/
node/3953

ခြေထောက်များက ပြောပြနေတဲ့ သင့်ကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ခြေထောက်အခြေအနေဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ဖော်ပြနိုင်ပါတယ်။ ခြေထောက်တစ်ခုကို အဆစ်ပေါင်း 33 ခု၊ အရွတ်ပေါင်း 100၊ ကြွက်သား၊ နှလုံး၊ ကျောရိုးမကြီး၊ ဦးနှောက်တို့နှင့်  ဆက်သွယ်နေတဲ့အာရုံကြောများ၊ သွေးကြောများဖြင့် ဖွဲ့စည်းထားတာကြောင့် ခြေထောက်တွင် ထိခိုက်မှုတစုံတရာရှိပါက တခြားသော အင်္ဂါများတွင် ထိခိုက်မှု ရှိ/မရှိ စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။

1. ခြေထောက်ကြွက်တက်ခြင်း

           ခြေထောက်ကြွက်တက်ခြင်းဟာ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်ခြင်းနှင့် သတ္တုဓာတ်များ (ပိုတက်ဆီယမ်နှင့် ဆိုဒီယမ်ဓာတ်များ) နည်းနေခြင်းကို ညွှန်ပြနေပါတယ်။

     ချေွးထွက်များတဲ့ အလုပ်လုပ်နေစဉ်မှာဖြစ်စေ၊ ကြွက်သားများအားနည်း၍ အားစိုက်ရတဲ့အခါမှာဖြစ်စေ ကြွက်တက်နိုင်ပါ တယ်။ ဆီးဆေးများရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။ လမ်းလျှောက်နေစဉ်မှာ ကြွက်တက် ေ၀ဒနာကို ခံစားရတယ်ဆိုရင်တော့ သွေးစီးဆင်းမှုဆိုင်ရာ ပြဿနာတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဖိနပ်အမျိုးအစား ကလည်း အရေးကြီးပါတယ်။ ဖိနပ်အပါးစီးနေသူတစ်ယောက်က ရုတ်တရက် ဒေါက်ဖိနပ်ပြောင်းစီးလိုက်ပါက ကြွက်တက်ခြင်းကို ခံစားရနိုင်ပါတယ်။

 

2. ခြေမကြီးမားလာခြင်း

           ခြေမဟာ အလွန်အမင်း နာကျင်ပြီး နီမြန်းရောင်ရဲနေပါက သွေးတွင်းရှိ ယူရစ်အက်ဆစ်ပမာဏကို စစ်ဆေးသင့်ပါတယ်။ သွေးထဲတွင် ယူရစ်အက်စစ်ပမာဏများပြားလာခြင်းကြောင့် ဂေါက်ရောဂါ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ခြေမတွင်အဖြစ် များပြီး အ၀လွန်ခြင်း၊ အရက်သောက်ခြင်း၊ အသားအစားများခြင်း စတဲ့အချက်တွေက ဂေါက်ရောဂါဖြစ်ဖို့ တွန်းအားပေးတဲ့ အချက်တွေဖြစ်ပါတယ်။

 

3. ခြေဖျားအေးစက်ခြင်း

          ခြေထောက်အေးစက်နေခြင်းက သွေးစီးဆင်းမှုမကောင်းခြင်း၊ ဆီးချိုသွေးချိုရှိခြင်း၊ သိုင်းရွိုက်ဟော်မုန်းများ နည်းခြင်းနှင့် သွေးအားနည်းတဲ့ ကျန်းမာရေးပြဿနာတွေကို ညွှန်ပြနေပါတယ်။ ခြေထောက်များအနီရောင်မှ အဖြူရောင်၊ အဖြူရောင်မှ အပြာရောင်ကို ပြောင်းသွားတယ်ဆိုရင်တော့ Raynaud's Disease ရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ Raynaud's Disease ဟာ အအေးဓာတ်ကို အာရုံကြောတွေကအလွန်အမင်း တန်ပြန်ခြင်းကြောင့် သွေးကြောများကျဉ်းမြောင်းသွားတဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။

 

