/
node/4133

ဆေးသကြားကြောင့် ပုံမှန်ထက် အစာပိုစားစေနိုင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကိုယ်အလေးချိန်လျှော့ချရာမှာ အသုံးပြုလေ့ရှိတဲ့ ဆိုဒါကဲ့သို့ စားသောက်ကုန်များမှာ ပါဝင်တဲ့ ဆေးသကြားဓာတ်ဟာ လူနှင့်လူ့ဦးနှောက်ကို ဆာလောင်စေတဲ့ ခံစားမှုမျိုးဖြစ်ပေါ်စေတယ်လို့ သုတေ သီတို့ကို ပြောကြားလိုက်ပါတယ်။ ဆေးသကြားကဲ့သို့သော လူတို့စီမံဖန်တီးပြုလုပ်ထားတဲ့ အချိုဓာတ် ဖြစ်ပေါ်စေတဲ့ဓာတ်ပစ္စည်းတွေဟာ ဦးနှောက်ရဲ့ အစာစားချင်စိတ်ကိုထိန်းညှိမှုအပေါ်နဲ့ လျှာအရသာ ခံမှုအပေါ် လွှမ်းမိုးသက်ရောက်မှုရှိတယ်လို့ သြစတြီးယားမှ သုတေသီတို့က ရှင်းလင်းပြောကြားခဲ့ ပါတယ်။

         သကြားဓာတ်မပါဝင်တဲ့စားသောက်ထုတ်ကုန်တွေဟာ ထင်ထားသလို ကိုယ်အလေးချိန် အပေါ်သက်ရောက်မှုမရှိတာမဟုတ်ဘူးလို့ Garvan Institute ဆေးသုတေသနဌာနမှ ပါမောက္ခ Herbert Herzog က ပြောကြားခဲ့ပါတယ်။ ယခုလေ့လာမှုကို Garvan Institute နှင့် ဆစ်ဒနီ တက္ကသိုလ်မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး သိပ္ပံပညာရှင်တွေဟာ ပထမဦးစွာ သစ်သီးစားတဲ့ ယင်ကောင်တွေကို လေ့ လာခဲ့ပါတယ်။ Sucralose ဆေးသကြားဓာတ်ကို ယင်ကောင်တွေရဲ့အစာထဲမှာ ငါးရက်ထက်ပိုပြီး ထည့်ပေးခဲ့တာမှာ ယင်ကောင်တွေဟာ သဘာဝအတိုင်းချိုတဲ့အစာတွေကို စားတာထက် ကယ်လိုရီစွမ်းအင် ၃၀ရာခိုင်နှုန်းပိုပြီး စားသောက်ခဲ့တာကို တွေ့ရပါတယ်။ အလားတူ စမ်းသပ်မှုကို ကြွက်တွေမှာ ပြုလုပ်ခဲ့ ရာမှာလည်း အစားပိုစားလာတာကို တွေ့ရပြန်ပါတယ်။ ဆေးသကြားဓာတ်ကို ကြာရှည်စားသုံးတဲ့အခါမှာ တကယ့်သကြားဓာတ်အစစ်ရဲ့ ချိုမြိန်တဲ့အရသာကို အမှန်တကယ် ပိုချိုလာစေပြီးနောက်ပိုင်း တိရစၦာန်တွေကိုအစာပိုစားချင်စိတ်ဖြစ်စေတယ်လို့ လေ့လာမှုမှာ ပါဝင်ခဲ့သူ ဆစ်ဒနီတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Greg Neely ကပြောကြားခဲ့ပါတယ်။

