တံတွေးက ခန္ဓာကိုယ်အတွက် အသုံး၀င်သလား
နာဖာချေးအကြောင်းရေးပြီးပြီဆိုတော့ အခုအခါမှာတော့ တံတွေးအကြောင်းကိုဖော်ပြပေးဖို့ စဉ်းစားမိပါတယ်။ တံတွေးဘာကြောင့်ထွက်လဲ၊ တံတွေးမှာဘာတွေပါသလဲဆိုတာကို စဉ်းစားကြည့်ဖူးပါသလား။ နာဖာချေးလိုပဲတံတွေးမှာလည်း စိတ်၀င်စားစရာ အချက်တွေရှိပါတယ်။ လေ့လာကြည့်ရအောင် -
1. တစ်နေ့ကိုတံတွေးဘယ်လောက်ထွက်လဲ
ခံတွင်းအတွင်းမှာတံတွေးထုတ်ပေးနိုင်တဲ့ ဂလန်းသုံးခုရှိပါတယ်။ ၎င်းဂလန်း 3 ခုမှ တစ်နေ့ကို တံတွေး 1 လီတာကနေ 2 လီတာထိထုတ်ပေးပါတယ်။
2. တံတွေးမှာ ဘာတွေပါ၀င်နေသလဲ
တံတွေးမှာ ပါ၀င်ပစ္စည်းတွေရဲ့ 99 ရာခိုင်နှုန်းက ရေဖြစ်ပါတယ်။ အခြားသောပါ၀င်ပစ္စည်းတွေကတော့ သတ္တုဓာတ်၊ အင်ဇိုင်း၊ ပရိုတင်နှင့် ချွဲတွေဖြစ်ပါတယ်။
3. တံတွေးက ကျန်းမာရေးအတွက် အထောက်အကူပြုပါသလား
အမှန်ပါဘဲ။ တံတွေးမှာပါ၀င်တဲ့ ရေနဲ့အခြားသောပစ္စည်းတွေက အစာတွေ အလွယ်တကူမျိုချဖို့နဲ့ အစာချေဖျက်ဖို့ ကူညီပေးပါတယ်။ ခံတွင်းအတွင်းရှိရောဂါပိုးတွေကို ပျက်ဆီးစေတာကြောင့် ခံတွင်းကို သန့်ရှင်းစေပါတယ်။ သွားများကိုလည်း ကာကွယ်ပေးပါတယ်။ ခံတွင်းမှာစိုစွတ်နေတဲ့တံတွေးကြောင့် အစားအစာများကိုဝါးစားရာမှာ ပိုမိုလွယ်ကူစေပါတယ်။ တံတွေးကြောင့်အရသာကိုသိရတာဖြစ်ပါတယ်။ တံတွေးမှာ အက်ဆစ်ဓာတ်ပျက်ပြယ်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။
တံတွေးဟာ အစာခြေစနစ်အတွက် အရေးပါတဲ့ကဏ္႑ကနေ ပါ၀င်နေတာကြောင့် တံတွေးပမာဏ လုံလုံလောက်လောက်ထွက်ရှိဖို့ အရေးကြီးပါတယ်။ တံတွေးဂလန်းများမှ လုံလောက်တဲ့ပမာဏထုတ်ပေးနိုင်အောင် ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။
4. ဘယ်လိုအခြေအနေတွေက တံတွေးအထွက်နည်းစေသလဲ
- ဆီးချိုရောဂါရှိခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်း
- ဆေးလိပ်သောက်ခြင်း
- တံတွေးပြွန်များတွင် ပြဿနာရှိနေခြင်း
- ကင်ဆာကုထုံးခံယူခြင်း
- စိတ်ကျရောဂါကုဆေးဝါးများသောက်သုံးခြင်း
5. ဘယ်လိုအချိန်တွေမှာတံတွေးအထွက်များသလဲ
- ကိုယ်၀န်ရှိခြင်း
- အပူအစပ်နှင့် အက်စစ်ဓာတ်ရှိသော အစားအစာများ စားသုံးခြင်း
- ပါကင်ဆန်ရောဂါ (Parkinson’s disease) ရှိခြင်းနှင့် အချို့သော ဆေးဝါးများမှီ၀ဲခြင်း
6. တံတွေးအထွက်များအောင် ဘယ်လိုလုပ်မလဲ?
အလွယ်ကူဆုံးနည်းလမ်းကတော့ ရေများများသောက်ဖို့ပါပဲ။ နောက်ပြီး သကြားမပါတဲ့ ပီကေ (Sugar-Free gum) ကို ဝါးပေးနိုင်ပါတယ်။ ပီကေဝါးလေ တံတွေးပိုထွက်လေဖြစ်ပါတယ်။ အရက်၊ ကော်ဖီ၊ အငန်ဓာတ် ဒါမှမဟုတ် အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။
Dr. Htet Htet Aung




























