နေ့မစေ့ဘဲ ကလေးမွေးဖွားခြင်း
ကလေးအချိန်စောမွေးတယ်ဆိုတာ မွေးရက်မရောက်ခင် 3 ပတ်ခန့်ကြိုပြီး မွေးဖွားတာကို ဆိုလိုပါတယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင်တော့ ကိုယ်ဝန်အပတ် 37 ပတ်မတိုင်မီ မွေးဖွားတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ချိန် 40 ပတ်ထိကြာမြင့်တတ်ပါတယ်။ ကလေးစောမွေးခြင်းကြောင့် သနေ္ဓသားလောင်းဟာ မိခင်ဝမ်းထဲမှာ ဖွ့ံဖြိုးဖို့အချိန်လုံလောက်စွာမရတဲ့အတွက် နောက်ဆက်တွဲပြဿနာအချို့ကို ခံစားရနိုင်ပါတယ်။
အချိန်ဘယ်လောက်စောမွေးလဲပေါ်မူတည်၍ အောက်ပါအတိုင်းခွဲခြားနိုင်ပါတယ်။
1. Late preterm - ကိုယ်ဝန်အပတ် 34-36 ပတ်ကြားမွေးဖွားခြင်း
2. Moderately preterm - ကိုယ်ဝန်အပတ် 31-34 ပတ်ကြားမွေးဖွားခြင်း
3. Very preterm - ကိုယ်ဝန်အပတ် 32 ပတ်မတိုင်မီ မွေးဖွားခြင်း
4. Extremely preterm - ကိုယ်ဝန်အပတ် 25 ပတ်မတိုင်မီ မွေးဖွားခြင်း
နေ့မစေ့ဘဲမွေးဖွားတဲ့ ကလေးအများစုဟာ Late Preterm လို့ခေါ်တဲ့ ကိုယ်၀န်အပတ် 34-36 ပတ်ကြား မွေးဖွားကြသူတွေသာဖြစ်ကြပါတယ်။
ရောဂါလက္ခဏာများ
===========
နေ့မစေ့ဘဲမွေးဖွားတဲ့ ကလေးငယ်လေးတွေဟာ ဝမ်းကြာတိုက်ပြင်ပမှာရှင်သန်ဖို့အတွက် လိုအပ်တဲ့ကြီးထွားချိန် အလုံအလောက်မရတာကြောင့် ဖြစ်နိုင်ချေရှိတာတွေကတော့ -
- ခေါင်းကြီးကိုယ်သေးဖြစ်ခြင်း
- အဆီသိုလှောင်မှု လျော့နည်းနေတာကြောင့် ဖွ့ံဖြိုးမှုမပြည့်ဝခြင်း
- ခန္ဓာကိုယ်တစ်ကိုယ်လုံးနှီးပါးကို မွှေးညှင်းနုများဖြင့် ဖုံးအုပ်ထားခြင်း
- ခန္ဓာကိုယ်မှ အဆီသိုလှောင်ထားမှုနည်းပါးတာကြောင့် မွေးပြီးပြီးချိန်တွင် ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်း
- အသက်ရှုရခက်ခဲခြင်း
- အစာမြိုချခြင်းနှင့် နို့စို့ခြင်းများအတွက် တန်ပြန်တုံ့ပြန်မှုတွေမရှိတာကြောင့် စားသောက်ရခက်ခဲခြင်း
ဖြစ်နိုင်ချေမြင့်မားရသည့်အကြောင်းအရင်းများ
===============
ကလေးစောမွေးရတဲ့အကြောင်းအရင်းကို တိတိကျကျမသိပေမယ့် ဖြစ်ပွားနှုန်းမြင့်တက်အကြောင်းအရင်းတွေကတော့ ရှိပါတယ်။
- ယခင်က နေ့မစေ့ဘဲကလေးမွေးဖွားဖူးခြင်း
- အမြွှာပူးကိုယ်ဝန်ဖြစ်ခြင်း
- ကိုယ်ဝန်ဆောင်ချိန် တစ်ခါနဲ့တစ်ခါကြား ခြောက်လအောက်သာခြားခြင်း
- ဖန်ပြွန်သနေ္ဓသားနည်းဖြင့် ကလေးယူခြင်း
- သားအိမ်၊ မိန်းမကိုယ်ဝနဲ့ အချင်းပြဿနာများရှိခြင်း
- ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးများသုံးစွဲခြင်း
- အာဟာရချို့တဲ့ခြင်း
- ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကိုယ်အလေးချိန်မတိုးခြင်း
- မျိုးပွားအင်္ဂါနှင့် ရေမြွှာရည်အတွင်းရောဂါပိုးဝင်ခြင်း
- နာတာရှည်ရောဂါများဖြစ်တဲ့ သွေးတိုးနှင့် ဆီးချိုရောဂါများရှိခြင်း
- ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန်နည်းခြင်း (သို့) များခြင်း
- စိုးရိမ်ထိတ်လန့်စရာ အဖြစ်အပျက်များရှိခြင်း (ဥပမာ - ဆွေးမျိုးသားချင်းတစ်ယောက်သေဆုံးခြင်း၊ ကားမတော်တဆဖြစ်ခြင်း)
- အကြိမ်ကြိမ်ကိုယ်ဝန်ပျက်ကျဖူးခြင်း
- ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရခြင်း
နောက်ဆက်တွဲဆိုးကျိုးများ
===============
နေ့မစေ့ဘဲမွေးတဲ့ ကလေးတိုင်း နောက်ဆက်တွဲဆိုးကျိုးတွေခံစားရတာ မဟုတ်ပေမယ့် တော်တော်စောမွေးတဲ့ကလေးတွေမှာ ဆိုရင်တော့ ရေတိုမှာရော ရေရှည်မှာပါ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရတတ်ပါတယ်။ ယေဘုယျအားဖြင့် အချိန်စောမွေးလေလေ နောက်ဆက်တွဲပြဿနာတွေများလေလေဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်တစ်ဦးရဲ့ ကိုယ်အလေးချိန်ဟာလည်း အရေးကြီးတဲ့အခန်းကဏ္႑ကနေ ပါဝင်ပါတယ်။
အချို့ပြဿနာတွေကို မွေးပြီးပြီးချင်းအချိန်မှာ ကြုံတွေ့ရတတ်ပေမယ့် တချို့ကိုတော့ အချိန်အတော်ကြာမှ တွေ့ကြုံခံစားရနိုင်ပါတယ်။
မွေးပြီးတစ်ပတ်အတွင်း ဖြစ်ပွားတတ်သောနောက်ဆက်တွဲဆိုးကျိုးများ
===============
1. အသက်ရှုရခက်ခဲခြင်း - နေ့မစေ့ဘဲမွေးတဲ့ကလေးတွေမှာ အသက်ရှုစနစ်ကောင်းစွာမဖွ့ံဖြိုးသေးတာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်နိုင်ပါတယ်။ သနေ္ဓသားရဲ့ အဆုတ်ကိုကျုံ့ခြင်း၊ ဆန့်ခြင်း ဖြစ်စေနိုင်တဲ့ ပစ္စည်းမလုံလောက်တာကြောင့်လည်း ကလေးငယ်မှာ အသက်ရှုလုပ်ငန်းစဉ် ပျက်စီးတဲ့ဝေဒနာကို ခံစားရစေနိုင်ပါတယ်။
- နာတာရှည်အဆုတ်ရောဂါ (bronchopulmonary dysplasia) ခံစားရခြင်းနှင့် မကြာခဏအသက်ရှုရပ်ခြင်း
2. နှလုံးပြဿနာများ - မွေးရာပါနှလုံးရောဂါ (patent ductus arteriosus) နဲ့ သွေးပေါင်ချိန်ကျတာတွေဖြစ်နိုင်ပါတယ်။ PDA ဆိုတာ နှလုံးမှထွက်တဲ့သွေးကြောမကြီးနှစ်ခုကို ဆက်ထားတဲ့ပြွန်ကမပိတ်တာဖြစ်ပါတယ်။
