အသည်းရောင်အသားဝါ C ပိုးရှိတယ်ဆိုရင် သူတစ်ပါးကိုမကူးစက်အောင် ဘယ်လိုကာကွယ်နိုင်သလဲ
ကိုယ့်မှာ အသည်းရောင်အသားဝါ C ပိုးရှိတယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကို ကူးမှာစိုးရိမ်ကြပါလိမ့်မယ်။ အသည်းရောင် အသားဝါ C ပိုးက မကူးစက်လွယ်ပါဘူး။ အကာအကွယ်နည်းနည်းယူလိုက်တာနဲ့ တခြားသူတွေကို ကူးစက်မှာမဟုတ်တော့ပါဘူး။
♦ အသည်းရောင် အသားဝါ C ပိုး ဘယ်လို ကူးစက်နိုင်သလဲ၊ ဘယ်လိုနည်းတွေက မကူးစက်နိုင်ဘူးလဲ
အသည်းရောင် အသားဝါ C ပိုးက ပိုးရှိတဲ့သူရဲ့သွေးနဲ့ထိတွေ့မှုရှိမှသာ ကူးစက်နိုင်ပါတယ်။ အောက်ပါ နည်းလမ်းတွေကနေတစ်ဆင့် မကူးစက်နိုင်ပါဘူး။
- နှာချေ၊ ချောင်းဆိုးခြင်း
- ပွေ့ဖက်ခြင်း
- နမ်းခြင်း
- မိခင်နို့တိုက်ကျေွးခြင်း ( နို့သီးခေါင်းကွဲနေခြင်း၊ သွေးထွက်နေခြင်းမရှိလျှင်)
- အစာစားသောခွက်များ၊ ရေခွက်များအတူတူသုံးစွဲခြင်း
- အစားအစာအတူစားခြင်း၊ ရေအတူသောက်ခြင်း
- ပုံမှန်ထိတွေ့ဆက်ဆံခြင်း
နေ့စဉ်ထိတွေ့မှုတွေကနေမကူးစက်နိုင်တဲ့အတွက် တစ်အိမ်ထဲအတူနေတဲ့သူတွေကို ကူးစက်နိုင်တဲ့ရာခိုင်နှုန်းက အရမ်းကိုနည်းပါတယ်။
သွေးကနေတစ်ဆင့်ကူးစက်နိုင်တဲ့အတွက် အောက်ပါအချက်တွေကိုတော့ သတိထားရပါမယ်။
- ဘလိတ်ဓား၊ သွားတိုက်တံ၊ လက်သည်းညှပ်နှင့် သွေးထွက်စေနိုင်တဲ့အရာမှန်သမျှကို မျှဝေသုံးစွဲခြင်းမပြုပါနဲ့။ အနာတွေကို ပတ်တီးသေချာစည်းထားပါ။
- အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ တစ်သျှူးများ၊ အသုံးပြုပြီးသော ပတ်တီးစများ၊ သွေးပေနေသောအရာများအားလုံးကို သေချာစွာစွန့်ပစ်ပါ။
- ဆေးထိုးအပ်မျှဝေသုံးစွဲခြင်းမပြုပါနဲ့။
- သွေး၊ ခန္ဓာကိုယ်အစိတ်အပိုင်း၊ တစ်သျှူး၊ သုတ်ပိုးစသည်တို့ လှူဒါန်းခြင်းမပြုပါနဲ့။
♦ အသည်းအရောင် အသားဝါ C ပိုးရှိရင် လိင်ဆက်ဆံလို့ရပါသလား။
လိင်ဆက်ဆံခြင်းမှတစ်ဆင့်ကူးစက်နိုင်ပေမယ့် အရမ်းရှားပါတယ်။ လိင်ဆက်ဆံဖက်တစ်ဦးသာရှိတဲ့ စုံတွဲတွေမှာဆိုရင် ကူးစက်နိုင်ချေ အရမ်းနည်းပါတယ်။ ပါးစပ်နဲ့လိင်ဆက်ဆံရင် ကူးစက်တတ်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ ဒါကြောင့် တစ်လင်တစ်မယားသာရှိတဲ့ စုံတွဲတွေမှာဆိုရင် ကွန်ဒုံးသုံးဖို့မညွှန်ကြားပါဘူး။
လိင်ဆက်ဆံဖက်များရင်တော့ အကာအကွယ်သုံးရပါမယ်။ ကွန်ဒုံးသုံးခြင်းက အသည်းရောင်အသားဝါ C ပိုးကိုသာမက အခြားရောဂါတွေဖြစ်တဲ့ HIV နဲ့ B ပိုးတွေကိုလည်းကာကွယ်နိုင်ပါတယ်။
♦ အသည်းရောင် အသားဝါ C ပိုးရှိတဲ့ မိခင်မှကလေးသို့ ကူးစက်နိုင်ပါသလား။
ပိုးရှိတဲ့ကိုယ်ဝန်ဆောင်မိခင်ကနေ သနေ္ဓသားကိုကူးစက်နိုင်ပေမယ့် ကူးစက်နိုင်ချေနည်းပါတယ်။ ကူးစက်ရောဂါအဖွဲ့ကတော့ မိခင်မှကလေးသို့ ကူးစက်နှုန်းက 5% လောက်ပဲရှိတယ်လို့ ဆိုပါတယ်။ မွေးဖွားတဲ့ အချိန်မှာ ကူးစက်နိုင်တာဖြစ်ပါတယ်။ နို့သီးခေါင်းမှာ ကွဲနေတာ သွေးထွက်နေတာ မရှိဘူးဆိုရင် နို့တိုက်ရာမှ တဆင့် မကူးစက်နိုင်ပါဘူး။
ကူးစက်နိုင်ချေနည်းတယ်ဆိုပေမယ့် ကူးစက်ဖို့ဖြစ်နိုင်ချေများတဲ့သူတွေကို သွေးစစ်ကြည့်ဖို့တော့ တိုက်တွန်းပါ။ ဒါမှ ပိုးရှိ/မရှိစောစောသိနိုင်ပြီး ကုသမှုခံယူဖို့လိုရင်လည်းခံယူနိုင်မှာပါ။
Dr. Mya Myo Myo Swe




























