အစာအိမ်နဲ့အူလမ်းကြောင်းအပေါ်ပိုင်းကိုမှန်ပြောင်းကြည့်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားရမလဲ
1. ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပါ။
ဆရာဝန်ကိုကိုယ့်မှာရှိတဲ့ရောဂါအခြေအနေ၊ လက္ခဏာတွေ၊ ဓာတ်မတဲ့တာတွေ၊ သောက်နေကျအားဆေးအပါအဝင် Aspirin, အဆစ်ရောင်ရောဂါဆေးတွေ၊ သွေးကျဲဆေးတွေ၊ သွေးတိုးကျဆေး၊ ဆီးချိုဆေး၊ အကိုက်အခဲပျောက်ဆေး (ibuprofen, naproxen) စတဲ့ဆေးတွေသောက်နေရင်သေချာပြောပြပါ။
မှန်ပြောင်းကြည့်ဖို့ပြင်ဆင်တဲ့အခါ ဆေးအများစုကပုံမှန်အတိုင်းဆက်သောက်လို့ရပေမယ့် အချို့ဆေးတွေကိုတော့ ရပ်ထားဖို့ (သို့) သောက်ရမယ့်ပမာဏကိုထိန်းညှိဖို့လိုပါတယ်။ ဘယ်ဆေးတွေကိုဘယ်လိုပြောင်းသောက်ရမယ်ဆိုတာကိုဆရာဝန်ကပြောပြပါလိမ့််မယ်။
Kremil-S 1
2. အိမ်ကိုဘယ်လိုပြန်မှာလဲဆိုတာ သေချာစီစဉ်ထားပါ။
မှန်ပြောင်းကြည့်ချိန်မှာစိတ်ငြိမ်ဆေးတွေပေးထားတဲ့အတွက် ဆေးအရှိန်တွေဆက်ရှိနေဦးမှာဖြစ်လို့ မှန်ပြောင်းကြည့်ပြီး ၂၄ ကြာတဲ့အထိကား၊ဆိုင်ကယ်စတဲ့စက်တပ်ယာဉ်တွေမောင်းလို့မရပါဘူး။ ဒါကြောင့် မှန်ပြောင်းကြည့်ပြီးရင် ဘာနဲ့ ဘယ်လိုပြန်မလဲဆိုတာကိုသေချာစီစဉ်ထားဖို့လိုပါတယ်။
3. မှန်ပြောင်းမကြည့်ခင် ၈ နာရီလောက်အလိုကတည်းကဘာမှမစားမသောက်ပါနဲ့။
အစာအိမ်နဲ့အူလမ်းကြောင်းအပေါ်ပိုင်းကိုရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့အတွက် မှန်ပြောင်းမကြည့်ခင် ၈ နာရီလောက်ခွာပြီး ဘာမှမစားမသောက်ဖို့ ဆရာဝန်ကညွှန်ကြားပါလိမ့်မယ်။
Kremil-S 2
>> အစာအိမ်နဲ့အူလမ်းကြောင်းအပေါ်ပိုင်းမှန်ပြောင်းကြည့်တယ်ဆိုတာဘယ်လိုကြည့်တာလဲ
မှန်ပြောင်းကြည့်တာကဆေးရုံသို့၊ ပြင်ပလူနာဌာနတစ်ခုခုမှာကြည့်လို့ရပါတယ်။ မှန်ပြောင်းကြည့်နေတုန်းမှာသက်တောင့်သက်သာရှိစေဖို့နဲ့ တင်းကြပ်မနေစေဖို့အတွက် စိတ်ငြိမ်ဆေး (သို့) ဆေးတစ်မျိုးမျိုး ကြိုပြီးအကြောထဲကို ထိုးပေးပါတယ်။ တချို့မှာဆိုရင် စိတ်ငြိမ်ဆေးကြိုမပေးဘဲလုပ်ရတာမျိုးလည်းရှိပါတယ်။ ဒါ့အပြင် မှန်ပြောင်းကြည့်နေတုန်းပါးစပ်အတင်းကြီးပိတ်မသွားစေဖို့အတွက် ပါးစပ်ထဲကိုထုံဆေးကြိုဖြန်းတာ၊ ကြိုပြီးပလုပ်ကျင်းခိုင်းတာတွေလုပ်ရပါတယ်။ ဝန်ထမ်းတွေကလူနာရဲ့ အရေးကြီးတဲ့လက္ခဏာတွေကိုစောင့်ကြည့်နေပြီး အတတ်နိုင်ဆုံးလူနာကိုသက်တောင့်သက်သာရှိအောင်ထားပါလိမ့်မယ်။
