/
node/5378

အသည်း ပျက်စီးစေတတ်တဲ့ အရာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသည်းဟာ ခန္ဓာကိုယ်အတွက် အရေးပါပြီး နုနယ်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ အသည်းဟာ အဆိပ်အတောက်တွေကို ချေဖျက်ပေးခြင်း၊ သည်းခြေရည် ထုတ်ပေးခြင်း၊ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်နဲ့ ဗီတာမင်ဓာတ်တွေကို ပြောင်းလဲပြုပြင်ပေးခြင်း စတဲ့ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပေးပါတယ်။  အသည်းကို သေချာဂရုတစိုက် ထိန်းသိမ်းနိုင်ရဲ့လား? တစ်ခါတစ်ရံ မသိလိုက်ဘဲ ပြုလုပ်မိတာတွေ၊ နေထိုင်စားသောက်မှုပုံစံတွေဟာ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။

 

>>    အသည်းကို ဘာတွေက ထိခိုက်စေနိုင်သလဲ?

          အသည်းဟာ ခန္ဓာကိုယ်မှာ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အတွက် အမှားအယွင်းလေးတစ်ခု ဖြစ်တာနဲ့တင် အကျိုးဆက်တွေကို ခံစားရတတ်ပါတယ်။

          ဒါ့အပြင် အသည်းရောဂါ ရှိနေသူတွေမှာလည်း ဘယ်လိုအစားအစာတွေကို အသည်းကို ပြင်ဆင်ပေးနိုင်တယ်ဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အောက်ပါအချက်တွေကို သိထားရပါမယ်။

 

1.      ကိုလက်စထရော များခြင်း

          ကိုလက်စထရောဟာ အသည်းက ထုတ်လုပ်ပေးတဲ့ အဆီတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ဆဲလ်တွေက လိုအပ်ပါတယ်။ ဒါပေမဲ့ တန်ဆေ းလွန်ဘေးဆိုတာလိုပဲ ပိုလျှံလာတဲ့အခါ အသည်းက မဖျက်ဆီးနိုင်တော့ဘဲ ဒဏ်ပိလာနိုင်ပါတယ်။ ဒီလို ပိုလျှံလာတဲ့အခါ အသည်း အဆီဖုံးတဲ့ရောဂါမျိုးတွေ ဖြစ်လာပါတော့တယ်။  

          ဒါကြောင့် အသား၊ အဆီ၊ အချိုများတဲ့ အစားအစာတွေ၊ ကြက်ဥအနှစ်၊ ဆားများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီး အသီးအရွက်နဲ့ နှံပြောင်းတွေကို စားသုံးသင့်ပါတယ်။

 

2.      ည အိပ်ချိန်နဲ့ ထချိန် နောက်ကျခြင်း

          ကလေးဘဝမှာ မိဘတွေက စောစော အိပ်ခိုင်းတတ်တာကို မှတ်မိကြမှာပါ။ ဒါပေမဲ့ ကြီးလာတာနဲ့အမျှ တာဝန်ဝတ္တရားတွေကြောင့် သော်လည်းကောင်း၊ အကျင့်ပါနေလို့ သော်လည်းကောင်း ညအိပ်ချိန်တွေ နောက်ကျလာပါတယ်။ ဒါပေမဲ့ အသည်းဟာ ညအိပ်ချိန်မှာ အဆိပ်အတောက်တွေကို ချေဖျက်တဲ့အလုပ်ကို လုပ်ပေးပါတယ်။ ပြန်ရည်ကြောတွေက အဆိပ်တွေကို အရင်စွန့်ပစ်ပါတယ်။ ညဘက် 12 နာရီမှ 2 နာရီအတွင်းမှာ အသည်း အဆိပ်ထုတ်လုပ်ငန်း စတင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမှသာ လုပ်ဆောင်နိုင်တာ ဖြစ်တဲ့အတွက် မကြာခဏ ညဥ့်နက်အောင်နေတဲ့အခါ ခန္ဓာကိုယ်က စတင်ပြောင်းလဲလာပါတယ်။ ဒါကြောင့် ပုံမှန်အချိန်ဇယားအတိုင်း လုပ်ကိုင်ပြီး အိပ်ရေးဝဝအိပ်ဖို့ အရေးကြီးပါတယ်။