- နှလုံးရောဂါတွေမကုသဘဲထားပါက နှလုံးသွေးစီးဆင်းမှုများလာပြီး နှလုံးအလုပ်မလုပ်တော့တာနဲ့ အခြားဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ သွေးပေါင်ကျခြင်းအတွက် ဆေးသွင်းခြင်း၊ သောက်ဆေးများပေးခြင်းနဲ့ လိုအပ်ပါက သွေးသွင်းတာတွေလုပ်ဖို့လိုပါတယ်။
3. ဦးနှောက်ဆိုင်ရာပြဿနာများ - နေ့မစေ့သေးဘဲ စောစောမွေးလေ ဦးနှောက်သွေးယိုစီးမှုဖြစ်နိုင်လေဖြစ်ပါတယ်။ ဦးနှောက်သွေးကြောပေါက်တာဟာ အများအားဖြင့် ပြင်းထန်လေ့မရှိဘဲ အချိန်တိုအတွင်းမှာ သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် တချို့ကလေးတွေမှာတော့ သွေးယိုစီးမှုများတာကြောင့် တစ်သက်လုံးဦးနှောက်ဒဏ်ရာရသွားတတ်ပါတယ်။
- ဦးနှောက်သွေးယိုစီးမှုများတာကြောင့် ကြာလာတာနဲ့အမျှ ဦးနှောက်ထဲမှာ အရည်တွေစုပုံလာတာကြောင့် အချို့ကလေးတွေမှာ ခေါင်းကြီးလာပြီး ခွဲစိတ်ကုသမှုခံယူရန် လိုအပ်နိုင်ပါတယ်။
4. ခန္ဓာကိုယ်အပူချိန် သမမျှတမှုမရှိခြင်း - နေ့မစေ့ဘဲ စောမွေးတဲ့ကလေးတွေဟာ ခန္ဓာကိုယ်မှာ အဆီသိုလှောင်ထားမှု မလုံလောက်တာကြောင့် အပူဆုံးရှုံးမှုများတဲ့အပြင် ဆုံးရှုံးသွားတဲ့အပူစွမ်းအင်တွေကို ပြန်လည်ထုတ်လုပ်နိုင်စွမ်းလည်းမရှိပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်အပူချိန်အလွန်အမင်းကျဆင်းသွားပါက အသက်ရှုခြင်းဆိုင်ရာပြဿနာတွေသာမက သွေးတွင်းသကြားဓာတ်ကိုလည်းကျဆင်းစေနိုင်ပါတယ်။ ထို့ပြင် ကလေးငယ်ဟာ အစာစားခြင်းမှရရှိတဲ့ စွမ်းအင်တွေအားလုံးကို ခန္ဓာကိုယ်နွေးထွေးစေဖို့အတွက် အသုံးပြုလိုက်တာကြောင့် ကြီးထွားမှုနှုန်းနှေးကွေးစေနိုင်ပါတယ်။ ထို့ကြောင့် လမစေ့ဘဲမွေးထားတဲ့ကလေးတွေကြီးထွား၍ ကိုယ်အပူချိန်ထိန်းလာနိုင်သည်အထိ အပူပေးစက် (သို့) ဖန်ပေါင်းချောင်ရဲ့ အကူအညီကိုလိုအပ်ပါတယ်။
5. အူလမ်းကြောင်းဆိုင်ရာပြဿနာများ - မွေးသင့်အချိန်ထက် စောမွေးတဲ့ကလေးတွေမှာ အူလမ်းကြောင်းကောင်းစွာမဖွ့ံဖြိုးသေးတာကြောင့် အူရောင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အူနံရံမှာရှိတဲ့ဆဲလ်တွေ ဒဏ်ရာရတာကြောင့်ဖြစ်တဲ့ အူရောင်ခြင်းဟာ စိုးရိမ်ဖွယ်အခြေအနေတစ်ခုဖြစ်ပြီး ကလေးကိုအစာစကျေွးတဲ့အချိန်ကစပြီး ဖြစ်လေ့ရှိပါတယ်။ မိခင်နို့တစ်မျိုးတည်းသာတိုက်ကျေွးတဲ့ကလေးတွေမှာဆိုရင် ဖြစ်နိုင်ချေလျော့နည်းကြောင်း သိရပါတယ်။
