/
node/4855

သွေးပျစ်ခြင်းနှင့် ပတ်သက်သော သိမှတ်စရာအချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            သွေးဆိုတာ ရေထက်ပျစ်တယ်ဆိုပေမယ့် လိုတာထက် ပိုပြီးပျစ်လာရင်တော့ ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဖြစ်လေ့ဖြစ်ထ သိပ်မရှိပေမယ့် သွေးဆဲလ်အရေအတွက် အဆမတန်မြင့်မားခြင်း၊ သွေးခဲစေသောအခြေအနေများ၊ အလွန်အကျွံ သွေးခဲခြင်းစတဲ့ သွေးပျစ်တဲ့အခြေအနေတွေကို ဖြစ်စေတဲ့ရောဂါတွေ ရှိပါတယ်။ ဒီရောဂါတွေက ပြင်းထန်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အတွက် မြန်မြန်သိပြီး ကုသနိုင်ဖို့ အရေးကြီးပါတယ်။

 

1. သွေးဆဲလ်များ အလွန်အမင်း များပြားခြင်း

            အချို့သော သွေးကင်ဆာတွေမှာ သွေးဆဲလ်တွေ ထုတ်လုပ်မှုများလာစေတဲ့အတွက် သွေးအလွန်ပျစ်စေပါတယ်။ ဒီထဲမှာ အဖြစ်များဆုံးကတော့ polycythemia vera (PV) လို့ခေါ်တဲ့ သွေးဆဲလ် အထူးသဖြင့် သွေးနီဥ ထုတ်လုပ်မှုများတဲ့ရောဂါပဲ ဖြစ်ပါတယ်။ ဒီရောဂါက မျိုးရိုးဗေဒပြောင်းလဲမှုကြောင့်ဖြစ်ပြီး နှစ်အတော်ကြာမှ ဖြည်းဖြည်းချင်း ပိုဆိုးလာတတ်ပါတယ်။

            Non-Hodgkin lymphoma သွေးကင်ဆာတစ်မျိုးဖြစ်တဲ့ Waldenstrom macroglobulinemia ဆိုတာကတော့ ပဋိပစ္စည်းတွေ အလွန်အကျွံထုတ်လုပ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Myeloma လို့ခေါ်တဲ့ သွေးကင်ဆာကတော့ ပဋိပစ္စည်းတွေကို ထုတ်လုပ်တဲ့ သွေးဖြူဆဲလ်တစ်မျိုးဖြစ်တဲ့ သွေးရည်ကြည်ဆဲလ်တွေ မထိန်းချုပ်နိုင်အောင် ပွားများလာစေပါတယ်။ ဒီရောဂါတွေအားလုံးက သွေးတွေကို ပျစ်ခဲစေပြီး ပုံမှန်မဟုတ်တဲ့ ပဋိပစ္စည်းတွေ စုဝေးလာစေကာ ရောဂါပိုးကို တိုက်ဖျက်တဲ့ပဋိပစ္စည်းတွေကိုတော့ နည်းပါးသွားစေပါတယ်။

 

2. အလွန်အကျွံ သွေးခဲခြင်း

            ပုံမှန်လူ့ခန္ဓာကိုယ်မှာ အနာ (သို့) ပြတ်ရှရာတစ်ခုဖြစ်ပြီး သွေးထွက်လာတဲ့အခါမှာ ပုံမှန်အတိုင်း သွေးပြန်တိတ်တဲ့ဖြစ်စဉ်ကို သွေးခဲခြင်းလို့ ခေါ်ပါတယ်။ ဒီသွေးခဲတွေကို သွေးထဲမှာ ပြန်ပြီးချေဖျက်လိုက်ပါတယ်။ တစ်ခါတလေမှာ သွေးခဲအလွယ်တကူဖြစ်ခြင်း (သို့) ပုံမှန်အတိုင်း သွေးပြန်ပျော်မသွားတဲ့အခြေအနေတွေ ရှိပါတယ်။ ဒီလိုသွေးအလွန်အကျွံခဲခြင်းကြောင့် သွေးတွေပျစ်လာပါတယ်။ သွေးကြောထဲမှာ သွေးခဲတွေဖြစ်ပြီး ကိုယ်တွင်းအင်္ဂါတွေဆီ သွေးစီးဆင်းမှုကို ပိတ်ဆို့စေနိုင်တဲ့အတွက် အန္တရာယ်ရှိပါတယ်။ သွေးခဲလွန်ခြင်းက မွေးရာပါဖြစ်နိုင်သလို ကင်ဆာ၊ ကိုယ်ဝန်ဆောင်နဲ့ အချို့သောဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

