ဖြူဖွေးတောက်ပတဲ့ သွားအလှပိုင်ရှင်ဖြစ်ဖို့ ...
နည်းမှန် လမ်းမှန် သွားတိုက်မှသာလျှင် ညီညာလှပတဲ့ သွားလေးတွေကို ပိုင်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အပြုံးလေး လှပစေဖို့ မှားယွင်းနေတဲ့ အောက်ဖော်ပြပါ သွားတိုက်နည်းတွေကို ပြင်ဆင်လိုက်ပါ။
1. အချိန်မှန်မှန် သွားမတိုက်ခြင်း
ညဘက် မအိပ်ခင်မှာ သွား သေချာတိုက်ပါ။ အိပ်ခါနီး အစာစားပြီး သွားမတိုက်တဲ့အခါ သွားကြားထဲက အစာဟောငး်တွေကြောင့် သွားပိုးပေါက်တွေ ဖြစ်လာနိုင်ပါတယ်။
မနက်ခင်း သွားတိုက်ခြင်းကလည်း အရေးကြီးပါတယ်။ အိပ်နေတဲ့အချိန်မှာ ဘက်တီးရီးယားပိုးတွေကို ကာကွယ်ပေးတဲ့ တံတွေးထုတ်လုပ်မှု လျော့နည်းသွားတဲ့အတွက် ဘက်တီးရီးယား နှစ်ဆ ပိုမိုများပြားလာပါတယ်။
တစ်နေ့ကို အနည်းဆုံး သွား နှစ်ကြိမ်တိုက်ပါ။ သွားတိုက်တဲ့အခါမှာလည်း သွားတစ်ထောင့်ချင်းစီကို စက္ကန့် 30 ခန့်နဲ့ စုစုပေါင်း 2 မိနစ်ခန့်ကြာအောင် တိုက်သင့်ပါတယ်။
2. မှားယွင်းတဲ့ သွားပွတ်တံကို သုံးစွဲနေခြင်း
ပျော့ပြောင်းပြီး သွားကြို သွားကြားမကျန် သေချာတိုက်ပေးနိုင်တဲ့ သွားပွတ်တံမျိုးကို ရွေးပါ။ သွားကြားထဲ အစာတွေ ကျန်ရှိနေပါက သွားနဲ့ သွားဖုံးရောဂါများ ဖြစ်လာနိုင်ပါတယ်။
3. သွားတိုက်ပုံ မှားယွင်းနေခြင်း
သာမန်ကာလျှံကာ ပွတ်တိုက်ရုံမျှနဲ့ မလုံလောက်ပါဘူး။ သွားပွတ်တံ အမျှင်လေးတွေကို သွားနဲ့ သွားဖုံးပေါ်မှာ 30 - 45 ဒီဂရီခန့် စောင်းတင်ပြီး အထက်အောက် တိုက်ပါ။
ရှေ့သွား အတွင်းဘက်တွေကို တိုက်တဲ့အခါ သွားတောက်လျှောက်ကို တိုက်မိအောင် သွားပွတ်တံကို ထောင်လိုက်ထားပြီး တိုက်ပါ။
သွားအတွင်းဘက်ဆုံးမှာ အစာအများဆုံး ညပ်နေနိုင်တဲ့အတွက် တိုက်ဖို့ မေ့မကျန်ခဲ့ပါစေနဲ့။
4. ပလုတ် မကျင်းခြင်း
သွားတိုက်ပြီးနောက် သွားထဲကအစာ အကြွင်းအကျန် အကုန်စင်သွားအောင် ပလုတ်ကျင်းဆေးရည်နဲ့ဖြစ်စေ၊ ရေနဲ့ဖြစ်စေ ပလုတ်ကျင်းပေးပါ။
5. လျှာ မခြစ်ခြင်း
လျှာပေါ်မှာရှိတဲ့ ကတီပါစလို အသားလွှာမှာ အစာဟောင်းတွေ ကပ်ကျန်ပြိီး ဘက်တီးရီးယားပိုးမွှားတွေ တွယ်ကပ်နေတတ်ပါတယ်။
6. သွားပွတ်တံ မလဲခြင်း
3 လတစ်ခါ၊ 4 လတစ်ခါခန့် သွားပွတ်တံ လဲသင့်ပါတယ်။ သွားပွတ်တံအဟောင်းမှာ ဘက်တီးရီးယားပ်ိုး သန်းနဲ့ချီ ရှိနေနိုင်ပါတယ်။ ဖွာထွက်နေတဲ့ သွားပွတ်တံအမျှင်တွေဟာ အစာအပိုင်းအစတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ထိရောက်စွာ ဖယ်ရှားရှင်းလင်းပေးနိုင်မှာ မဟုတ်ပါဘူး။
နေမကောင်းဖြစ်ပြီးတိုင်းလည်း သွားပွတ်တံအသစ် လဲသင့်ပါတယ်။ သွားပွတ်တံမှာ တွယ်ကပ်နေတဲ့ ပိုးတွေဟာ နေမကောင်း ပြန်ဖြစ်စေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