6. သွေးရောဂါများ - နေ့မစေ့ဘဲ မွေးတဲ့ကလေးတွေမှာ သွေးအားနည်းခြင်းနဲ့ အသားဝါခြင်းပြဿနာတွေကို ပိုမိုရင်ဆိုင်ရလေ့ရှိပါတယ်။ သွေးအားနည်းခြင်းဆိုတာ ခန္ဓာကိုယ်မှ သွေးနီဥတွေမလုံလောက်တာကြောင့်ဖြစ်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး မွေးခါစကလေးတိုင်းလိုလိုမှာဖြစ်တတ်သော်လည်း အချိန်စောမွေးတဲ့ကလေးတွေမှာဆို ပိုဆိုးတတ်ပါတယ်။
- မွေးကင်းစကလေးတွေမှာ အရေပြားနဲ့မျက်လုံးဝါရခြင်းအကြောင်းအရင်းမှာ အသည်း (သို့) သွေးနီဥတွေမှ အဝါရောင် ရောင်ခြယ်တွေသွေးထဲမှာများနေလို့ပဲဖြစ်ပါတယ်။
7. ဇီဝဖြစ်စဉ်ဆိုင်ရာပြဿနာများ - အချိန်စောမွေးတဲ့ကလေးတွေမှာ သကြားဓာတ်သိုလှောင်ထားမှုနည်းပါးတာကြောင့် သွေးတွင်းသကြားဓာတ်လျော့နည်းမှုတွေကြုံရနိုင်ပါတယ်။ ထို့ပြင် အသည်းကောင်းစွာမဖွ့ံဖြိုးတာကြောင့်လည်း သိမ်းဆည်းတဲ့သကြားဓာတ်တွေကို သုံးစွဲလို့ရတဲ့အနေအထားကိုပြောင်းလဲမပေးနိုင်ပါဘူး။
8. ကိုယ်ခံစွမ်းအားစနစ်အားနည်းခြင်း - အချိန်မတန်သေးဘဲမွေးတဲ့ ကလေးတွေမှာ ကိုယ်ခံအားစနစ် ကောင်းစွာမဖွ့ံဖြိုးသေးတာကြောင့် ရောဂါပိုးများအလွယ်တကူ ဝင်ရောက်နိုင်ပြီး ထိုမှတဆင့် သွေးတွင်းသို့ရောက်ကာ သွေးဆိပ်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ရေရှည်တွင် ဖြစ်ပွားတတ်သော နောက်ဆက်တွဲဆိုးကျိုးများ
===============
ဦးနှောက်ချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်မလှုပ်ရှားနိုင်သောရောဂါ (cerebral palsy) ခန္ဓာကိုယ်လှုပ်ရှားမှု၊ ကြွက်သားတင်းအားနဲ့ ကိုယ်နေဟန်ထားမမှန်တဲ့ရောဂါတစ်ခုဖြစ်ပြီး ရောဂါပိုးဝင်ရောက်ခြင်း၊ ဦးနှောက်သို့သွေးစီးဆင်းမှုမလုံလောက်ခြင်း (သို့) သနေ္ဓသားလောင်းဘဝသို့ မွေးကင်းစအရွယ်တွင် ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။
သိမှတ်မှုဆိုင်ရာ အရည်အသွေးများနိမ့်ကျခြင်း - နေ့မစေ့ဘဲ စောပြီးမွေးဖွားတဲ့ကလေးတွေဟာ ပုံမှန်ကလေးတွေထက် ဖွ့ံဖြိုးမှုဆိုင်ရာ အဆင့်တွေမှာ နောကျကျန်ခဲ့လေ့ရှိပါတယ်။ ကျောင်းနေအရွယ်ရောက်ပါကလည်း စာသင်ရခက်ခဲတဲ့ပြဿနာတွေကြုံတွေ့ရတတ်ပါတယ်။
အမြင်အာရုံဆိုင်ရာပြဿနာများ - အချိန်စောမွေးတဲ့ကလေးတွေရဲ့ မျက်စိမြင်လွှာပေါ်မှာ သွေးကြောတွေရောင်ပြီး ရှုပ်ထွေးနေတာကြောင့် အမြင်အာရုံချို့ယွင်းမှုကို ခံစားစေရတာဖြစ်ပါတယ်။ တစ်ခါတစ်ရံ သွေးကြောတွေပုံမှန်တာကြောင့် ကြာလာတဲ့အခါမှာ မြင်လွှာပေါ်တွင် အမာရွတ်ဖြစ်ပြီး မြင်လွှာကိုမျက်လုံးအနောက်ဘက်သို့ ဆွဲသွားတာကြောင့် မျက်ကြောသေရောဂါဖြစ်ကာ မျက်စိကွယ်သည်အထိပြင်းထန်နိုင်ပါတယ်။
