/
node/4198

အင်ပျဉ်၊ ယားနာ ဘာကြောင့်ဖြစ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        သောက်တဲ့ဆေးဝါး၊  စားတဲ့အစားအစာ စတဲ့တစုံတခုနဲ့ဓာတ်မတည့်ခြင်းဖြစ်ပါက  အင်ပျဉ်၊ ယားနာ တွေ ထွက်လာနိုင်ပါတယ်။  အစားအစာကြောင့်ဖြစ်စေတဲ့  ဓာတ်မတည့်တာဖြစ်ရခြင်းဟာ  လူတစ်ယောက်ချင်းစီအလိုက်ကွဲပြားစေနိုင်သလို ဆေးနဲ့ဓာတ်မတည့်ခြင်းဖြစ်တယ်ဆိုရာမှာလည်း ဆေးတစ်မျိုးကပဲ လူတစ်ယောက်နဲ့တစ်ယောက်အပေါ်သက်ရောက်ပုံခြင်း ကွာခြားနိုင်ပါတယ်။  တစ်စုံတစ်ယောက်မှာ ဆေးကြောင့်ကောင်းကျိုးရှိသွားစေနိုင်တယ်ဆိုပေမယ့်  နောက်တစ်ယောက်မှာက ဆေးနဲ့ဓာတ်မတည့်ခြင်းကြောင့်  ဆိုးကျိုးဖြစ်သွားတယ်ဆိုတာမျိူး ဖြစ်တတ်ပါတယ်။

         ဒါကြောင့် တစ်ကြိမ်ဓာတ်မတည့်ခြင်းဖြစ်ဖူးတယ်ဆိုပါက   မည်သည့်အရာနှင့်ဓာတ်မတဲ့ရသလဲဆိုတာကို အဖြေရှာကာ  နောက်တစ်ကြိမ်မခံစားရအောင်  မိမိနဲ့မတည့်တဲ့ဆေးဝါး၊  အစားအစာကို  မှတ်သားထားသင့်ပါတယ်။  ပင်နီစလင် (Penicillin) ၊ ဆာလဖာ (Sulphur) စတဲ့ဆေးတွေဟာ လူအချို့နဲ့ ဓာတ်မတည့်တတ်တဲ့ဆေးဝါးတွေဖြစ်ပြီး ဓာတ်မတည့်ခြင်းဖြစ်လေ့ရှိတဲ့အစားအစာတွေမှာတော့ မြေပဲ၊ အခွံမာသီး၊ ပဲတောင့်ရှည်၊ ဥများ၊ ချောကလက်၊ စတော်ဘယ်ရီသီး၊ အခြားသော ဘယ်ရီသီးများ၊ ဟင်းခတ်အမွှေးအကြိုင်၊ ရေချိုငါး၊  ပင်လယ်စာ၊  နို့၊ ဂျုံ၊  ချိစ်၊ ခရမ်းချဉ်သီးတို့ပါ၀င်ပါတယ်။ 

        ဓာတ်မတည့်ခြင်းဖြစ်တဲ့အခါ ကိုယ်ခံအားစနစ်ကနေ Histamin ဟုခေါ်သော ဓာတ်တစ်မျိူးထွက်လာပါတယ်။ ၄င်းဓာတ်က သွေးကြောတွေကိုဖောင်းကားလာစေပြီး  ဖောင်းလာတဲ့သွေးကြောထဲက အရည်များစိမ့်ထွက်လာကာ  ယင်းအရည်များဟာ ဖောင်းကြွနီမြန်းလာတဲ့အဖုအပိမ့်တွေအောက်မှာ သွားစုစေပါတယ်။

        ဓာတ်မတည့်ခြင်းကြောင့်နှုတ်ခမ်း၊ လည်ချောင်းမှာဖြစ်ပေါ်တဲ့ အင်ပျဉ်တွေကြောင့် အစာမျိုချရခက်ခဲတာ၊  အသက်ရှူရခက်တာတွေဖြစ်တတ်ပြီး အဖုအပိမ့်တွေ ခန္ဓာကိုယ်တစ်လျှောက်ပျံ့နှံ့နှုန်းများလာပါက ရောင်ရမ်းတာ၊ မူးေ၀တာနဲ့  သတိလစ်တာတွေတောင် ဖြစ်စေနိုင်ပါတယ်။

       ပြင်းထန်တဲ့  အင်ပျဉ်၊ ယားနာတွေ ပျောက်ကင်းဖို့နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာကြာတတ်ပြီး အကြောင်းရင်းအတိအကျမရှိဘဲထွက်လာတဲ့ အင်ပျဉ်၊ ယားနာတွေဆိုရင်တော့ ရက်သတ္တပတ်ပေါင်းများစွာ၊  လပေါင်းများစွာ ကြာရှည်ကာနာတာရှည်သဘောမျိုးဖြစ်တတ်ပါတယ်။

       ဓာတ်မတည့်မှုဖြစ်ပေါ်ပါက Histamin တားဆေးသောက်ခြင်း၊ Hydrocortisone  cream  လိမ်းခြင်း၊ ရေကြက်သီးနွွေး ဒါမှမဟုတ်  ရိုးရိုးရေထဲမှာ   မုန့်ဖုတ်ဆိုဒါ  ဒါမှမဟုတ်  အုတ်ဂျုံထည့်ကာ ရေချိုးခြင်းဖြင့်  အင်ပျဉ်၊ ယားနာကို သက်သာအောင်လုပ်သင့်ပြီး၊ ပျားတုတ်ခံရခြင်း သို့မဟုတ် ပိုးမွှားကိုက်ခံရပြီးနောက်ဖြစ်ပေါ်လာတဲ့ ယားနာ၊ အင်ပျဉ်ကိုတော့  ဆရာ၀န်နှင့် သွားရောက်ပြသသင့်ပါတယ်။ 

 

Cho Thet

www.drmyanmar.com