/
node/4497

ဗိုက်ခွဲမွေးထားသောမိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        ဗိုက်ခွဲမွေးဖို့ စီစဉ်ထားသူများအနေနဲ့ ဗိုက်ခွဲမွေးပြီးနောက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလေးတွေကို သိထားသင့်ပါတယ်။ ဒါကြောင့် ဗိုက်ခွဲမွေးထားတဲ့ မိခင်များကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဘယ်လိုအခြေအနေမျိုးတွေမှာ ဆရာ၀န်နဲ့စောလျင်စွာပြသသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

1. မိန်းမကိုယ်မှ သွေးဆင်းခြင်း

        ဗိုက်ခွဲမွေးပြီးနောက်  6 ပတ်လောက်အထိ မိန်းမကိုယ်မှသွေးဆင်းခြင်းဖြစ်စေနိုင်ပါတယ်။ စစသွေးဆင်းချိန်မှာ အနီရောင်ဖြစ်နေမှာဖြစ်ပြီး သွေးခဲဖတ်လေးတွေတောင်ပါနိုင်ပါတယ်။ အဲဒီကမှ ပန်းရောင်(သို့)အညိုရောင်မှ အဝါရောင်(သို့)အဖြူရောင် အရည်များအဖြစ်သို့ တဖြည်းဖြည်းပြောင်းသွားမှာဖြစ်ပါတယ်။   အကယ်၍ သွေးဆင်းလွန်ခြင်း၊ သွေးခဲကြီးကြီးမားမား ပါရှိခြင်း၊ သွေးဆင်းခြင်းနဲ့အတူအနံ့ဆိုးများထွက်ခြင်း၊ 100.4F ထက်ကျော်လွန်လျက် ဖျားနာပါက ဆရာ၀န်နဲ့ပြသဖို့လိုပါတယ်။

 

2. နာကျင်ကိုက်ခဲခြင်း

        ဗိုက်ခွဲမွေးပြီးနောက် ရက်ပိုင်းအတွင်းမှာရာသီလာစဉ် နာကျင်ကိုက်ခဲသလိုမျိုး ခံစားရနိုင်ပါတယ်။ ယင်းကဲ့သို့နာကျင်ရခြင်းဟာ သွေးဆင်းမှုမလွန်ကဲစေရန်အတွက် သားအိမ်အတွင်းမှ သွေးကြောတွေကို ဖိအားသက်ရောက်စေခြင်းကြောင့်ဖြစ်ပါတယ်။ အကယ်၍ ဖျားနာခြင်း၊ သည်းမခံနိုင်လောက်တဲ့အထိ ၀မ်းဗိုက်နာခြင်းတို့ခံစားရပါက သားအိမ်အတွင်း ရောဂါကူးစက်မှုကြောင့် ဖြစ်နိုင်တဲ့အတွက် ဆရာ၀န်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

 

3. ရင်သားနာကျင်ခြင်း

        ဗိုက်ခွဲမွေးပြီးနောက်ရက်အတန်ကြာမှာ ရင်သားတင်းနေခြင်းကို ခံစားမိမှာပါ။ ထိုသို့ဖြစ်ပါက breast pump အသုံးပြုခြင်း၊ ရေနွေး၀တ်ကပ်ခြင်း၊ ရေနွေးနွေးဖြင့် ရေချိုးပေးခြင်းတို့ပြုလုပ်ပေးပါက နို့ရည်ထွက်စေပြီး ရင်သားတောင့်တင်းမှုကို သက်သာစေနိုင်ပါတယ်။ ရင်သားနီမြန်းခြင်း၊ အထိမခံနိုင်သည်အထိ နာကျင်နေခြင်း၊ ရင်သားတစ်ဖက်ပိုပြီးကြီးကာ ရောင်ရမ်းခြင်းတို့ခံစားရပါက ကူးစက်ပိုး၀င်ရောက်တဲ့လက္ခဏာဖြစ်တာကြောင့် ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။

 