အကြားအာရုံဆိုင်ရာပြဿနာများ - နေ့မစေ့ဘဲမွေးတဲ့ကလေးတွေဟာ အကြားအာရုံချို့ယွင်းဖို့ရာခိုင်နှုန်း ပိုမြင့်ပါတယ်။ ဒါကြောင့် အိမ်မပြန်မီ ကလေးငယ်တိုင်းကို အကြားအာရုံစစ်ဆေးဖို့လိုအပ်ပါတယ်။
သွားပြဿနာများ - ပြင်းပြင်းထန်ထန် နေမကောင်းတဲ့ကလေးတွေဟာဆိုရင် သွားပေါက်တာနောက်ကျခြင်း၊ သွားအရောင်ပြောင်းခြင်းနဲ့ သွားပေါက်တဲ့ပုံစံမမှန်ခြင်း စတဲ့သွားပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။
အပြုအမူနှင့် စိတ်ပိုင်းဆိုင်ရာပြဿနာများ - ယခင်က နေ့မစေ့ဘဲမွေးတဲ့ကလေးတွေမှာ အာရုံစုစည်းမှုလျော့နည်းကျဆင်းခြင်းကဲ့သို့ အပြုအမူနှင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ပိုဖြစ်တယ်လို့ထင်ကြပေမယ့်လည်း ယခုနောက်ဆုံးပြုလုပ်တဲ့ သုတေသနများအရ ဖြစ်နိုင်ချေဟာ နေ့စေ့လစေ့မွေးတဲ့ကလေးများနှင့် အတူတူပင်ဖြစ်ကြောင်းသိရပါတယ်။
နာတာရှည်ကျန်းမာရေးပြဿနာများ - ရောဂါပိုးဝင်ရောက်ခြင်း၊ ရင်ကြပ်ခြင်းနဲ့ အစာစားခြင်းဆိုင်ရာပြဿနာ စတာတွေဟာ နေ့မစေ့ဘဲမွေးတဲ့ကလေးတွေမှာပိုဖြစ်နိုင်ပြီး တစ်ခါတစ်ရံမှာ ဆေးရုံတက်ရသည်အထိ ပြင်းထန်တတ်ကြပါတယ်။ ထို့ပြင် နေ့မစေ့ဘဲမွေးတဲ့ကလေးတွေမှာ ရုတ်တရက်သေဆုံးမှုနှုန်းလည်း ပိုမိုမြင့်မားတတ်ပါတယ်။
ရောဂါရှာဖွေခြင်း
=========
နေ့မစေ့ဘဲစောမွေးတဲ့ကလေးတွေကို ပြုလုပ်လေ့ရှိတဲ့ စစ်ဆေးမှုများကတော့ -
1. အသက်ရှုနှုန်းနှင့် နှလုံးခုန်နှုန်းအား စောင့်ကြည့်ခြင်း - သွေးပေါင်ချိန်တိုင်းခြင်းကိုလည်း မကြာခဏပြုလုပ်လေ့ရှိပါတယ်။
2. အရည်ဝင်နှုန်းနှင့် ထွက်နှုန်း - အစာကျေွးခြင်းနဲ့ ဆေးသွင်းခြင်းတို့မှတဆင့် အရည်ဘယ်လောက်ဝင်သလဲနှင့် ဆီးဝမ်းသွားခြင်း၊ သွေးဖောက်ခြင်းတို့မှ အရည်ဘယ်လောက်ဆုံးရှုံးသလဲဆိုတာ စောင့်ကြည့်တာဖြစ်ပါတယ်။
3. သွေးစစ်ဆေးခြင်း - ခြေဖနောင့်မှ ဖြစ်စေ၊ သွေးပြန်ကြောမှဖြစ်စေ သွေးနမူနာရယူကာ ကယ်လ်စီယမ်ဓာတ်၊ ဂလူးကို့စ် သကြားဓာတ်၊ ဘီလီရူဘင်ရောင်ခြယ်ဓာတ်တို့ကို တိုင်းတာတဲ့အပြင် သွေးအားနည်းခြင်းရှိ/မရှိကိုသိစေရန် သွေးနီဥပမာဏကိုလည်း စစ်ဆေးတတ်ကြပါတယ်။ အကယ်၍ သွေးနမူနာလိုအပ်မှုမြင့်မားပါက သွေးခဏခဏ ဖောက်ဖို့မလိုအောင် ချက်မှတဆင့်သွေးပြန်ကြောထဲသို့ ပြွန်ထည့်ထားလေ့ရှိပါတယ်။
