/
node/4775

အစာစားပြီးချိန်မှာ ဘာလို့ဗိုက်အောင့်အောင့်နေရသလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ဗိုက်အောင့်တယ်ဆိုတာအဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပြီးတော့ အများအားဖြင့် အချိန်ကြာလေ့မရှိပါဘူး။ အစာမှားပြီး ဗိုက်အောင့်ခြင်းကို လူတိုင်းလိုလို ခံစားဖူးကြမှာပါ။ ဒါပေမယ့် အစာစားပြီးတိုင်းမကြာခဏဗိုက်အောင့်နေတယ် (သို့) ဗိုက်အောင့်တာအရမ်းဆိုးတယ်ဆိုရင်တော့ ရောဂါတစ်ခုခုကြောင့်ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ပြဖို့လိုပါတယ်။

♦ ဘယ်လိုအောင့်တာလဲ

        ရောဂါအပေါ်မူတည်ပြီး ဗိုက်အောင့်တဲ့ပုံစံအမျိုးမျိုးရှိပါတယ်။ အစားများရင် ရင်ပြည့်ရင်ကယ်ဖြစ်တတ်ပြီး အစာအဆိပ်သင့်ရင် (သို့) ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် စူးခနဲထိုးထိုးပြီးအောင့်တတ်ပါတယ်။ ရင်ပူခြင်းကတော့ အနာ၊ အစာအိမ်ထဲမှ အက်ဆစ်ရေအပေါ်ပြန်တက်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

♦ ဘယ်အချိန်တွေမှာ အောင့်တတ်သလဲ

        ဗိုက်အောင့်တတ်တဲ့အချိန်ပေါ်မူတည်ပြီးလည်း ရောဂါကိုခန့်မှန်းနိုင်ပါတယ်။ အချို့သောအစားအစာတွေကို စားပြီးမှအောင့်လေ့ရှိရင် အဲဒီအစာတွေနဲ့မတည့်တာဖြစ်နိုင်ပါတယ်။ အစာစားပြီး နာရီအနည်းငယ်လောက်ကြာရင် အောင့်လာပြီး အစာစားလိုက်ရင် ခဏသက်သာသွားတာက အစာအိမ်အနာကြောင့်ဖြစ်နိုင်ပါတယ်။ အစာအဆိပ်သင့်ခြင်းက မသန့်ရှင်းတဲ့အစာတွေစားပြီး နာရီပိုင်းအတွင်း လက္ခဏာပြတတ်ပါတယ်။ အစာအိမ်ထဲက အက်ဆစ်တွေအစာပြွန်ထဲကို ပြန်တက်တာကတော့ အစားစာပြီး လဲှချလိုက်ရင် ရင်ပူသလိုခံစားရလေ့ရှိပါတယ်။ အစာတွေအများကြီးစားရင်လည်း ရင်ပူတတ်ပါတယ်။ အရက်က ရင်ပူခြင်းကိုပိုဆိုးစေပါတယ်။

♦ ဘယ်နေရာအောင့်တာလဲ

        အစာအိမ်နဲ့ အူကြောင့်အောင့်တာဆိုရင် ရင်ဘတ်ကနေချက်အထိနေရာတိုင်းမှာ အောင့်နိုင်ပါတယ်။ အစာစားပြီး ဗိုက်အောက်ပိုင်းက အောင့်တာနာတာက ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ပျို့ခြင်း စတဲ့လက္ခဏာတွေနဲ့တွဲဖြစ်ရင် အစာအဆိပ်သင့်တာ (သို့) ဝမ်းပျက်ဝမ်းလျှောဖြစ်တာဖြစ်နိုင်ပါတယ်။ အစာစားပြီး နာရီအနည်းငယ်ကြာမှ ဗိုက်အလယ်နားလောက်ကအောင့်ခြင်းကတော့ အစာအိမ်အနာကြောင့်ဖြစ်နိုင်ပြီး၊ သည်းခြေကျောက်တည်တာဆိုရင်တော့ ဗိုက်ရဲ့ညာဘက်အပေါ်နားက အောင့်လေ့ရှိပါတယ်။

♦ ရောဂါရှာဖွေခြင်း

        အများအားဖြင့်တော့ ရောဂါအကြောင်းမေးပြီး ဗိုက်နာရတဲ့အကြောင်းအရင်းကိုရှာဖွေနိုင်ပါတယ်။ အချို့သောပြဿနာတွေမှာတော့ ရောဂါသိနိုင်ဖို့ (သို့) ရောဂါအတိမ်အနက်ကိုသိဖို့အတွက် သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ တီဗွီဓာတ်မှန်ရိုက်ခြင်း၊ မှန်ပြောင်းကြည့်ခြင်း စတာတွေလုပ်ဖို့လိုအပ်ပါတယ်။

        အကြောင်းအမျိုးမျိုးကြောင့် အစာစားပြီး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပြီး အများစုကတော့ ပြဿနာမရှိပေ မယ့် အချို့က ရောဂါကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မကြခဏဗိုက်အောင့်မယ် (သို့) ဗိုက်အောင့်တာပိုဆိုးလာမယ်ဆိုရင် ဆရာဝန်နဲ့သေချာပြပြီး ရောဂါကိုရှာဖွေကုသဖို့ အရေးကြီးပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com