 

3.      မနက်အိပ်ရာနိုးချိန် ဆီးမသွားခြင်း

          မနက်ဘက်မှာ ရေးကြီသုတ်ပြာနဲ့ အလုပ်သွားပြီး အလုပ်ရောက်မှ အိမ်သာတက်ခြင်းဟာ အန္တရာယ်များတဲ့ အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ ဆီးအောင့်ထားခြင်းဟာ အသည်းကိုရော ကျောက်ကပ်ကိုပါ ဒုက္ခရောက်စေနိုင်ပါတယ်။

 

4.      မနက်စာ မစားခြင်း

          မနက်ခင်းအိပ်ရာက နိုးထလာတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ အချိုဓာတ်ဟာ နည်းပါးနေပါတယ်။ ဒီအချိန်မှာ အသည်းဟာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာများကို မလုပ်ကိုင်တော့ပါဘူး။ လုအများစုဟာ ကိုယ်အလေးချိန် လျှော့ချချင်လို့ဖြစ်စေ၊ အချိန်မရ၍ဖြစ်စေ မနက်စာ မစားဖြစ်တတ်ကြပါဘူး။ လုံးဝမနက်စာကို မရှောင်ပါနဲ့။ မနက်ခင်းမှာ နေ့သစ်တစ်နေ့ကို စတင်ဖို့အတွက် ခန္ဓာကိုယ်၊ အသည်းနဲ့ ဦးနှောက်တွေက အစာအာဟာရကို လိုအပ်ပါတယ်။

 

5.      ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများ

          တစ်ခါတစ်ရံမှာ အချိန်မရလို့ဖြစ်ဖြစ်၊ အလုပ်တာဝန်တွေကြောင့်ဖြစ်ဖြစ် အလွယ်တကူ စားသုံးနိုင်တဲ့ အပြင်စာတွေကို စားမိတတ်ကြပါတယ်။ ဒါပေမဲ့ ကြာလာတဲအခါ ကယ်လိုရီတွေ၊ အချိုတွေ၊ အငန်တွေနဲ့ အဆီတွေက သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်ကို များစေနိုင်ပြီး အသည်း အဆီဖုံးစေနိုင်ပါတယ်။ သတိထားဖို့က အသည်းပျက်ရတာဟာ အဆီနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ အစားအစာတွေကြောင့် ဆိုတာကို မမေ့သင့်ပါဘူး။

 

          အရက်က အသည်းကို ထိခိုက်စေနိုင်တယ်ဆိုတာ ကလေးကအစ သိပါတယ်။ အရက်ဟာ အသည်းက ချေဖျက်ဖို့ ခက်ခဲပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပေးပါတယ်။ အသည်းရဲ့ ဖွဲ့စည်းမှုတွေကို ကမောက်ကမ ဖြစ်စေပါတယ်။ အသည်းဆဲလ်တွေကို ဖျက်စီးပါတယ်။ အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်းနဲ့ အသည်းခြောက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ တစ်နေ့ကို ဝိုင်တစ်ခွက်မျှ သောက်ခြင်းက ကောင်းပေမယ့် ဒီထက်တော့ မများသင့်ပါဘူး။

          ဒီအချက်ကလေးတွေကို ပြုပြင်လိုက်နာသွားမယ်ဆိုရင် ကျန်းမာလှပတဲ့ ဘဝနဲ့ခန္ဓာကို ပိုင်ဆိုင်ရမှာပါ။ ဒါကြောင့် အသည်းကို ကြင်နာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)