေးနှင့်ဆိုင်သောရောဂါများ
(b) အသည်း၊ ကျောက်ကပ်၊ သိုင်းရွိုက်ရောဂါများ၊ တင်ပါးဆုံပိုးဝင်ခြင်းနဲ့ ကင်ဆာများ
ဒါ့အပြင် အက်စ်ပရင်လိုဆေးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ဝက်လောက်မှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ရှာမတွေ့တတ်ကြတာလည်း ရှိတတ်ပါတယ်။
Feroglobin IA 2

>> ဘယ်လိုကုသနိုင်မလဲ?
ကုသမှုကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပါတယ်။ ဒါ့အပြင် အသက်၊ ယေဘုယျကျန်းမာရေး၊ ရောဂါရာဇဝင် စတာတွေပေါ်လည်း မူတည်ပြီး ကွာခြားနိုင်ပါသေးတယ်။ များသောအားဖြင့် -
ဆေးဝါးကုသမှုများ
• သွေးဆုံးရှုံးမှုများခြင်းကြောင့် သွေးအားနည်းခြင်းကို ကာကွယ်ရန် သံဓာတ်အားဖြည့်ဆေး
• နာကျင်မှုတွေ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး
• ဓမ္မတာ ပိုမှန်လာစေဖို့ သန္ဓေတားသောက်ဆေး (သို့) သားအိမ်တွင်းထည့်သန္ဓေတားကိရိယာ
• အီစထရိုဂျင်၊ ပရိုဂျက်စထရုန်း စတဲ့ဟော်မုန်းဆေးများ
• Antifibrinolytic သွေးတိတ်ဆေးများ
ခွဲစိတ်ကုသမှုများ
• သားအိမ်ခြစ်ခြင်း
• သားအိမ်မှန်ပြောင်းကြည့်ခြင်း
• သားအိမ်အတွင်း သားဖြတ်တောက်ဖယ်ရှားခြင်း
• သားအိမ်ထုတ်ခြင်း
စတဲ့ ကုသမှုအမျိုးမျိုး ရှိပါတယ်။
ဓမ္မတာများတာဟာ အမျိုးသမီး အတော်များများမှာ ခံစားရလေ့ရှိပေမယ့် ကုသမှုခံယူပျောက်ကင်းနိုင်တယ်ဆိုတာ မသိကြတာ များပါတယ်။ ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး ထိရောက်တဲ့ကုသမှုကိုရှာဖွေတာ အကောင်းဆုံးပါပဲနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























