/
node/3387

အယ်လ်နီညိုနှင့် ကျန်းမာရေးပြဿနာအဖြေရှာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        2016 ခုနှစ်မတ်၊ ဧပြီနှင့် မေလ 3 လ ဆက်တိုက်အပူချိန်ပြင်းထန်နိုင်သည့် အယ်နီညိုရာသီဥတုတွင် အပူချိန်လွန်ကဲမှုကြောင့် အသက်အန္တရာယ်ကြုံရနိုင်သည်အထိစိုးရိမ်ရပြီး ကူးစက်ရောဂါအပြင် အခြားရောဂါ များလည်း ဖြစ်ပွားနိုင်ပါသည်။ အထူးသဖြင့်သက်ကြီးရွယ်အိုများ ငါးနှစ်အောက်ကလေးငယ်များ နေရောင်အောက်၌ အလုပ်လုပ်ကြသူများ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စသည့် ရောဂါအခံ ရှိသူများအတွက်ပို၍ သတိထားရန်လိုအပ်ကြောင်းသိရသည်။

        "အယ်နီညိုရဲ့ဖြစ်စဉ်လို့ပြောရင် လတ်တလောခုချိန်မှာ ကြောက်ရမှာကအပူဒဏ်ပါ။ အပူဒဏ်ပြီး သွားလို့ နွေရာသီကုန်သွားရင်တောင် ပေါ့ဆလို့မရတဲ့ တခြားကျန်းမာရေးပြသနာတွေ အများကြီးရှိပါတယ်။ အပူဒဏ်လွန်ကဲမှုကြောင့် ရာသီဥတု အပြောင်းအလဲမှာ ရေရှားပါးမှုနဲ့ ရေခမ်းခြောက်မှုအပြင် ခြင်ပေါက်ဖွား မှုတွေ များလာတာကြောင့်   ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးနဲ့ ဦးနှောက်အမြှေးရောင် ရောဂါတွေကိုပါ သတိထားဖို့လိုလာပါပြီ။ ရေရှားပါးမှုကနေတစ်ဆင့် အရေပြားနဲ့ ပတ်သက်တဲ့ ကူးစက်ရောဂါတွေ၊ မျက်ခမ်းစပ်ရောဂါမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ အပူချိန်က အရမ်းပြင်းတဲ့ အတွက် Skin ကို တိုက်ရိုက်ထိရင် အရေပြားလောင်တာမျိုးတွေဖြစ်တတ်တယ်။ ခရမ်းလွန်ရောင်ခြည် အရမ်းမြင့်တဲ့ မနက် 10 နာရီကနေ ညနေ 5 နာရီအတွင်း နေရောင်တိုက်ရိုက်မခံတာ အကောင်းဆုံးပါပဲ။ နေလောင်တယ်ဆိုတာ အရေပြားပဲရှိသေးတာပေါ့။ နောက်ဆက်တွဲ က နေလောင်တာတွေများလာမယ်ဆိုရင် ကြာတဲ့အခါမှာ အရေပြားကင်ဆာတွေဖြစ်လာနိုင်တာပေါ့" ဟု ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာဌာနမှ ဘွဲ့လွန်သင်တန်းသူ ဒေါက်တာ ဒေါ်ခင်ချိုအေးမှပြောသည်။

        1997-1998 တုန်းက ဖြစ်ခဲ့တဲ့ အယ်နီညိုဆိုရင် တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ အပြင်းထန်ဆုံး ဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးအနေနဲ့ သေဆုံးသူ 23,000 ကျော် နှင့် ထိခိုက်ခံစားခဲ့ရသူ တစ် သန်းကျော် ရှိခဲ့ပါတယ်။ အယ်နီညိုရာသီဥတု၏ မှတ်တမ်းများအရ 15 ရာစုနှစ်မှ စတင်ခဲ့ပြီးယခု 2015-2016 ခုနှစ်တွင် ဖြစ်ပွားနေသည့် အယ်နီညိုရာသီဥတုမှာ နှစ်ပေါင်း 500 အတွင်း အားအကောင်းဆုံးဖြစ်ကာ နွေရာသီကာလများဖြစ်သည့် မတ်၊ ဧပြီ နှင့် မေလများတွင် အယ်နီညိုရာသီဥတု၏ သက်ရောက်မှုကြောင့် မိုးရွာသွန်းမှုလျော့နည်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်းနှင့် အပူဒဏ်ကြောင့် အသက်အန္တရာယ် အပြင် ကျန်းမာရေးထိခိုက်မှုများစွာရှိနိုင်ကြောင်းသိရသည်။

