/
node/5245

မိမိကိုယ်ကို သတ်သေချင်လောက်အောင် စိတ်ဓာတ်ကျခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အောင်မြင်မှုတွေနဲ့ ပျော်ရွှင်တက်ကြွနေရမယ့်အချိန်မှာ ဘဝကို အရှုံးပေး ထွက်ခွာသွားတဲ့ K-Pop Star လေးတစ်ယောက်ရဲ့ သတင်းဟာ  ဒီရက်ပိုင်းမှာ လူအများကို ထိတ်လန့်အံ့သြသွားစေခဲ့ပါတယ်။ မိမိကိုယ်ကို သတ်သေခြင်းဆိုတဲ့ ကိစ္စကြီးဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာတာကို တွေ့နေရပါတယ်။ ဒီပြဿနာရဲ့ အရင်းအမြစ်က ဘာတွေများပါလဲ ...

          လူတော်တော်များများကတော့ စိတ်မကြည်သာဖြစ်မှုကို တစ်ချိန်မဟုတ် တစ်ချိန်တော့ ခံစားဖူးကြပါတယ်။ ဒါပေမဲ့ စိတ်ကျရောဂါကတော့ ပိုဆိုးတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။

          အတွေ့ရများတဲ့ စိတ်ကျရောဂါ လက္ခဏာတွေကတော့  -

1.       အလိုလိုနေရင်း ဝမ်းနည်းအားငယ် မလှုပ်ချင် မကိုင်ချင်ဖြစ်ပြီး စိတ်ပူပင်သောက များလာခြင်း

2.       မိမိကိုယ်ကို လေးစားမှု နည်းလာပြီး အကူအညီ ကင်းမဲ့သလို ခံစားရခြင်း (သို့) မိမိကိုယ်ကို အပြစ်မကင်းသလို ခံစားနေရခြင်း

3.       ဘဝမှာ မျှော်လင့်ချက် မဲ့လာပြီး အသက်ဆက်ရှင်သန်ရန် အင်အားမရှိတော့ခြင်း

4.       အလိုလိုနေရင်း စိတ်ဆတ်လာကာ ဂနာမငြိမ် ဖြစ်လာခြင်း

5.       မူလက မိမိကြိုက်နှစ်သက်ခဲ့သော အရာတို့ကိုပင် စိတ်မဝင်စားတော့ခြင်း (ဥပမာ - စာဖတ်ခြင်း၊ ဂိမ်းဆော့ခြင်း)

6.       အားမရှိသကဲ့သို့ဖြစ်ကာ အမြဲတမ်းနွမ်းနယ်နေခြင်း

7.       အာရုံ မစူးစိုက်နိုင်တော့ခြင်း၊ သတိမေ့လွယ်လာခြင်း

8.       အိပ်စက်မှုပုံစံ ပြေင်းလဲခြင်း (ဥပမာ - ညဘက် အိပ်မပျော်ခြင်း၊ မနက်စောစော နိုးနေခြင်း)

9.       စားသောက်မှုပုံစံ ပြောင်းလဲလာခြင်း (အစာစားချင်စိတ် မရှိတာ ဖြစ်နိုင်သလို ခဏခဏ စားချင်နေတာလည်း ဖြစ်နိုင်ပါတယ်။)

10      ခေါင်းကိုက်ခြင်း၊ ဗိုက်နာ ဗိုက်အောင့်ခြင်း၊ ခြေလက်ကိုက်ခဲခြင်းတို့ ဖြစ်ကြပါတယ်။

          ဒီအချက်တွေထဲက တချို့တစ်ဝက်ကို ခံစားနေရပြီဆိုရင် မိမိရဲ့ စိတ်အခြေအနေကို သုံးသပ်သင့်ပါတယ်။

          စိတ်ကျရောဂါ ခံစားနေရတယ်ဆိုရင် ကိုယ်တစ်ယောက်တည်း ကြိတ်မကုသင့်ပါဘူး။ စိတ်ကျရောဂါကို ကုသရာမှာ စိတ်ရောဂါကုဆရာဝန်နဲ့ ပြသပြီး ဆေးသောက်နိုင်သလို ဆွေးနွေးတိုင်ပင် ပြောဆိုခြင်းဖြင့်လည်း သက်သာစေနိုင်ပါတယ်။ အရေးကြီးဆုံးကတော့ မိမိရဲ့ ချစ်ခင်ယုံကြည်ရတဲ့မိသားစု မိတ်ဆွေတွေရဲ့ ကူညီစောင့်ရှောက်မှုပဲ ဖြစ်ပါတယ်။

