/
node/4888

သွေးကျဲခြင်း၊ သွေးပျစ်ခြင်းကို ဖြစ်စေသော အစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

           ထိခိုက်ဒဏ်ရာတစ်ခုခုရလာတဲ့အခါမှာသွေးထဲမှာရှိတဲ့ သွေးမွှားလေးတွေစုလာပြီး သွေးခဲစေခြင်း အားဖြင့် သွေးထွက်ရပ်စေပါတယ်။ အစားအစာအချို့က သွေးကျဲခြင်း၊ သွေးပျစ်ခြင်းအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် သွေးရောဂါတစ်ခုခု ရှိတယ်ဆိုရင် အစားအစာတွေကို ဆရာဝန်ကို သေချာမေးပြီးမှ စားသင့်ပါတယ်။

 

1. ဗီတာမင် E ကြွယ်ဝသောအစားအစာများ

            ဗီတာမင် E ပါဝင်မှုများပြီး ဗီတာမင် K နည်းတဲ့အစားအစာတွေဟာ သွေးကျဲစေပြီး သွေးခဲခြင်းကို နှောင့်နှေးစေပါတယ်။ ပြောင်းဖူးဆီ၊ မြေပဲဆီ၊ နှမ်းဆီ နဲ့ နေကြာဆီတွေမှာ ဗီတာမင် E ပါဝင်တဲ့အပြင် ဆေးပြားအဖြစ်နဲ့လည်း သောက်သုံးနိုင်ပါတယ်။ သွေးကျဲဆေး သောက်နေရတယ်ဆိုရင်တော့ ဗီတာမင် E ပါဝင်မှုများတဲ့ အစားအစာတွေက သွေးအလွန်အကျွံ ကျဲစေနိုင်ပါတယ်။

 

2. ဗီတာမင် K ကြွယ်ဝသော အစားအစာများ

            ဗီတာမင် K က သွေးခဲခြင်းဖြစ်စဉ်ကို ကူညီပေးပြီး သွေးပျစ်စေတဲ့ အစွမ်းရှိပါတယ်။ ဟင်းနုနွယ်၊ ကိုက်လန်၊ လက်ဖက်စိမ်း၊ မုန်လာ၊ မုန်လာထုတ်၊ ပန်းဂေါ်ဖီ၊ ကြက်ဥအနှစ်နဲ့ ပဲပိစပ်တွေမှာ ဗီတာမင် K ပါဝင်ပါတယ်။ သွေးကျဲဆေး သောက်နေသူတွေမှာဆိုရင် ဗီတာမင် K ပါဝင်တဲ့ အစားအစာတွေ စားခြင်းကြောင့် ဆေးရဲ့အာနိသင်ကို ကျေပျက်စေပါတယ်။

 

3. ဆေးဖက်ဝင်အပင်နှင့် ဟင်းခတ်အမွှေးအကြိုင်များ

            ဗီတာမင် E တင်သာမက ဆေးဖက်ဝင်အပင်နဲ့ ဟင်းခတ်အမွှေးအကြိုင်အချို့မှာလည်း သွေးကျဲစေနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး သွေးထွက်ခြင်းကို အားပေးပါတယ်။ ဟင်းထဲမှာ ထည့်ချက်တဲ့ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊နီ၊ ချင်း (ဂျင်း) တွေကလည်း သွေးကျဲစေပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်တွေကို အစားအစာအနေနဲ့ဆိုရင် အများကြီးစားမှ သွေးကျဲစေပေမယ့် ဆေးအနေနဲ့ သောက်မယ်ဆိုရင်တော့ သိသာတဲ့ အကျိုးထိရောက်မှု ရရှိမှာဖြစ်ပါတယ်။ သွေးနဲ့ဆိုင်တဲ့ဆေးတွေ သောက်နေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ဒီအစားအစာတွေကို စားသုံးသင့်ပါတယ်။

 

4. အရက်နှင့် အခြားအဖျော်ယမကာများ

            ဘယ်ရီသီးအနီဖျော်ရည်၊ အရက်နဲ့ လက်ဖက်စိမ်း စတဲ့ဖျော်ရည်တွေက သွေးကျဲစေပါတယ်။

 

5. အဆီများသောငါးများ

            ဆယ်လ်မွန်၊ တူနာစတဲ့ အဆီများတဲ့ငါးတွေမှာ omega-3 fatty acid များစွာပါဝင်ပါတယ်။ omega-3 fatty acid က သွေးထွက်များစေတဲ့အတွက် သွေးကျဲဆေးသောက်နေသူတွေမှာ သတိထားပြီး စားသုံးရပါမယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)