4. နို့ရည်စိမ့်ထွက်ခြင်း

          နို့ချိုတိုက်ကျေွးနေသူမိခင်များအနေနဲ့ နို့ရည်စိမ့်ထွက်ခြင်းမှကာကွယ်ရန် ဘရာဇီယာအတွင်းဘက်တွင် nursing pad ခံပြီး၀တ်ဆင်ပါ။ နို့တခါတိုက်ကျေွးပြီးတိုင်း pad နောက်တစ်စုံလဲပေးသင့်သလို pad စိုလာတဲ့ အချိန်မှာလဲပေးဖို့ nursing pads အပိုကို အပြင်သွားရင် ဆောင်ထားဖို့လိုအပ်ပါတယ်။

 

5. ဆံပင်ကျွတ်ခြင်းနှင့် အရေပြားအရောင်ပြောင်းလဲခြင်း

         မီးဖွားပြီးနောက် ဆံသားအသစ်များထွက်ပေါ်လာခြင်းမရှိတော့တဲ့အပြင် ဆံပင်ကျွတ်လာခြင်းနဲ့တောင် ကြုံတွေ့ရမှာပါ။ ဒါပေမယ့် 6 လ အတွင်းဆံပင်ကျွတ်ခြင်း သိသိသာသာနည်းပါးလာမှာပါ။ ယင်းအချိန်ကာလအတွင်းမှာ ဗိုက်ကြောပြတ်ရာများ အနီရောင်မှငွေရောင်သို့ တဖြည်းဖြည်းဖျော့လာမှာဖြစ်ပြီး မျက်နှာပေါ်မှာအမည်းစက်၊ အစက်အပြောက်တွေလည်း လျော့ပါးသွားမှာဖြစ်ပါတယ်။ ဗိုက်ခွဲမွေးပြီးစချိန်မှာ ခွဲစိတ်ရာကမို့ဖောင်းနေပြီး ပင်ကိုအသားအရေအတိုင်းတပြေးညီမဖြစ်ဘဲ ပန်းရောင်သန်းကာရက်သတ္တပတ် 3 ပတ်မှ 3 ပတ်ကျော် ကြာသည်အထိ ခွဲစိတ်ရာက နုနေမှာပါ။ အချိန်အတိုင်းအတာတစ်ခုအထိ ကျော်လွန်သွားပါက ခွဲစိတ်ရာချပ်သွားပြီး ပင်ကိုအသားအရေနဲ့ တပြေးညီတူညီသွားမှာဖြစ်ပါတယ်။

 

6. စိတ်နေစိတ်ထားပြောင်းလဲခြင်း

        စိတ်တိုစိတ်ဆတ်ခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ မကြာခဏခံစားရလေ့ရှိတတ်ပါတယ်။ ပထမဆုံးအကြိမ် ကလေးမွေးဖူးသူမိခင်လောင်းတွေအနေနဲ့ စိတ်အားငယ်ခြင်းကို 1 ပတ်မှ 2 ပတ်ကြာသည့်တိုင်အောင် ကြုံတွေ့ရနိုင်ပါတယ်။ ယင်းကဲ့သို့ မကောင်းတဲ့ စိတ်ခံစားချက်မျိုးဖြစ်ပေါ်လာပါက ခင်ပွန်းသည်၊ မိသားစု၀င်တွေနဲ့ သူငယ်ချင်းတွေကိုဖွင့်ဟပြောဆိုသင့်ပြီး တချိန်လုံး၀မ်းနည်းပူဆွေးနေပြီး မျှော်လင့်ချက်ကင်းမဲ့နေသလိုခံစားရပါက ဆရာ၀န်ပြသင့်ပါတယ်။

 

7. စိတ်ဓာတ်ကျခြင်း

          ခံတွင်းပျက်ခြင်း၊ ပင်ပန်းနွမ်းနယ်ပြီး နုံးခွေနေခြင်း၊ စိတ်မအီမသာဖြစ်ပြီး ဖိစီးမှုများကာ အလွန်အမင်းစိတ်အားငယ်နေခြင်း၊ တစ်ယောက်တည်းသီးသန့်နေလိုခြင်းတို့ခံစားရခြင်းဟာ မီးဖွားပြီးချိန်ကြုံတွေ့ရတတ်တဲ့ စိတ်ကျရောဂါပါ။ အကယ်၍ စိတ်ခံစားချက်အခြေအနေက အလိုအလျောက် သက်သာသွားခြင်းမရှိပါက ဆရာ၀န်နဲ့ပြသဖို့လိုအပ်ပါပြီ။