          စိတ်ဓာတ်ကျတဲ့သူဟာ မိမိရဲ့ နေ့စဉ်လုပ်ငန်းတွေကို မစွမ်းဆောင်နိုင်တော့သလို ဘယ်အရာကိုမှ အာရုံစိုက် မလုပ်ဆောင်နိုင်တော့ပါဘူး။ ဘဝဟာ အဓိပ္ပာယ်ကင်းမဲ့သလို ဖြစ်လာပြီး နောက်ဆုံးမှာတော့  မိမိကိုယ်ကို သတ်သေတဲ့အထိ ဆိုးဝါးနိုင်ပါတယ်။

 

          ဒါကြောင့် မိမိကိုယ်တိုင်နဲ့  မိမိချစ်ခင်ရသူတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ မိမိကိုယ်ကို သတ်သေနိုင်တဲ့လက္ခဏာတွေကိုလည်း သိထားသင့်ပါတယ်။ 

>>    လူတစ်ယောက်ဟာ မိမိကိုယ်ကို သတ်သေဖို့ ကြိုးစားနေတယ်ဆိုတာကို သိနိုင်တဲ့ အချက်တွေကတော့ -

1.       သေခြင်းတရားအကြောင်း အမြဲပြောဆိုနေခြင်း

2.       အထက်ဖော်ပြပါ စိတ်ကျရောဂါရဲ့လက္ခဏာများ ပိုမိုဆိုးဝါးလာခြင်း

3.       သေနိုင်လောက်သော စွန့်စားမှုများ လုပ်လာခြင်း (ဥပမာ - ကား အမြန်မောင်းခြင်း၊ ကားလာနေစဉ် လမ်းဖြတ်ကူးခြင်း)

4.       ယခင်က စိတ်ဝင်စားခဲ့သောအရာများကိုပင် စိတ်မဝင်စားတော့ဘဲ ဘဝဟာ အဓိပ္ပာယ်မရှိပါဘူး၊ မျှော်လင့်ချက် မရှိပါဘူးဟု မကြာခဏ ညည်းတွားတတ်ခြင်း

5.       ငါမရှိမှ အေးမှာ၊ ငါသေမှ အေးမှာ အစရှိသဖြင့် ခဏခဏ ပြောလာခြင်း

6.       စိတ်အပြောင်းအလဲ အလွန်မြန်လာခြင်း (ဝမ်းနည်းငိုကြွေးနေရာမှာ ရုတ်တရက် ထရယ်သလို၊ ပျော်ရွှင်နေရာမှ အေးတိအေးစက်ပုံစံ ပြောင်းသွားခြင်း)

7.       မိမိကိုယ်ကို သတ်သေမည့်အကြောင်းကို ခဏခဏ ပြောဆိုခြင်း

8.       အပေါင်းအသင်းမိတ်ဆွေများထံ အလည်သွားရောက်၍ နှုတ်ဆက်စကားပြောခြင်းတို့ ဖြစ်ပါတယ်။

          အထူးသဖြင့် ယခင်က မိမိကိုယ်ကို သတ်သေရန် ကြံစည်ဖူးသူမှာ ထပ်မံကြံစည်နိုင်ခြေ ပိုများပါတယ်။

          ဒါကြောင့် ကိုယ့်ရဲ့မိတ်ဆွေ အပေါင်းအသင်းများထံမှာ ဒီလိုလက္ခဏာတွေ တွေ့လာရပြီဆို ပေါ့ပေါ့တန်တန် သဘောမထားဘဲ သူ့စကားကို အလေးထား နားထောင်ခြင်းဖြင့် မိမိချစ်သောသူတို့ကို တစ်ဖက်တစ်လမ်းမှ ကာကွယ်စောင့်ရှောက်ကြပါစို့ ...။ 

Dr. Khin Cho (www.drmyanmar.com)