         တိရစၦာန်တွေမှာသာမက လူတွေမှာလည်းရှိတဲ့ အာရုံကြောအဖွဲ့အစည်းစနစ်တစ်ခုက ဆေးသ ကြားဓာတ်ကို တုံ့ပြန်ရာမှာ လုံလောက်တဲ့ကယ်လိုရီစွမ်းအင်မရရှိသေးဘူးဆိုတဲ့ စိတ်ခံစားချက်ဖြစ်စေ တယ်လို့ သုတေသီတို့က ဆိုပါတယ်။ အဲဒီအခါမှာ ကယ်လိုရီတွေ(အစားအသောက်တွေ)ကို ပိုမိုစားသောက်ဖို့ ဦးနှောက်က တိုက်တွန်းပါတယ်။ ယခုတွေ့ရှိတဲ့ အာရုံကြောစနစ်ဟာ အစာငတ်နေတဲ့ အချိန်မှာ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို အရသာပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးတဲ့ စနစ်ရဲ့အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အစာမစားဘဲနေတဲ့အချိန်၊ အစာငတ်နေတဲ့ အချိန်တွေမှာ ဖြစ်ပေါ်တတ်တဲ့ တက်ကြွလှုပ်ရှား ဂဏှာမငြိမ်တာ၊ အိပ်မပျော်တာ၊ နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်တာစတဲ့ လက္ခဏာပုံစံ တွေကိုလည်း ဆေးသကြားဓာတ်က လှုံ့ဆော်ပေးတယ်လို့ သုတေသီများက ကောက်ချက်ချခဲ့ပါတယ်။

        သုတေသနများ ထပ်မံလုပ်ဆောင်ပြီးလို့ ယခုတွေ့ရှိချက်သာ မှန်ကန်ခဲ့မယ်ဆိုရင် လူသားတွေအတွက် အများကြီးအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ တစ်ကမ်ဘာလုံးမှာရှိတဲ့ ဘီလီယံနဲ့ ချီတဲ့လူတွေ ဟာ ဆေးသကြားဓာတ်တွေပါတဲ့ အစားအသောက်တွေကို စားသောက်နေကြပါတယ်။ အဝလွန်သူတွေနဲ့ ကိုယ်အလေးချိန်များနေသူ အများအပြားဟာ အချိုဓာတ်စားသုံးမှုကိုလျှော့ချပြီး ကိုယ်အလေး ချိန်လျော့ကျနိုင်ဖို့အတွက် ဆေးသကြားကို အစားထိုးသုံးစွဲနေကြပါတယ်။

         အာဟာရပညာရှင် Susan Weiner ကလည်း အစားအသောက်မှ ကယ်လိုရီဓာတ် ပိုမိုစားသုံးခြင်းအတွက် အခြားဖြစ်နိုင်ခြေရှိတဲ့ ရှင်းလင်းတင်ပြချက်များလည်းရှိနိုင်ပြီး ယခုလေ့လာ မှုဟာ ကောင်းမွန်သောအစပျိုးမှု ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ နောက်ထပ် လေ့လာမှုများကို လည်း မျှော်လင့်ကြောင်း၊ လူတစ်ဦးနှင့်တစ်ဦးမတူသည့်အတွက် ဦးနှောက်မှ ဆေးသကြားဓာတ်ကို တုံ့ပြန်ပုံ ချင်းလည်း တူညီချင်မှတူညီမည်ဖြစ်ကြောင်း၊ မျိုးရိုးဗီဇကလည်း အဝလွန်မှုတွင်ပါဝင်ကြောင်း၊ မိမိနှင့် တိုင်ပင်သူများကို ဆေးသကြားသုံးစွဲခွင့်ပြုသော်လည်း အနည်းငယ်သာ စားခိုင်းကြောင်း၊ ဆေးသကြား က ကိုယ်အလေးချိန်ကို မလျော့ကျစေဘဲ ရေများများသောက်ခြင်းကသာ ကိုယ်အလေးချိန် လျော့ကျ ရန်နှင့် သကြားအချိုဓာတ်စားသုံးမှုလျှော့ချရန် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့လည်း ၄င်းက ပြောကြားခဲ့ပါတယ်။

 

Dr. Thanda Lin

www.drmyanmar.com