/
node/5026

ခန္ဓာကိုယ်ရဲ့ အစာခြေစနစ် ကောင်းမွန်စေဖို့အတွက် လိုက်နာသင့်တဲ့အချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အစာအိမ် အူလမ်းကြောင်း ကျန်းမာရေးဟာ မိမိနေထိုင်တဲ့ လူနေမှုပုံစံနဲ့ စားသုံးတဲ့ အစားအသောက်တွေပေါ်မှာ များစွာတည်မှီနေပါတယ်။ အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေရန်နဲ့ ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။

 

1.      အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားသုံးပေးပါ။ အမျှင်ဓာတ် ပါ၀င်မှု မြင့်မားတဲ့ အစားအစာတွေဖြစ်တဲ့ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနဲ့ သစ်သီးတွေကို စားသုံးခြင်းဖြင့် အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေဟာ အစာအိမ်အူလမ်းကြောင်းကနေ အစာတွေ ရွေ့လျားစေဖို့ အကူအညီပေးနိုင်တာကြောင့် ၀မ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ ထို့ပြင် အူအတက်ငယ်လေးများထွက်ခြင်း၊ လိပ်ခေါင်းရောဂါဖြစ်ခြင်း၊ အူလမ်းကြောင်းရောဂါဖြစ်ခြင်းတို့ကို ကာကွယ်ကုသပေးနိုင်၍ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာတွင်လည်း အကူအညီပေးပါတယ်။

 

2.      ပျော်၀င်နိုင်သော အမျှင်ဓာတ်နဲ့ မပျော်၀င်နိုင်တဲ့ အမျှင်ဓာတ် နှစ်မျိုးလုံးကို စားသုံးရန် လိုအပ်ပါတယ်။ မပျော်၀င်နိုင်တဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာကိုယ်မှ မချေဖျက်နိုင်တာကြောင့် ၀မ်းမှန်စေရန် ကူညီပေးနိုင်ပါတယ်။ ရေမှာပျော်၀င်တဲ့ အမျှင်ဓာတ်တွေကတော့ ရေကို ဆွဲထားတာကြောင့် ၀မ်းသွားတဲ့အခါ ရေတွေအများကြီး မဆုံးရှုံးအောင် လုပ်ဆောင်ပေးပါတယ်။ မပျော်၀င်နိုင်တဲ့ အမျှင်တွေပါ၀င်တဲ့ အစားအစာတွေကတော့ ဂျုံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်ပဲသီးနှံတွေဖြစ်ပြီး ပျော်၀င်နိုင်တဲ့အမျှင်တွေကိုတော့ ကွေကာအုပ်၊ မြေပဲ။ အစေ့အမျိုးမျိုးနဲ့ ပဲတွေကနေ ရရှိနိုင်ပါတယ်။

3.      အဆီပါ၀င်မှု မြင့်မားတဲ့ အစားအစာတွေ စားသုံးခြင်းကို လျှော့ချပါ။ ယေဘုယျအားဖြင့် အဆီပါ၀င်တဲ့ အစားအစာတွေဟာ အစာခြေစနစ်ကို နှေးကွေးစေနိုင်တာကြောင့် ၀မ်းချုပ်စေနိုင်ပါတယ်။ ဒါပေမဲ့ အစားအသောက်ထဲမှာ အဆီအနည်းငယ် ပါ၀င်ဖို့လည်း လိုအပ်သေးတာကြောင့် အဆီပါ၀င်တဲ့ အစားအစာတွေကို အမျှင်ဓာတ်မြင့်မားတဲ့ အစာတွေနဲ့ တွဲဖက်စားသုံးပေးသင့်ပါတယ်။

4.      အဆီနည်းတဲ့ အသားများကို ရွေးချယ်စားသောက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံထဲမှာ ပရိုတင်းဓာတ်ဟာ အဓိကကျတာမှန်ပေမယ့် အသားမှာ တွယ်ကပ်နေတဲ့ အဆီတွေကြောင့် အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားစားတော့မယ်ဆိုရင် အဆီနည်းတဲ့ ၀က်ပေါင်သားနဲ့ အရေခွံမပါတဲ့ ကြက်၊ ငှက်သားတွေကို ရွေးချယ်သင့်ပါတယ်။