 

8. ကိုယ်အလေးချိန်ကျခြင်း

        မီးဖွားပြီးချိန်မှာကိုယ်အလေးချိန် 10 ပေါင်ကျော်လောက် ကျသွားနိုင်သလို ပြန်လည်ကျန်းမာအောင် အားမွေးနေချိန်မှာလည်း ခန္ဓာကိုယ်မှ မလိုအပ်တဲ့ အရည်တွေကိုစွန့်ထုတ်ပစ်တာကြောင့် ပေါင်ချိန်ကျသွားဦးမှာဖြစ်ပါတယ်။

 

9. ဗိုက်ခွဲရာအားပြုစုကုသခြင်း

-    ရေချိုးတဲ့အခါ နူးညံ့တဲ့ဆပ်ပြာအမျိုးအစားကိုအသုံးပြုပါ။ ခွဲစိတ်ရာပေါ်တွင် ပွတ်သပ်ဆေးကြောခြင်းမျိုးမပြုသင့်ပါ။ ရေများခွဲစိတ်ရာပေါ် စီးကျသွားရုံဖြင့် ဒဏ်ရာသန့်စင်မှုလုံလောက်နေပါပြီ။

-    ရေစိမ်ချိုးခြင်း၊ ရေကူးခြင်းကို ဆရာ၀န်ဆီမှ ခွင့်ပြုချက်မရခင်အချိန်အထိ မပြုလုပ်သင့်ပါ။

 

10. ဗိုက်ခွဲမွေးပြီးနောက် အစားအစာနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုအားဂရုပြုခြင်း

-      မွေးကင်းစကလေးထက် အလေးချိန်ပိုသာတဲ့ မည်သည့်ပစ္စည်းကိုမှ 6-8 ပတ်အတွင်းသယ်ဆောင်ခြင်း၊ မခြင်းမပြုလုပ်သင့်ပါ။

-      လမ်းလျှောက်တာ၊ မတ်တတ်ရပ်တာကအစ ကိုယ်နေဟန်ထားမှန်ပါစေ။ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ရယ်မောခြင်းစတဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုတွေကို ခွဲစိတ်ရာအနီးရှိ ၀မ်းဗိုက်အပေါ် လက်နဲ့ အသာအယာဖိပြီး အရှိန်လျှော့ချပါ။ ဟက်ဟက်ပက်ပက်ရယ်မောခြင်း၊ အားစိုက်ရယ်မောခြင်းတို့ကိုရှောင်ကျဉ်ပါ။

-      အကောင်းဆုံးကတော့ 6-8 ပတ်အတွင်း ခန္ဓာကိုယ်အားပင်ပန်းစေမယ့် အလုပ်မျိုးမပြုလုပ်သင့်ပါ။ နောက်ပိုင်းမှ ပုံမှန်လှုပ်ရှားမှုလေးတွေ ပြုလုပ်သင့်ပါတယ်။ ခန္ဓာကိုယ်အား လှုပ်ရှားပေးခြင်းကြောင့် အနာကျက်မြန်စေပြီး သွေးခဲခြင်းမှကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

-      ကားမောင်းသူရဲ့နောက်မှာလိုက်ပါစီးနင်းလို့ရပေမယ့် ကိုယ်တိုင်ကားမောင်းခြင်းကိုတော့ 3 ပတ်ကျော်မှသာ စတင်သင့်ပါတယ်။

-      အစာကိုနည်းနည်းချင်းစီနဲ့ မကြာခဏသာစားသင့်ပြီး ကျန်းမာရေးနဲ့ညီညွတ်စေမယ့် သွားရေစာတွေကိုသာ ရွေးချယ်စားသင့်ပါတယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကိုများများစားပါ။ ရေ 8 ဖန်ခွက်အထက် သောက်ပါ။ ခန္ဓာကိုယ်မှာရေဓာတ်ပြည့်၀နေခြင်းကြောင့် ၀မ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်တဲ့အပြင် မွေးဖွားစဉ်နဲ့ နို့တိုက်ကျေွးစဉ်မှာဆုံးရူံးသွားတဲ့ အရည်များကို ပြန်လည်ဖြည့်တင်းပေးရာ ရောက်ပါတယ်။

 

CMS

www.drmyanmar.com