        "လူ့ခန္ဓာကိုယ်ဟာ အပြင်မှာပူရင်ဖြစ်စေ အေးရင်ဖြစ်စေ ပြန်ပြီးတော့ထိန်းညှိနိုင်စွမ်းရှိပါတယ်။ အပြင်မှာ ရာသီဥတုအရမ်းပူလည်း ကိုယ့်ခန္ဓာကိုယ်က ပြန်ထိန်းနိုင်တယ်။ ဒါပေမဲ့အရမ်းအလွန်အကျွံ ပူပြင်းချိန်မှတော့ ခန္ဓာကိုယ်ရဲ့အပူထိန်းစနစ်ကပျက်သွားတယ်။ အဲဒီချိန်မှာ Heat Stroke ( အပူဒဏ် လွန်ကဲစွာခံစားရခြင်း) ဖြစ်ပြီး အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကုသမူနောက်ကျခဲ့မယ်ဆိုရင် ၈၀% နီးပါး အသေအပျောက်ရှိနိုင်ပါတယ်။ စောစီးစွာ ကုသမူ ခံယူမယ်ဆိုရင် သေဆုံးမူကို ၁၀% အထိ လေ့ျာချနိုင်မှာ ဖြစ်ပါတယ်။ အဲ့အဆင့်ထိ ရောက်သွားပြီဆိုရင် ဆေးရုံဆေးခန်းမှာ ကုလို့ ပြန်အသက်ရှင်ရင်တောင်မှပဲ နောက်ဆက်တွဲဆိုကျိုးတွေ ကျန်တယ်။ ဦနှောက်သွေးကြောပြတ်လို့ လေဖြတ်သလို အပူဒဏ်ကြောင့်ဖြစ်တဲ့ အာရုံကြောရောဂါကလည်း ဦးနှောက်ကိုထိတဲ့အတွက် လေဖြတ်သလိုပဲ နောက်ဆက်တွဲ ဆိုကျိုးတွေကျန်တတ်ပါတယ်" ဟု ဒေါက်တာ ဒေါ်ခင်ချိုအေးမှ ရှင်းပြသည်။

        ရာသီဥတုအလွန်ပူပြင်းချိန်၌ ခန္ဓာကိုယ်တွင်းတွင် အလိုလိုနေရင်းနှင့်ရေဓာတ်ဆုံးရှုံးနိုင်သည်။ ထိုအခါ ရေများများသောက်ပေးရန်လိုအပ်သည်။ ထို့ပြင်အပူဒဏ်ကြောင့် ချေွးထွက်လွန်လာပါက ရေအပြင် ဓာတ်ဆားပါတွဲသောက်ပေးရမည်။ အယ်နီညိုရာသီဥတုတွင် အဝတ်အစားအရောင်ဖျော့ဖျော့ဝတ်ဆင်ခြင်း၊  ပွပွချောင်ချောင် ချည်ထည်များဝတ်ဆင်ခြင်း၊ နေရောင်ကာကွယ်သည့် ဦးထုပ်၊ ထီးတို့ကို ဆောင်ထားခြင်းဖြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်းသိရသည်။

        "အပူဒဏ်ကြောင့်ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ အော့အန်ခြင်း၊ ကယောင််ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်နိုင်ပါတယ်။ အဲ့ခါကျရင် နီးစပ်ရာဆေးရုံဆေးခန်း ကို အမြန်ဆုံးသွားသင့်ပါတယ်။ ရောဂါလက္ခဏာပြနေချိန် အတွင်း ဆေးရုံဆေးခန်းမသွားခင်နဲ့ သွားနေတဲ့ လမ်းတစ်လျှောက်မှာလည်း လူနာကို ရေနဲ့ဓာတ်ဆားဝင်အောင်တိုက်ပြီး နဖူးချိုင်းကြားနဲ့ ပေါင်ကြားတွေ ကို ရေပတ်ဝတ်တင်ပြီး အရေးပေါ်စောင့်ရှောက်မှုတွေကို လုပ်သွားသင့်ပါတယ်။ လူတိုင်းကတော့ အပူဒဏ်ကို ခံစားရမှာပါ။ အဲ့ထဲမှာမှ အဆိုးဝါးဆုံးဖြစ်နိုင်တာက သက်ကြီးရွယ်အိုတွေနဲ့ 5 နှစ်အောက် ကလေးငယ်တွေပါ။ သူတို့ခန္ဓာကိုယ်မှာ အပူထိန်းစနစ်က သာမာန်လူလို မကောင်းနိုင်တဲ့အတွက် ပိုပြီးဂရုစိုက်သင့်ပါတယ်။ နောက်ပြီးသိပ်မကြာခင် ရောက်ရှိလာမယ့် သင်္ကြန်ကာလအတွက် အထူးသတိထားဖို့ လိုပါတယ်။ နေ့ခင်း 12 နာရီကနေ 2 နာရီအတွင်းဟာ ခရမ်းလွွန်ရောင်ခြည်အရမ်းမြင့်ပါတယ်။ အပူချိန်ကလည်း အရမ်းပြင်းတဲ့အတွက် အဲ့လိုအခိျန်မှာ အရက်သေစာသောက်စားထားရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။" ဟုဒေါက်တာခင်ချိုအေးမှ ပြောသည်။

        အဆိုပါအယ်နီညိုရာသီဥတုသည် 2015 ဒီဇင်ဘာလမှ စတင်ခဲ့ပြီး စဖြစ်သည့်ကာလမှစတင်၍ ရှေ့ 9 လ နောက် 9 လအထိ သက်ရောက်မှုရှိနိုင်ခြင်းကြောင်း 2016 စက်တင်ဘာလအထိ သတိထားရန် လိုအပ်ကြောင်းနှင့် ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသော အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက် များအား လိုက်နာဆောင်ရွက်သင့်ကြောင်းသိရသည်။

 

                                                                                                Chit Chit Khaing

www.drmyanmar.com