Kremil-S 1

5.      နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့အတူ ခန္ဓာကိုယ်အကျိုးပြု ပိုးမွှားတွေပါ၀င်တဲ့ အစားအသောက်တွေကိုပါ တွဲဖက်စားသုံးပေးပါ။ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားပိုးတွေဟာ အစာအိမ် အူလမ်းကြောင်းမှာ သဘာ၀အတိုင်း ရှိနေတတ်ကြပါတယ်။ ထိုပိုးမွှားတွေဟာ အစားအသောက် ချို့တဲ့မှု၊ ပဋိဇီ၀ဆေးဝါးများ၊ စိတ်ဖိစီးမှုစတဲ့ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေကို တွန်းလှန်နိုင်စွမ်း ရှိကြပါတယ်။ ထို့ပြင် အစာစုပ်ယူမှု အားကောင်းစေခြင်း၊ Lactose သကြားဓာတ်ကို ဖြိုခွဲရာတွင် အကူအညီပေးခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အူလမ်းကြောင်း မအီမသာဖြစ်တဲ့ ရောဂါတွေကို ကုသရာမှာ အကူအညီပေးခြင်း စတဲ့ ကောင်းကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် အကျိုးပြုပိုးမွှားတွေ ပါ၀င်တဲ့ အဆီမပါတဲ့ ဒိန်ချဉ်၊ ဒိန်ခဲတို့ကို နေ့စဉ်နေ့တိုင်း စားသုံးပေးသင့်ပါတယ်။

 

6.      အစားကို အချိန်မှန် စားသုံးပါ။ ထမင်းနဲ့ သရေစာစားချိန်ကို တသမတ်တည်း သတ်မှတ်ထားခြင်းဖြင့် အစာခြေစနစ်ကို အကောင်းဆုံး ထိန်းထားနိုင်ပါတယ်။ နံနက်စာ၊ နေ့လယ်စာ၊ ညစာနဲ့ သရေစာစားချိန်တွေကို နေ့စဉ်နေ့တိုင်း အချိန်တူတူ စားဖို့အတွက် ကြိုးစားပါ။

7.      ရေဓာတ် အမြဲပြည့်၀နေပါစေ။ ရေများများ သောက်ခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အစာခြေစနစ်ထဲမှာ ရှိနေတဲ့ရေဟာ အဆီနဲ့ အမျှင်ဓာတ်တွေကို ပျော်၀င်စေတဲ့အတွက် အလွယ်တကူ ချေဖျက်နိုင်မှာ ဖြစ်ပါတယ်။

Kremil-S 2

8.      မကောင်းတဲ့အကျင့်ဆိုးများကို ရှောင်ကြဉ်ပါ။ ဆေးလိပ်၊ အရက်နဲ့ ကဖိန်းဓာတ် ပါ၀င်တဲ့ဖျော်ရည်တွေကို အလွန်အကျွံ သောက်သုံးခြင်းဟာ အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပေးရုံသာမက အစာအိမ်နာနဲ့ ရင်ပူခြင်းတို့ကိုလည်း ဖြစ်စေတတ်ပါတယ်။

 

9.      လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဟာ အစာအိမ် အူလမ်းကြောင်းမှ အစာတွေ ရွေ့လျားဖို့အတွက် အကူအညီပေးတာကြောင့် ၀မ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ ထို့ပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းထားနိုင်တာကြောင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ဖို့ရာ အချိန်ဇယား ဆွဲထားသင့်ပါတယ်။

 

10.    စိတ်ဖိစီးမှုများကို လျှော့ချပါ။ စိတ်ဖိစီးမှုတွေ၊ စိတ်ပူပန်မှုတွေ များပြားခြင်းကြောင့် အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မိမိအတွက် အဆင်ပြေမယ့် စိတ်ဖိစီးမှု လျှော့ချခြင်း လှုပ်ရှားမှုတွေကို ပုံမှန်ပြုလုပ်ပေးနေဖို့ လိုအပ်ပါတယ်။

          မိမိစားသုံးမှုပုံစံနဲ့ အစာခြေစနစ် ကောင်းမွန်ခြင်းတို့ဟာ တိုက်ရိုက်အချိုးကျနေတာကြောင့် အထက်ပါအချက် 10 ချက်ကို လိုက်နာခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)