4. ခြေထောက်ရောင်ရမ်းခြင်း

          ခြေထောက်ရောင်ရမ်းခြင်းဟာ သွေးလည်ပတ်မှုမကောင်းခြင်း၊ နှလုံးရောဂါ၊ ကျောကပ်နှင့် အသဲပျက်စီးမှု၊ သွေးစီးကြောင်းအတွင်း သွေးခဲပိတ်ဆို့မှုနှင့် အရေပြားအတွင်း ရောဂါပိုးကူးစက်ခံရခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ အညိုအမဲစွဲတာနဲ့ ရောင်ရမ်းတာပေါင်းနေပြီဆိုရင်တော့ အဆစ်လွဲတာ (သို့) အရိုးကျိုးတာ ဖြစ်နိုင်ပါတယ်။ တခါတရံမှာ ကမ်ဘာမြေကြီးရဲ့ ဆွဲအားကြောင့်လည်း ခန္ဓာကိုယ်အောက်ခြေတွင် အရည်များစုပုံခြင်းကြောင့်လည်း ခြေထောက်ရောင်ရမ်းနိုင်ပါတယ်။

          ထိုင်ရာတွင် ခြေထောက်ကိုမြောက်၍ ထိုင်ခြင်း၊ ခြေထောက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဆားလျှော့စားခြင်း၊ ချောင်ချိသော အ၀တ်အစားများကိုသာ ၀တ်ဆင်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်း စတဲ့နည်းလမ်းတွေက ခြေထောက်ရောင်ရမ်းခြင်းကို သက်သာစေဖို့အတွက် အထောက်အကူပြုတဲ့နည်းလမ်းတွေဖြစ်ပါတယ်။

 

5. ခြေမရှိ အဆစ်များကိုက်ခဲခြင်း

          Rheumatoid arthritis (အရိုးဆစ်ရောင်ရမ်းနာ) ရဲ့ ရောဂါလက္ခဏာတွေဟာ ခြေလက်တွေမှာ ဦးဆုံးဖြစ်လေ့ရှိပြီး အဆစ်အမြှေးပါး၊ အရွတ်၊ အကြော၊ အရွတ်ဖုံးအရည်အိတ်စတာတွေကိုပါ ထိခိုက်စေတာကြောင့် ကိုယ်လက်လှုပ်ရှားနိုင်စွမ်းကို လျော့ကျစေပါတယ်။ ခြေလက်ပုံစံပျက်ယွင်းမှုများရှိလာနိုင်ပြီး အရိုးဟာပျော့ပြောင်းလာတာကြောင့် အရိုးကျိုးခြင်းနှင့် အရိုးတခု နှင့်တခု ထပ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ အနာယူခြင်း၊ ရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေးသုံးစွဲခြင်းဖြင့် နာကျင် ရောင်ရမ်းမှုကို လျော့ချနိုင်ပါတယ်။

 

6. Food drop (ခြေကျခြင်း)

          ခြေထောက်ကွေးညွတ်နေတဲ့ ကြွက်သားများ အကြောသေခြင်းကြောင့် Food drop ရှိတဲ့ လူတွေရဲ့ခြေထောက် အရှေ့ပိုင်းဟာ အပေါ်သို့ကြွတက်နိုင်ခြင်းမရှိပါဘူး။ Food drop ဟာ ကြွက်သားဆိုင်ရာ ရောဂါ၊ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာရောဂါနဲ့ ကိုယ်ခန္ဓာနဲ့ အင်္ဂါအစိတ်အပိုင်းဆိုင်ရာ ရောဂါတခုခုရှိနေခြင်းရဲ့ လက္ခဏာတရပ်ဖြစ်ပါတယ်။ Multiple Sclerosis (နာတာရှည်နာဗ်ကြောဖွဲ့ရောဂါ) ရှိသူနှင့် လေဖြတ်ထားသူတွေမှာ Food drop ဖြစ်နိုင်ပါတယ်။

          ဖြစ်စေတဲ့ရောဂါပေါ်မူတည်ပြီး ရောဂါကုထုံးနဲ့ ရလဒ်ကွဲပြားနိုင်ပါတယ်။ ခြေထောက်ကို ပုံမှန်အတိုင်းရှိစေရန် သိုင်းကြိုး အသုံးပြုခြင်း၊ လမ်းလျှောက်မှုပုံစံမမှန်ခြင်းအတွက် ကာယကုထုံးဖြင့် ကုသခြင်း၊ အာရုံကြောကို လှုံ့ဆော်ပေးခြင်းနည်းတွေကို အသုံးပြုနိုင်ပါတယ်။ လိုအပ်ပါက ခွဲစိတ်မှုပြုလုပ်နိုင်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com