/
node/5424

အမျိုးသမီးတို့ရဲ့ ရာသီစက်ဝန်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အမျိုးသမီးတိုင်းဟာ ကိုယ်ရဲ့ရာသီစက်ဝန်းနဲ့ သားဥကြွေပုံတွေကို သိထားရပါမယ်။

 

>>    ပထမရာသီစက်ဝန်းတစ်ဝက် အလုပ်လုပ်ပုံ

 

•       1 ရက်မှ 5 ရက်

          ရှေ့က ရာသီစက်ဝန်း ပြီးချိန်မှာ Estrogen နဲ့ Progesterone လို့ခေါ်တဲ့  ရာသီစက်ဝန်းကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေ လျော့နည်းသွားပြီး သားအိမ်အလွှာတွေ ကြွေကျကာ ရာသီသွေး ပေါ်ပါတယ်။ ရာသီသွေးဟာ 5 ရက်ခန့်အထိ ကြာနိုင်ပါတယ်။

 

•       7 ရက်

          ဦးနှောက်အတွင်းမှာရှိတဲ့ ထိန်းချုပ်တဲ့ ဂလင်းတွေကနေ FSH ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းက သားဥအိမ်မှာ သားဥလေးတွေပါတဲ့ အရည်အိတ်ကလေးတွေကို ဖြစ်ပေါ်လာစေပါတယ်။

 

•       7 ရက်မှ 14 ရက်

          ဒီအရည်အိတ်ကလေးတွေထဲက တစ်အိတ်ဟာ ရင့်မှည့်လာပြီ Estrogen ဟော်မုန်းကို များစေလာပါတယ်။ ဒီလိုများလာတဲ့အတွက် သားအိမ်အလွှာတွေ ပြန်ထူလာပါတော့တယ်။

 

•       14 ရက်မြောက် သားဥကြွေချိန်

          ရင့်မှည့်နေတဲ့ အရည်အိတ်ကလေးက ပေါက်ထွက်သွားပြီး သားဥကလေးကို ထုတ်လွှတ်ပေးလိုက်ပါတယ်။ ဒီားဥကလေးဟာ သားအိမ်ပြွန်မှာ သုတ်ပိုးနဲ့ တွေ့ဆုံပြီး သနေ္ဓသားကလေးဖြစ်ကာ အစာအာဟာရတွေနဲ့ ပြည့်ဝနေတဲ့ သားအိမ်အလွှာမှာ သွားတွယ်ကပ်ပါတယ်။

 

>>    ရာသီသွေးပေါ်ချိန်ပေါ် မူတည်ပြီး မျိုးဆက်ပွား ကျန်းမာရေးကို ခန့်မှန်းနိုင်ပါတယ်။

          မျိုးဆက်ပွား ကျန်းမာရေးကို ဗေဒင်နည်းနာတွေနဲ့ ခန့်မှန်းလို့ မရပေမယ့် ရာသီသွေးပေါ်ချိန်က အရိတ်အမြွက် ဖော်ပြနေပါတယ်။ ရာသီသွေးပေါ်ချိန်ဟာ 25 ရက်မှ 30 ရက်ထက် ကျော်လွန်နေပြီဆိုပါက သားဥကြွေတာ ပုံမှန်မဟုတ်ဘူးလို့ ဆိုနိုင်ပြီး ရာသီသွေးပေါ်ချိန် စောနေတာဟာလည်း စိုးရိမ်စရာ အခြေအနေ ဖြစ်ပါတယ်။ ရာသီစက်ဝန်း 25 ရက်အောက်သာ ရှိနေသူတွေဟာ ပုံမှန် 27 ရက်မှ 29 ရက်အထိ ရှိသူတွေထက် ကလေးရဖို့ 36 ရာခိုင်နှုန်း နည်းတယ်လို့ ဆိုပါတယ်။  ရာသီစက်ဝန်းတိုခြင်းက သားအိမ်မှာ သနေ္ဓသား မတည်နိုင်အောင် ဟန့်တားနိုင်တဲ့ သားအိမ်အသားလုံးတွေ ရှိနေနိုင်ပါတယ်။ အကယ်၍ အသက် 30 ကျော် 40 နီးပါးရှိသူတွေမှာ  ရာသီစက်ဝန်း မမှန်ပါက ရာသီသွေး ဆုံးခါနီးပြီဖြစ်တာကို ပြသပါတယ်။

 

>>    သွေးဆုံးချိန်ဟာ မျိုးရိုးလိုက်တတ်ပါတယ်။

          မိခင်ရဲ့ သွေးဆုံးချိန်ပေါ် မူတည်ပြီး ကိုယ့်ရဲ့သွေးဆုံးချိန်ကို ခန့်မှန်းနိုင်ပါတယ်။ သားဥဖြစ်ပေါ်မှုကို အားပေးတဲ့ AMH ဟော်မုန်းတွေဟာ အသက် 45 နှစ်အောက်မှာ သွေးဆုံးတတ်တဲ့ မျိုးရိုးရှိသူတွေမှာ အသက် 55 နှစ်ကျော်မှ သွေးဆုံးတတ်တဲ့ မျိုးရိုးရှိသူတွေထက် လျော့နည်းနေတာကို တွေ့ရပါတယ်။ မျိုးဆက်ပွား ကလေးရနိုင်ခြေဟာလည်း မျိုးရိုးလိုက်တတ်ပြီး သားအိမ်အသားလုံးတွေနဲ့ သားအိမ်ရောဂါ အချို့ဟာလည်း မျိုးရိုးနဲ့ ဆက်ဆိုင်နေတတ်ပါတယ်။

Dr. Emerald (www.drmyanmar.com)