♦ ကျန်းမာရေးပြသနာများ

            သွေးပျစ်ပျစ်တွေက ပုံမှန်သွေးထက် စီးဆင်းမှုနှေးတဲ့အတွက် ကိုယ်တွင်းအင်္ဂါနဲ့ တစ်သျှူးတွေဆီကို သွေးရောက်တာနှေးပြီး အောက်ဆီဂျင် ပြတ်လပ်မှု ဖြစ်စေပါတယ်။ ဆိုးကျိုးတွေအနေနဲ့ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မောပန်းခြင်း၊ ယားယံခြင်းနဲ့ အမြင်အာရုံပြဿနာတွေကို ခံစားရစေပါတယ်။ သွေးဖြူဆဲလ်တွေ အလွန်အမင်း များပြားလာတဲ့အခါမှာ သွေးအားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ အရိုးနာကျင်ခြင်းနဲ့ ရောဂါပိုးတွေ မကြာခဏ ဝင်ရောက်စေပါတယ်။ သွေးဆဲလ်တွေ အရမ်းများလို့ကြောင့်ပဲဖြစ်ဖြစ်၊ သွေးခဲလွန်လို့ပဲဖြစ်ဖြစ် ရောဂါ ပိုပြီးပြင်းထန်လာတဲ့အခါ အသက်ရှင်ဖို့အတွက် အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတွေကို သွေးစီးဆင်းမှုကို ပိတ်ဆို့သွားစေပြီး လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ ကျောက်ကပ်၊ အဆုတ်စတဲ့ အင်္ဂါတွေကို ပြင်းထန်စွာ ပျက်စီးစေနိုင်ပါတယ်။

 

♦  ဆေးကုထုံးများ

            တစ်ခါတလေမှာ ပုံမှန်ဆေးစစ်တာတွေ၊ ရောဂါရာဇဝင်စစ်ချက်တွေနဲ့ သံသယလက္ခဏာတွေကို စစ်ဆေးကြည့်ရာကနေ သွေးရောဂါတွေကို မတွေ့ရဘဲ နောက်ကျမှ ရောဂါရှာတွေ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ သွေးပျစ်ခြင်းအခြေအနေ ပြင်းထန်ခြင်း (သို့) ဖြစ်ရတဲ့အကြောင်းအရင်းအပေါ် မူတည်ပြီး ကုသနိုင်တဲ့နည်းတွေ (သို့) နောက်ဆက်တွဲဆိုးကျိုးတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ ဒါကြောင့် သမားတော်နဲ့ သေချာတိုင်ပင်ပြီး ကုသမှု ခံယူရပါမယ်။

 

♦ သတိထားရမည့်အချက်များ

            သွေးခဲတယ် (သို့) လေဖြတ်တယ် (သို့) နှလုံးထိခိုက်တယ်လို့ သံသယရှိတယ်ဆိုရင် ချက်ချင်းဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ခြေထောက်မှာ သွေးခဲရင် ပူခြင်း၊ နာခြင်း၊ နီခြင်း၊ ရောင်ခြင်းတွေ ဖြစ်စေပါတယ်။ နှလုံးထိခိုက်ခြင်း၊ အဆုတ်ထဲတွင် သွေးခဲခြင်း၊ နှလုံးသွေးခဲခြင်းတွေကြောင့် အသက်ရှူမြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရင်လေးလံခြင်း၊ လည်ပင်း၊ မေးရိုး၊ ကျောကုန်း၊ လက်တွေမှာ ခဲဆွဲထားသလို လေးလံခြင်းတွေကို ခံစားရစေပါတယ်။ လေဖြတ်တဲ့လက္ခဏာတွေကတော့ စကားပြောရခက်ခြင်း၊ ပြောတဲ့စကားတွေကို နားမလည်တော့ခြင်း၊ ခေါင်းကိုက်ခြင်း (သို့) ကိုယ်တစ်ခြမ်း လေဖြတ်ခြင်း စတာတွေဖြစ်ပြီး ဒီလက္ခဏာတွေဖြစ်ပြီဆိုရင် ချက်ချင်းဆေးကုသမှု ခံယူရပါမယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com