ပြီးရင်တော့ လူနာကိုစမ်းသပ်မယ့်စားပွဲပေါ်မှာဘေးစောင်းအိပ်စေပါတယ်။ ပြီးရင်တော့ ဆရာဝန်က မှန်ပြောင်းကိုအစာပြွန်မှတစ်ဆင့် အစာအိမ်ထဲအူသိမ်ထဲအထိဂရုတစိုက်ထည့်လိုက်ပါတယ်။ မှန်ပြောင်းထိပ်မှာတပ်ထားတဲ့ ကင်မရာသေးသေးလေးကအူလမ်းကြောင်းထဲမှာတွေ့ရတဲ့အရာလေးတွေကို အပြင်ကတီဗွီဖန်သားပြင်ဆီကိုပို့ပေးပါတယ်။ ပိုပြီး ရှင်းရှင်းလင်းလင်းနဲ့လွယ်ကူစွာမြင်နိုင်ဖို့အတွက် မှန်ပြောင်းက လေတွေမှုတ်ပေးပါတယ်။
မှန်ပြောင်းနဲ့ကြည့်နေစဉ်အတွင်းမှာ-
- အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ တစ်သျှူးစ၊ ဆဲလ်၊ အရည်အနည်းငယ်ကိုစစ်ဆေးကြည့်ဖို့အတွက် ယူထားပါလိမ့်မယ်။
- သွေးထွက်တယ်ဆိုရင် ကြည့်နေတာကိုရပ်လိုက်ပါတယ်။
- တခြားလိုတဲ့အရာတွေကိုလည်းလုပ်ပေးသွားပါတယ်။ (ဥပမာ- တစ်သျှူးတွေအရမ်းကပ်နေတာကိုခွာပေးတာ)
မှန်ပြောင်းကြည့်တာက ၁၅-၃၀ မိနစ်လောက်ကြာတတ်ပါတယ်။ မှန်ပြောင်းကြည့်တာက အသက်ရှူတာကိုထိခိုက်မှုမရှိပါဘူး။ လူနာတော်တော်များများက ကြည့်နေစဉ်မှာအိပ်ပျော်သွားတတ်ကြပါတယ်။
>> မှန်ပြောင်းကြည့်ပြီးရင် ဘာတွေဆက်လုပ်ရမလဲ။
- စိတ်ငြိမ်ဆေးအရှိန်ပြယ်သွားဖို့အတွက် ဆေးရုံမှာ ၁-၂ နာရီလောက်ဆက်နေရပါမယ်။
- အိမ်ပြန်ပြီးရင်လည်း တစ်နေ့လုံးနားနေဖို့လိုပါတယ်။
- မှန်ပြောင်းကြည့်ပြီး ခဏကြာတဲ့အထိ ဗိုက်ကယ်ခြင်း၊ ပျို့အန်ခြင်းတွေဖြစ်နိုင်ပါတယ်။
- ၁ရက် ၂ ရက်လောက် လည်ချောင်းနာနေနိုင်ပါတယ်။
- ပုံမှန်အတိုင်းမျိုချနိုင်ပြီဆိုရင် စားနေကျအစာတွေစားလို့ရပါပြီ။
မှန်ပြောင်းကြည့်ပြီးတဲ့အခါမှာ လူနာ (သို့) လူနာစောင့်ကို အိမ်ရောက်ရင်ဘယ်လိုနေရမလဲဆိုတာကို ညွှန်ကြားပါလိမ့်မယ်။ ညွှန်ကြားထားတဲ့အတိုင်း သေချာလိုက်နာပါ။
