/
node/4866

ခါးနာခြင်း၊ ကြွက်သားနဲ့ အဆစ်အမြစ်များ ရောင်ခြင်း၊ တင်းခြင်း၊ နာကျင်ကိုက်ခဲခြင်းတွေမှာ အပူကပ်မလား? အအေးကပ်ကြမလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. ခြေကျင်းဝတ် လည်သွားခြင်း - ရေခဲကပ်ပါ။

            ခြေကျင်းဝတ်လည်ခြင်း၊ အခုမှဖြစ်တဲ့ အဆစ်အမြစ်များ နာခြင်း/ရောင်ခြင်း၊ ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်းစတဲ့ နာတာရှည်မဟုတ်ဘဲ လတ်တလောဖြစ်တဲ့ အခြေအနေတွေကို ရေခဲကပ်ခြင်း၊ အနားယူခြင်း၊ အရောင်ကျအောင် ဖိထားခြင်း၊ ထိခိုက်တဲ့နေရာကို မြှင့်ထားခြင်းတို့ဖြင့် သက်သာစေနိုင်ပါတယ်။ ဖြစ်တဲ့နေရာကို  ကျုံ့ဆန့်နိုင်တဲ့ ပတ်တီးစီးပြီး နှလုံးအထက် မြင့်နေစေဖို့အတွက် ခေါင်းအုံးပေါ် တင်ထားပေးပါ။ ထိခိုက်ဒဏ်ရာရပြီး ၃၅-၄၈ နာရီအထိ ရေခဲ မိနစ် ၃၀ ကပ်ပြီး မိနစ် ၂၀ နားပါ။ အရေပြားကို မထိခိုက်စေဖို့အတွက် ရေခဲကပ်တဲ့အခါမှာ ဂရုစိုက်ပါ။

 

2. ကြွက်သားများ တင်းခြင်း - ရေခဲပြီးမှ ရေနွေးအိတ်ကပ်ပါ။

အကြောင်းတစ်စုံတစ်ခုကြောင့် ကြွက်သားကို ထိခိုက်မိသွားရင် ရောင်မလာခင်မှာ ချက်ချင်းပြန်ပြီး ဖြေလျှော့သင့်ပါတယ်။ ဒါပေမဲ့ ရက်သတ္တပတ် အတော်ကြာတဲ့အထိ မပျောက်ဘူးဆိုရင်တော့ အထူးသဖြင့် လေ့ကျင့်ခန်းမလုပ်မီ ရေနွေးကပ်ပေးပါ။ လေ့ကျင့်ခန်းမလုပ်မီ သွေးပူလေ့ကျင့်ခန်း လုပ်ခြင်းက သွေးကြောတွေကို ကျယ်လာစေပြီး ကြွက်သားတွေကို ပူနွေးလာစေကာ အောက်ဆီဂျင် ပြည့်ပြည့်ဝဝ ရစေပါတယ်။ ဒါက ကျုံ့ဆန့်နိုင်အားကို အားကောင်းစေပြီး ဒဏ်ထပ်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

 

3. ဓမ္မတာလာစဉ် ကိုက်ခဲခြင်း - ရေနွေးအိတ်ကပ်ပါ။

ဓမ္မတာလာချိန်မှာ သားအိမ်ကြွက်သားတွေက တင်းနေတတ်ပြီး ရေနွေးကပ်ခြင်းဖြင့် သားအိမ်ကြွက်သားတွေကို ပြေလျော့စေပါတယ်။ အပူက သားအိမ်ကြွက်သားတွေ ကျုံ့ခြင်းကို လှုံ့ဆော်ပေးတဲ့ prostaglandin ဟော်မုန်းကဲ့သို့သော ဓာတ်တစ်မျိူး ထွက်တာကို ရပ်သွားစေပါတယ်။

 