4. နှလုံးဓာတ်မှန်ရိုက်ခြင်း - ကလေးငယ်ရဲ့နှလုံးလုပ်ငန်းဆောင်တာ ပုံမှန်ဟုတ်/မဟုတ်ကို သိနိုင်တဲ့အပြင် အသံလှိုင်းကိုအသုံးပြုထားတာကြောင့် လှုပ်ရှားနေတဲ့ပုံရိပ်များကိုပါ ထုတ်လုပ်ပေးနိုင်ပါတယ်။
5. တယ်လီဗွီးရှင်းဓာတ်မှန်ရိုက်ခြင်း - ဦးနှောက်သွေးယိုစီးမှုရှိ/မရှိနဲ့ ဝမ်းဗိုက်ကလီစာတွေဖြစ်တဲ့ အသည်း၊ ကျောက်ကပ်၊ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိ/မရှိကို သိရှိစေနိုင်ပါတယ်။
6. မျက်စိစစ်ဆေးခြင်း
အကယ်၍ကလေးငယ်မှာ အခြားနောက်ဆက်တွဲဆိုးကျိုးတွေ့ရှိပါက အထူးစစ်ဆေးမှုများဖြင့် ထပ်မံစစ်ဆေးရန် လိုအပ်ပါတယ်။
ဆေးဝါးများနှင့် ကုသမှုနည်းလမ်းများ
=============
1. စောင့်ရှောက်ကုသမှု
ကလေးငယ်အတွက် အထူးကုသတဲ့နည်းလမ်းတွေကတော့ -
- အပူပေးကိရိယာ ဖန်ပေါင်းချောင်းအတွင်း၌ ထားခြင်း၊ မိခင်ရင်ခွင်ထဲ၌ နွေးထွေးစွာထားခြင်း
- အသက်ရှင်ရန် အရေးပါဆုံးသောလက္ခဏာများကို အမြဲမပြတ်စောင့်ကြည့်ခြင်း
- အစာသွင်းပိုက်တပ်ဆင်ပေးထားခြင်း
- ဆေးသွင်းပိုက်မှတဆင့် ရေဓာတ်ဖြည့်ပေးခြင်း
- အသားဝါခြင်းမှ သက်သာစေရန် မီးချောင်းပြခြင်း
- သွေးသွင်းခြင်း စတာတွေဖြစ်ပါတယ်။
2. ဆေးဝါးများ
ကလေးရဲ့အခြေအနေပေါ်မူတည်၍ လိုအပ်နိုင်တာတွေကတော့ -
- အဆုတ်ဖွ့ံဖြိုးမှုအားကောင်းစေတဲ့ပစ္စည်း
- အသက်ရှုနှုန်းနှင့် နှလုံးခုန်နှုန်းအားကောင်းစေတဲ့ဆေးဝါးများ
- ပဋိဇီဝဆေးဝါးများ (ရောဂါပိုးရှိနေပါက)
- အဆုတ်နဲ့ သွေးလည်ပတ်မှုနှုန်းကောင်းစေရန် ဆီးဆေးများ
- မြင်လွှာရှိသွေးကြောအသစ်များဖြစ်ပေါ်မှုကို ဟန့်တားပေးနိုင်တဲ့ဆေးများကို မျက်လုံးထဲသို့ထိုးပေးခြင်း
- နှလုံးရှိပြွန်ပိတ်သွားစေရန် ကူညီပေးနိုင်သော ဆေးဝါးများ
3. ခွဲစိတ်ကုသခြင်း
အချို့သောနောက်ဆက်ဆွဲဆိုးကျိုးတွေဖြစ်ပေါ်လာပါက ခွဲစိတ်ကုသရန်လိုအပ်တတ်ပါတယ်။
အစာစားရခက်ခဲခြင်း - သွေးကြောထဲသို့ အစာသွင်းခြင်း
အူပုတ်ခြင်း - ပျက်စီးနေသော အူအစိတ်အပိုင်းများကိုဖယ်ရှားခြင်း
နှလုံးသွေးကြောမကြီးနှစ်ခုကို ဆက်ထားသောပြွန်မပိတ်ခြင်း - ပွင့်နေသောပြွန်ကို ပိတ်ပေးခြင်း
မျက်စိရောဂါများ - လေဆာဖြင့် အမြင်အာရုံမပျက်စီးအောင်တားဆီးပေးခြင်း
ဦးခေါင်းခံအတွင်း၌ အရည်များပြည့်နေခြင်း - ပိုနေသောအရည်များကို စုပ်ထုတ်ပေးခြင်း
