ပါးစပ်မှာ အနာပေါက်တတ်တဲ့သူတွေအနေနဲ့ ဘယ်လိုအစားအစာတွေ စားသုံးသင့်ပါသလဲ?
ကင်ဆာ၊ ရောဂါပိုး ဝင်ရောက်ခြင်း၊ ခုခံအား ကျဆင်းစေတဲ့ရောဂါတွေ၊ အံကပ်၊ သွားထိန်းကြိုး စတာတွေနဲ့ ခံတွင်းကို ထိခိုက်မိခြင်း၊ ကိုယ့်လျှာ၊ ပါးစောင်ကို ကိုယ့်သွားနဲ့ ပြန်ကိုက်မိခြင်း စတာတွေကြောင့် ခံတွင်းနဲ့လျှာမှာ အနာတွေ ပေါက်လေ့ရှိကြပါတယ်။ ပါးစပ်မှာ အနာဖြစ်လာပြီဆိုရင် နာပြီးတော့ နေရခက်ပါတယ်။ ပါးစပ်အနာကို မထိခိုက်စေနိုင်တဲ့ အစားအစာတွေ စားမယ်၊ ပါးစပ်ကို သန့်သန့်ရှင်းရှင်း ထားမယ်ဆိုရင် အနာကျက်မြန်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။
ပူသော၊ စပ်သော၊ ငန်သော၊ အက်ဆစ်ဓာတ်ပါသော၊ ထိရှစေနိုင်သော အစားအစာတွေနဲ့ ဖျော်ရည်တွေက ပါးစပ်အနာတွေကို ပိုဆိုးစေနို်င်ပါတယ်။ အလွယ်ဆုံးမှတ်နည်းကတော့ အစားအစာတစ်ခုခု စားလိုက်လို့၊ ဖျော်ရည်တစ်ခုခုက သောက်လိုက်လို့ မသက်မသာဖြစ်တယ်ဆိုရင် ပါးစပ်အနာကျက်တဲ့အထိ ဒီအစားအစာကို ရှောင်လိုက်ပါ။ အနာပျောက်ဖို့အတွက် ခံတွင်းသန့်ရှင်းရေးကလည်း အရေးပါတဲ့အတွက် အစာစားပြီးတိုင်း သွားတိုက်ပါ (သို့) ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းပါ။ ခံတွင်းကို သန့်သန့်ရှင်းရှင်းထားခြင်းက အနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
သင့်တော်သောအစားအစာများ
အေးသောအစားအစာတွေနဲ့ ဖျော်ရည်တွေက ပါးစပ်အနာ သက်သာစေပါတယ်။ နောက်တစ်ချက်ကတော့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားတာထက် ချက်ပြုတ်စားသောက်တာက ပါးစပ်ထိရှခြင်းကို သက်သာစေပါတယ်။ လတ်ဆတ်တဲ့ အစားအစာတွေဟာ စည်သွတ်ဘူးတွေထက်စာရင် အက်ဆစ်ပါဝင်မှုနည်းသလို ကြာရှည်ခံ အသင့်ပြုလုပ်ထားတဲ့ အစားအစာတွေထက်စာရင်လည်း ဆားပါဝင်မှုနည်းတဲ့အတွက် ပိုကောင်းပါတယ်။ အစေ့အဆန်တွေနဲ့ အသားတွေမှာလည်း အက်ဆစ်ပါဝင်မှု နည်းတဲ့အတွက် ပါးစပ်အနာအတွက် ကောင်းပါတယ်။ အစာစားနေစဉ် ရေခဲရေ၊ နို့အေး စတာတွေကို သောက်ပေးခြင်းဖြင့် အခြားအစားအစာတွေကနေ ကျန်ခဲ့တဲ့ အကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ကန့်သတ်စားသုံးသင့်သော အစားအစာများ
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက အာဟာရဓာတ် ပြည့်ဝပြီး ကိုယ်ခံအားကောင်းစေပေမယ့် အများစုက အက်ဆစ်ဓာတ် ပါဝင်တဲ့အတွက် ပါးစပ်အနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ပန်းသီး၊ သရက်သီး၊ လိမေ္မာ်သီး၊ မက်မွန်သီး၊ သစ်တော်သီး၊ ဆီးသီး၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ဆီးချိုသီးတွေ အပါအဝင် အက်ဆစ်ဓာတ်ပါတဲ့အသီးတွေကို ပါးစပ်အနာပျောက်မှ ပြန်စားသင့်ပါတယ်။ ဖျော်ရည်၊ ဆော့စ်နဲ့ အချဉ်သိပ်ထားတဲ့အရာတွေက ပါးစပ်အနာကို ပိုဆိုးစေပါတယ်။ ဒါ့အပြင် အချိုတွေစားရင် ဘက်တီးရီးယားပိုးတွေက ဒီအချိုတွေကို အက်ဆစ်အဖြစ် အချဉ်ဖောက်စေပြီး အနာကျက် နှေးစေနိုင်သလို သွားပိုးစားခြင်း ဖြစ်စေနိုင်တဲ့အတွက် အချိုကိုလည်း ရှောင်ရပါမယ်။
ရှောင်ကြဉ်ရမည့် အစားအစာများ
ပူလွန်းစပ်လွန်းသော အစားအစာတွေကလည်း အနာကို စူးရှနာကျင်စေပါတယ်။ အက်ဆစ်ဓာတ်ပါဝင်မှု မြင့်မားတဲ့ သံပုရာသီး၊ သံပုယိုသီး၊ နာနတ်သီး၊ စပျစ်သီးနဲ့ သလဲသီးတွေကလည်း တူညီတဲ့သက်ရောက်မှု ရှိပါတယ်။ အချဉ်သိပ်ထားတဲ့ အစားအစာတွေနဲ့ ရှာလကာရည်ပါတဲ့ အသုပ်တွေမှာလည်း အက်ဆစ်ဓာတ်ပါဝင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။ အခွံမာသီးတွေနဲ့ အစေ့တွေက အနာတွေကို ထိမိပြီး ကုတ်ခြစ်မိစေပြီး အစသေးသေးလေးတွေ ပါးစပ်ထဲမှာ ကျန်ခဲ့စေနိုင်ပါတယ်။
သိထားသင့်သည့်အချက်များ
အနာကြောင့် ဆက်တိုက် နေလို့မကောင်းဘူးဆိုရင် ထုံဆေးပါတဲ့လိမ်းဆေး လိမ်းပေးနိုင်ပါတယ်။ အနာ ပိုဆိုးလာရင် (သို့) အနာမပျောက်ဘဲ နှစ်ပတ်လောက်ကြာပြီး မကြာခဏ ပြန်ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ဖြစ်စေ၊ သွားဆရာဝန်နဲ့ဖြစ်စေ သေချာပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