မှန်ပြောင်းကြည့်တဲ့အဖြေအချို့က ကြည့်ပြီးပြီးချင်းရတာလည်းရှိပါတယ်။ အဖြေအကြောင်းဆရာဝန်ကလူနာကို (သို့) မိသားစုဝင်တွေကိုရှင်းပြပေးပါလိမ့်မယ်။ အသားစစစ်ဆေးတာကိုတော့ ဓာတ်ခွဲခန်းတွေမှာစစ်ဖို့လိုပြီးအဖြေသိဖို့ ရက်အနည်းငယ်ကြာပါတယ်။ အသားစအဖြေသိရင် ဆရာဝန်နဲ့ပြန်ပြီးတိုင်ပင်ဆွေးနွေးရပါမယ်။
>> အစာအိမ်နဲ့ အူလမ်းကြောင်းအပေါ်ပိုင်းမှန်ပြောင်းကြည့်တဲ့အတွက် ဘာဆိုးကျိုးတွေရှိနိုင်သလဲ
မှန်ပြောင်းကြည့်တာက ဘာအန္တရာယ်မှ မရှိတာများပါတယ်။ နောက်ဆက်တွဲဆိုးကျိုးလည်းဖြစ်တာနည်းပါတယ်။ ဒါပေမယ့် အောက်ပါအချက်တွေတော့ဖြစ်နိုင်ပါတယ်။
- အသားစယူလိုက်တဲ့နေရာ (သို့) အသီးကိုဖယ်လိုက်တဲ့နေရာကနေသွေးထွက်နိုင်ပါတယ်။
- အစာအိမ်နဲ့အူလမ်းကြောင်းအနားကွပ် ပေါက်သွားနိုင်ပါတယ်။
- စိတ်ငြိမ်ဆေးကို ပုံမမှန်တဲ့တုန့်ပြန်မှုတွေဖြစ်နိုင်ပါတယ်။ (ဥပမာ - အသက်ရှူမြန်ခြင်း သို့ နှလုံးပြဿနာများ)
မှန်ပြောင်းကြည့်လို့ဖြစ်တဲ့ သွေးထွက်တာကကုသမှုမလိုဘဲ သူ့ဟာသူရပ်သွားတာများပါတယ်။ နံရံပေါက်ထွက်တာမျိုးကတော့ ပြင်းထန်ပြီး ဖြစ်လေ့ဖြစ်ထလည်း မရှိပါဘူး။ တချို့နောက်ဆက်တွဲဆိုးကျိုးတွေက ခွဲစိတ်ကုသဖို့လိုပါတယ်။ စိတ်ငြိမ်ဆေးကိုတုန့်ပြန်မှုပုံမမှန်ရင် ဆေးတွေ၊ အကြောဆေးတွေနဲ့ကုလို့ရပါတယ်။
>> ဘယ်လိုအခြေအနေတွေမှာဆေးရုံ၊ဆေးခန်းပြန်သွားပြဖို့လိုသလဲ
အစာအိမ်နဲ့ အူလမ်းကြောင်းအပေါ်ပိုင်းမှန်ပြောင်းကြည့်ပြီးနောက် အောက်ပါလက္ခဏာတွေ တွေ့ရပါက ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားပါ။
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူရခက်ခြင်း
- အစာမျိုချရခက်ခြင်း (သို့) လည်ချောင်းနာခြင်းကပိုဆိုးလာခြင်း
- အန်ခြင်း - အထူးသဖြင့် သွေး (သို့) ကော်ဖီကြမ်းရောင်များအန်ခြင်း
- ဗိုက်အောင့်တာအရမ်းပိုဆိုးလာခြင်း
- သွေးဝမ်း (သို့) ကတ္တရာစေးကဲ့သို့ မည်းနက်စေးပျစ်သောဝမ်းများသွားခြင်း
- အဖျားတက်ခြင်း
Dr. Mya Myo Myo Swe (www.drmyanmar.com)




