ကလေးငယ်ကို အိမ်ပြန်ခေါ်သွားတော့မယ်ဆိုရင်
=========
- အထောက်အကူပစ္စည်းမလိုဘဲ အသက်ရှုနိုင်ခြင်း
- ကိုယ်အပူချိန်ပုံမှန်အနေအထားတွင်ရှိခြင်း
- နို့စို့နိုင်ခြင်း
- ကိုယ်အလေးချိန်တိုးလာခြင်း
- ရောဂါပိုးမရှိတော့ခြင်း စတဲ့အချက်များနှင့်ပြည့်စုံပါက ကလေးငယ်ကို အိမ်ပြန်ခေါ်သွားနိုင်ပါတယ်။ မခေါ်သွားမီ ကျန်းမာရေးအဖွဲ့မှ ကလေးကိုအိမ်မှာဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာ မိဘနှစ်ပါးစလုံးကိုသေချာသင်ကြားပေးမှာဖြစ်ပါတယ်။
လူနေမှုပုံစံနှင့် အိမ်သုံးဆေးမြီးတိုများ
===========
ကလေးငယ်ကိုအိမ်ပြန်ခေါ်ခွင့်ရပါက မိဘတွေအနေနဲ့ စိတ်သက်သာရတာမှန်ပေမယ့်လည်း အိမ်မှာကလေးကို ပြုစုစောင့်ရှောက်ဖို့အတွက်တော့ အနညး်ငယ်စိတ်ပူပန်ပြီး စိတ်လှုပ်ရှားနေကြမှာပါ။
- ကလေးငယ်ကို ဘယ်လိုဂရုစိုက်သင့်သလဲဆိုတာသေချာလေ့လာပါ။
- ကလေးငယ်ရဲ့ လိုအပ်ချက်တွေကိုသိအောင်ကြိုးစားပါ။
- အစာကျေွးတာနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
- ကလေးငယ်ကိုတတ်နိုင်သမျှ ရောဂါပိုးမဝင်အောင်ကာကွယ်ပါ။
- ပြင်းထန်တဲ့အဆုတ်ရောဂါတွေအတွက် ကာကွယ်ပေးနိုင်တဲ့ဆေးများကို ကြိုထိုးထားပါ။
- ကျန်းမာရေးစစ်ဆေးမှုများအတွက် မပျက်ကွက်ပါနှင့်။
- ကာကွယ်ဆေးများကို ပုံမှန်ထိုးပါ။
- ကလေးငယ်ကိုကာကွယ်ဖို့အတွက် မိသားစုဝင်များအားလုံးလည်း ကာကွယ်ဆေးများထိုးထားပါ။
- ဖွ့ံဖြိုးမှုဆိုင်ရာ နှောင့်နှေးခြင်းများရှိ/မရှိကို အမြဲမပြတ်စောင့်ကြည့်နေပါ။
စိတ်သက်သာစေရန်နည်းလမ်းများ
==========
နေ့မစေ့ဘဲ မွေးထားတဲ့ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာဟာ စိတ်ရောကိုယ်ပါ အလွန်ပင်ပန်းတာကြောင့် စိတ်ညစ်တဲ့အချိန်တိုင်း ပြုလုပ်နိုင်မယ့်နည်းလမ်းအချို့ကို ကြိုတင်လေ့လာထားဖို့လိုအပ်ပါတယ်။
- ကလေးငယ်ရဲ့အခြေအနေနဲ့ ပတ်သက်တဲ့အရာမှန်သမျှကို တတ်နိုင်သမျှလေ့လာထားပါ။
- မိမိကိုယ်ကို မိမိဂရုစိုက်ပါ။
- နို့ညှစ်ခွက်ကို အသုံးပြုခြင်း၊ နို့များကိုသိမ်းဆည်းရန် ဗူးများအဆင့်သင့်ရှိခြင်း
- အခြားသူများ၏ အကူအညီကိုလက်ခံခြင်း
- ကလေးငယ်ရဲ့ တိုးတက်မှုအခြေအနေ မိမိရဲ့ခံစားမှုနဲ့အတွေးများ စတာတွေကို မှတ်သားထားပါ။
- ရင်ဖွင့်တိုင်ပင်နိုင်မယ့်သူများကိုရှာဖွေပါ။
Dr. Thinzar Wynn (www.drmyanmar.com)





























