ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသော အစားအစာ (10) မျိုး
1. ဟင်းနုနွယ်ရွက်
အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်တဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသော အစားအစာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဟင်းနုနွယ်ရွက်ဟာဆိုရင် ကယ်လိုရီပါဝင်မှု နည်းပါးပြီး ဗီတာမင် A, ဗီတာမင် K နဲ့ မရှိမဖြစ် လိုအပ်တဲ့ Folate ဓာတ်တွေ မြင့်မားစွာ ပါဝင်ပါတယ်။
ကြက်သွန်နဲ့ရောပြီး Omelet လုပ်စားနို်င်သလို ကြော်စား၊ သုပ်စားလို့လည်း ရပါတယ်။
2. ပဲအနက်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အင်တီအောက်ဆီးဒင့်တွေ အပြည့်ပါဝင်သော အနက်ရောင်ပဲတွေဟာ အစာချေ နှေးတဲ့အတွက် အချိန်ကြာ ဗိုက်ပြည့်နေစေပါတယ်။ ဒါ့အပြင် ဒီပဲတွေမှာ ကယ်ဆီယမ်၊ အသားဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပြီး အရသာလည်း အလွန်ကောင်းပါတယ်။
3. သစ်ကြားသီး
အခြားအခွံမာသီးတွေထက် အင်တီအောက်ဆီးဒင့် ပိုများတဲ့ သစ်ကြားသီးမှာဆိုရင် ဗိတာမင် E ၊ အပင်ကရတဲ့ ဆီယမ်၊ Omega 3 အပါအဝင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေ အများကြီး ပါဝင်ပါတယ်။
သစ်ကြားသီးကို အိတ်ထဲမှာ အလွယ်တကူဆောင်ပြီး စားနိုင်ပါတယ်။
4. Beet (သကြားမုန်လာ)
ဦးနှောက်အတွက် ကောင်းမွန်ပြီး သွေးပေါင်ချိန်ကျစေတဲ့ ဒီမုန််လာအမျိုးအစားကလည်း ကမ္ဘာပေါ်က ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသော အစားအစာတွေအနက်က တစ်ခုပါပဲ။ ဒီအရောင်တောက်တဲ့ အမြစ်ကနေရတဲ့ မုန်လာဥမှာဆိုရင် ဖောလိတ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်ပါတယ်။
အသုပ်တွေထဲမှာ ထည့်ပြီး စားသောက်နိုင်ပါတယ်။
5. ထောပတ်သီး
တစ်ပတ်ကို ထောပတ်သီး 1 - 2 လုံး စားရုံနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ၊ ဗီတာမင် B6 နဲ့ ဖောလိတ်ဓာတ်တွေရဲ့အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
ထောပတ်သီး အရည်ဖျော်ပြီး သောက်နိုင်သလို ဆား၊ ငရုတ်သီးမှုန့် (သို့) ဒိန်ခဲတွေနဲ့ သုပ်/တို့ပြီး စားနိုင်ပါတယ်။
6. ချောကလက်အမည်း
ချောကလက်အမည်းမှာ သစ်သီးဖျော်ရည် အများစုထက် အင်တီအောက်ဆီးဒင့်တွေ ပိုမိုပါဝင်တယ်လို့ ဆိုတဲ့အတွက် ချောကလက် ကြိုက်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ချောကလက်အမည်းဟာဆိုရင် ခန္ဓာကိုယ်ကို ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အပြင် စိတ်ခံစားမှုကိုလည်း အားမြှင့်ပေးပါတယ်။
တစ်နေ့ကို ချောကလက်အမည်း 1 - 2 ခဲလောက် စားသုံးရုံနဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
7. ရက်စ်ဘယ်ရီ
ဘယ်ရီသီးအများစုလိုပဲ ရက်စ်ဘယ်ရီသီးမှာလည်း အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့အတွက် ရောဂါကင်းဝေးပြီး ကျန်းမာစေပါတယ်။ လတ်ဆတ်တဲ့ ဘယ်ရီသီးပဲဖြစ်ဖြစ်၊ အေးခဲထားတာပဲဖြစ်ဖြစ် ဗီတာမင် C၊ ကယ်ဆီယမ်နဲ့ သံဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။
ဒိန်ချဉ် (သို့) ဆန်ပြုတ်ထဲမှာ ထည့်ပြီး မနက်စာအဖြစ် စားသုံးဖြင်းအားဖြင့် အရသာရှိစေပါတယ်။
8. ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ဘက်တီးရီးယားပိုးတွေ ကြီးထွားမှုကို ဟန့်တားပေးပြီး သွေးတွင်း ကိုလက်စရောနဲ့ သွေးဖိအားကို ကျဆင်းစေနိုင်ရုံသာမက ပြင်းထန်တဲ့ ရောင်ရမ်းခြင်းများကို တိုက်ဖျက်နိုင်စွမ်းလည်း ရှိပါတယ်။
လှီးဖြတ်ပြီး ချက်ပြုတ်တဲ့အထဲမှာ ထည့်နို်င်ပါတယ်။ အသုပ်၊ ဆော့စ် ကနေပြီးတော့ ဟင်းတွေ၊ စွပ်ပြုတ်တွေအထိ အရသာကို ပိုမိုကောင်းမွန်စေပါတယ်။
9. သံပရာသီး
သံပရာသီးမှာ ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်စွမ်းရှိပြီး ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးပေးပါတယ်။ ဒါ့အပြင် လိမေ္မာ်သီးလိုပဲ သံပရာသီးထဲမှာလည်း ဗီတာမင် C ကြွယ်ဝစွာ ပါဝင်ပါတယ်။
လက်ဖက်ရည်၊ ရေဘူးထဲမှာ သံပရာသီးတစ်စိတ်လောက် ညှစ်ထည့်ပြီး သောက်သုံးခြင်းဖြင့် ရေဓာတ် ပြည့်ဝပြီး ကျန်းမာစေနိုင်ပါတယ်။
10. ပဲနီလေးအပါအဝင် ပဲအမျိုးမျိုး
ပဲတွေမှာဆိုရင် အမျှင်ဓာတ်နဲ့ အသားဓာတ် ကြွယ်ဝရုံသာမက ဘယ်ဟင်းကိုမဆို အရသာကောင်းစေပါတယ်။ အသီးအရွက်စားသမားနဲ့ သတ်သတ်လွတ်သမားတွေအတွက် ပဲတွေက အသားဓာတ် ရစေဖို့အတွက် အစားထိုးအစားအစာပဲ ဖြစ်ပါတယ်။
အသုပ်၊ စွပ်ပြုတ်တွေထဲမှာ ထည့်သွင်းစားသောက်နိုင်သလို ချက်ပြုတ်ပြီးလည်း စားသုံးနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