4. ခါးနာခြင်း - ရေနွေး (သို့) ရေခဲ

လတ်တလော ခါးနာတာဆိုရင် ရေခဲအိတ် ကပ်နိုင်ပါတယ်။ ဒါမှမဟုတ် အဆစ်အမြစ်ရောင်ရောဂါကြောင့် နာတာရှည် ကိုက်ခဲတာဆိုရင်တော့ ရေနွေးကပ်ပေးပါ။ ရေခဲအိတ် ၄၈ နာရီလောက်ကပ်ပြီးမှ မသက်သာဘူးဆိုရင် ဆရာဝန်က ရေနွေးကပ်ဖို့ ညွှန်ကြားပါလိမ့်မယ်။

 

5. ခေါင်းကိုက်ခြင်း - ရေနွေးအိတ်ကပ်ပါ

            တင်းနေတဲ့လည်ပင်းနဲ့ ခေါင်းကြွက်သားတွေကို ရေနွေးကပ်ခြင်းဖြင့် ပြေလျော့စေနိုင်ပါတယ်။ တစ်ခါကပ်ရင် ၁၀ မိနစ်စီ မိနစ် ၃၀-၆၀ အကြာထိ ကပ်ပေးနိုင်ပါတယ်။

 

6. လိပ်ခေါင်း - ရေခဲကပ်ပြီးနောက် ရေနွေးစိမ်ပါ

ရေခဲကပ်ခြင်းက ရောင်နေတဲ့လိပ်ခေါင်းတွေဆီကို သွေးစီးဆင်းမှု လျော့နည်းသွားစေပါတယ်။ ရောင်တာ ကျသွားပြီဆိုရင် ရေနွေးထဲမှာ လိပ်ခေါင်းစိမ်ပြီး ထိုင်ပေးရပါမယ်။ ရေချိုးပြီးတိုင်း၊ အိမ်သာသွားပြီးတိုင်း hair dryer ကို အပူချိန် အနည်းဆုံးထားပြီး လိပ်ခေါင်းနေရာကို ခြောက်အောင် မှုတ်ပေးခြင်းဖြင့် ခြောက်သွေ့ပြီး ထိခိုက်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ လိပ်ခေါင်းလိမ်းဆေးတွေလည်း လိမ်းပေးပါ။

 

7. အဆစ်အမြစ်ရောင်ခြင်း - ရေနွေးအိတ်ကပ်ပါ

နာတာရှည် အဆစ်အမြစ်တွေ ရောင်ပြီး ကိုက်ခဲခြင်းတွေကို ရေနွေးကပ်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ အပူက ကြွက်သားနဲ့အဆစ်တွေကို တင်းနေရာမှ ပြေလျော့စေရုံသာမက သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ သက်သောင့်သက်သာ အနေအထားမှာ လဲလျောင်းပြီးဖြစ်စေ၊ ထိုင်လျက်ဖြစ်စေနေပြီး ရေနွေးအိတ်ဖြင့် ၁၅-၂၀ မိနစ်ခန့် ကပ်ထားပါ။

 

8. လည်ပင်းတောင့်တင်းခြင်း (အုံးလွဲခြင်း) - ရေခဲကပ်ပါ

အိပ်တဲ့ပုံစံ မမှန်ရင် မနက်နိုးလာချိန်မှာ လည်ပင်းကြီးတင်းပြီး လှည့်လို့မရတာမျိုး ကြုံတွေ့ဖူးကြမှာပါ။ ဒါက လတ်တလောဖြစ်တဲ့ဒဏ်တစ်ခု ဖြစ်တာကြောင့် ရေခဲ မြန်မြန်ကပ်ပေးနိုင်လေလေ မြန်မြန် သက်သာလာလေလေပါပဲ။ ရေအေးထဲမှာ မျက်နှာသုတ်ပုဝါကို နှစ်လိုက်ပါ။ ရေညှစ်ပြီး ဂုတ်ပေါ်မှာ တင်ထားပါ။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)