ကညွတ် နှင့် ကျန်းမာရေးကောင်းကျိုး
ကညွတ်ဟာ ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ တွင်တွင်ကျယ်ကျယ် စားသုံးကြတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပဲ ဖြစ်ပါတယ်။ အစိမ်းဖြစ်စေ၊ အမျိုးမျိုး ချက်ပြုတ်ပြင်ဆင်ပြီးဖြစ်စေ စားလေ့ရှိကြပြီး ဘယ်လိုစားစား အရသာထူးတဲ့ အသီးအရွက်တစ်မျိုးလည်း ဖြစ်ပါတယ်။
ကညွတ်မှာ Folate ၊ ဗီတာမင် K ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တွေ အဓိက ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အထူးသင့်တော်ကောင်းမွန်ပြီး နှလုံးရောဂါနဲ့ အရိုးပွရောဂါတို့ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် E ၊ နိုင်ယာစင်ဓာတ်၊ ဗီတာမင် B6 နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်း အနည်းအကျဉ်းစီ ပါဝင်ပါသေးတယ်။
ကညွတ်ဟာ အာဟာရဓာတ်တွေ ပြည့်ဝတဲ့အပြင် ပြင်ဆင်ချက်ပြုတ်ရတာလည်း လွယ်ကူလှပါတယ်။
>> ကျန်းမာရေးအကျိုးကျေးဇူးများ
ဟင်းသီးဟင်းရွက် အများစုဟာ စားသောက်နေထိုင်မှု ပုံမမှန်တဲ့အတွက် ဖြစ်လေ့ရှိတဲ့ ဆီးချို၊ သွေးတိုး၊ အဝလွန်ခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါအချို့ကို ကာကွယ်နိုင်ပြီး ဒီရောဂါတွေကြောင့် သေဆုံးမှုနှုန်းကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် အသားအရည်၊ ဆံကေသာနဲ့ ကိုယ်ခံစွမ်းအားတို့ကို တိုးမြှင့် ကောင်းမွန်စေနိုင်ပါတယ်။
1. သနေ္ဓသား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်း
ကညွတ်မှာ Folate ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တဲ့အတွက် ကြီးထွားမှု မြန်ဆန်နေတဲ့ အချိန်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မွေးခါစကလေးငယ်တွေနဲ့ ကြီးကောင်ဝင်စ လူငယ်တွေအတွက် အထူးပင် ကောင်းမွန်ပါတယ်။
2. စိတ်ဓာတ်ကျခြင်းကို လျော့ကျစေခြင်း
ကညွတ်မှာ ပါဝင်တဲ့ Folate ဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ Homocysteine ဆိုတဲ့ ဓာတ်တစ်မျိုး စုပုံမလာအောင် ကာကွယ်ပေးနိုင်တဲ့အတွက် စိတ်ဓာတ်ကျခြင်းကို နည်းပါးစေပါတယ်။
3. နှလုံးကို ကျန်းမာစေနိုင်ခြင်း။
အပေါ်မှာ ဆိုခဲ့တဲ့ Homocysteine ဓာတ်ဟာ နှလုံးသွေးကြောကျဉ်းခြင်းကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
4. အရိုးပွခြင်းကို ကာကွယ်ပေးခြင်း
Vitamin K ဓာတ် လျော့နည်းခြင်းဟာ အရိုးကျိုးခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။ ကညွတ်ဟင်းတစ်ခွက် စားခြင်းဖြင့် ဗီတာမင် K တစ်နေ့တာ လိုအပ်ချက်ရဲ့ တစ်ဝက်လောက်ကို ဖြည့်တင်းပေးနိုင်တာကြောင့် ကယ်လ်ဆီယမ် စုပ်ယူမှုကို များစေပြီး ဆီးထဲ ကယ်လ်ဆီယမ် စွန့်ပစ်မှုကို နည်းစေနိုင်ပါတယ်။ ဒါ့အပြင် ကညွတ်မှာ ပါဝင်တဲ့ သံဓာတ်က အရိုးနဲ့ အဆစ်အမြစ်တွေကို သန်မာစေနိုင်ပါတယ်။
5. ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း
Folate ဓာတ်နည်းပါးခြင်းဟာ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နှုန်း များစေနိုင်ပါတယ်။ Folate ပါဝင်မှုများတဲ့ အစားအစာတွေကို စားသုံးသူတွေမှာ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
6. အစာခြေနှုန်း မြန်ဆန်စေခြင်း
ကညွတ်မှာ အမျှင်ဓာတ်နဲ့ ရေဓာတ်တွေ ကြွယ်ဝတဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး ဝမ်းရှင်းစေတဲ့အတွက် အူမကြီးကင်ဆာဖြြစ်ခင်းကို လျော့နည်းစေနိုင်ပါတယ်။
အမျှင်ဓာတ်ဟာ ဝမ်းမှန်စေတဲ့အတွက် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို သည်းခြေရည်နဲ့ ဝမ်းမှတစ်ဆင့် စွန့်ပစ်ပေးပါတယ်။
ဒါ့အပြင် အမျှင်ဓာတ်ဟာ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ရောဂါနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတချို့ကို ကာကွယ်ပေးနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























