သောက်ဆေးလုံးလေးတွေကို ကြိတ်ချေ သောက်သင့်၊ မသောက်သင့်
သောက်ဆေးလုံးလေးတွေကို အလုံးလိုက် သောက်ရတာ အဆင်မပြေတဲ့အခါ အခြားပုံစံတွေဖြစ်တဲ့ ကပ်ခွာပုံစံ၊ အရည်ပုံစံ၊ ရှူဆေးပုံစံတွေနဲ့ အသုံးပြုတာက ကျန်းမာရေးနဲ့ ပိုမိုညီညွတ်ပါတယ်။ သောက်ဆေးကို ကြိတ်သောက်တာဟာ တချို့အခြေအနေမှာ အသက်ဆုံးရှုံးရသည်အထိ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုရင် ဆေးတော်တော်များများမှာ ဆေးအာနိသင်ကို တဖြည်းဖြည်းချင်း စိမ့်ထွက်စေနိုင်တဲ့ အပေါ်ယံ Coating အလွှာလေးတွေ ထည့်ထားတတ်ပါတယ်။ ကြိတ်ချေလိုက်တဲ့ ဆေးလုံးတွေမှာ ဒီအပေါ်ယံအလွှာလေး ပျက်စီးသွားတဲ့အတွက် ပုံမှန်ထက် ဆေးပမာဏ အများကြီး ခန္ဓာကိုယ်ထဲ စိမ့်ဝင်ပျံ့န့ှံသွားတာမျိုးတွေ ရှိလာနိုင်ပါတယ်။
အထူးသဖြင့် တစ်နေ့တစ်ကြိမ်သာ သောက်သုံးရတဲ့ဆေးတွေမှာ 24 နာရီလုံးလုံး ဆေးပမာဏ နည်းနည်းစီ စိမ့်ထွက်စေတဲ့ အပေါ်ယံအလွှာလေးတွေ ပါတတ်ပါတယ်။ ဒီလိုဆေးမျိုးကို ကြိတ်ချေလိုက်ခြင်းဖြင့် သောက်ခါစမှာ ဆေးပမာဏ ပုံမှန်ထက် များသွားပြီး နောက်ပိုင်းမှာ ဘာအာနိသင်မှ မရှိတော့တာမျိုးတွေကို တွေ့ရတတ်ပါတယ်။
ဒီလိုအဖြစ်မျိုး တွေ့ရများတဲ့ လူတွေကတော့ ဆေးမျိုရ ခက်လာတတ်တဲ့ သက်ကြီးရွယ်အို ဘိုးဘိုးဘွားဘွားတွေပဲ ဖြစ်ပါတယ်။ ပြုစုစောင့်ရှောက်ပေးတဲ့ လူတွေဟာ အဘိုးအဘွားတွေကို ဆေးကြိတ်တိုက်တတ်တဲ့အတွက် နောက်ပိုင်းမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံလာရတတ်ပါတယ်။
အဖြစ်များတဲ့ ဆေးအမျိုးအစားတွေကတော့ -
• Tamoxifen - ရင်သားကင်ဆာလူနာတွေမှာ ဟော်မုန်းကုသမှုအနေနဲ့ပေးတဲ့ ဒီဆေးဟာ ကြိတ်ချေ မသောက်သင့်ပါဘူး။ ကြိတ်ချေတဲ့လူတွေမှာ ဒီဆေးကို ရှုမိပြီး ဆေးဆိုးကျိုးဒဏ်ကို ခံရနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပိုပြီးသတိထားသင့်ပါတယ်။
• Morphine - အပြင်းစား အကိုက်အခဲပျောက်ဆေး တစ်မျိုးအနေနဲ့ အသုံးပြုတဲ့ မော်ဖင်းဆေးကို ကြိတ်ချေသောက်မယ်ဆိုရင်တော့ ဆေးပမာဏ လွန်ကဲပြီး နောက်ဆုံး အသက်ဆုံးရှုံးရသည်အထိ ဖြစ်တတ်ပါတယ်။
• Nifedipine - သွေးတိုး၊ နှလုံးရောဂါတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့ ဒီဆေးဟာ ကြိတ်သောက်တတ်တဲ့သူတွေမှာ ခေါင်းမူးခေါင်းကိုက် တတ်တာကစလို့ လေဖြတ်၊ နှလုံး ဖောက်တတ်တဲ့အထိ ဆိုးကျိုးတွေ ရတတ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























