ရင်မတုန်ချင် ဒါတွေ ဆင်ခြင် ...
အကယ်၍ သင်ဟာ ရင်တုန်တတ်တဲ့သူတစ်ယောက် ဖြစ်ခဲ့ရင် ဒီအချက်တွေကို ကြိုးစားလိုက်နာသင့်ပါတယ်။
1. လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းအားဖြင့် နှလုံးကြွက်သားတွေကို ပိုမိုကြ့ံခိုင်စေပြီး နှလုံးခုန်နှုန်းကိုလည်း နှေးစေပါတယ်။
2. ကိုယ်အလေးချိန်ကို ဂရုစိုက်ပါ။ အဝလွန်ခြင်းဟာ နှလုံးခုန်နှုန်းကို ပိုမိုမြန်ဆန်စေပါတယ်။ ကိုယ်အလေးချိန် လျှော့ချခြင်းအားဖြင့် နှလုံးအပေါ်လည်း အလုပ်ဒဏ် လျော့နည်းစေတဲ့အတွက် ရင်တုန်ခြင်း ကင်းဝေးစေပါတယ်။
3. စိတ်ဖိစီးမှုကို လျှော့ချပါ။ စိတ်ဖိစီးမှု များလာလေလေ နှလုံး အလုပ် ပိုလုပ်ရပြီး နှလုံးခုန်နှုန်း မြန်လာလေလေ ဖြစ်ပါတယ်။ အချိန်ကြာလာနဲ့အမျှ ခန္ဓာကိုယ်က နှလုံးအခုန် မြန်နေတာကို ကျင့်သားရသွားပြီး မလိုလားအပ်တဲ့ရောဂါများ ဖြစ်လနနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားနေထိုင်သင့်ပါတယ်။
4. ကော်ဖီကို တတ်နိုင်သမျှ လျှော့ပါ။ ရင်တုန်ရတဲ့ အဓိကအကြာင်းအရင်းတွေထဲမှာ ကဖိန်းဓာတ်ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် ရင်တုန်ခြင်း ကင်းဝေးစေဖို့ ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
5. အချိုစားတာ နည်းပါစေ။ သကြားများများ စားခြင်းဟာ သွေးတွင်းအချိုဓာတ်ကို များစေပြီး နှလုံးကို မြန်မြန် အလုပ်လုပ်အောင် နှိုးဆော်တတ်ပါတယ်။ ရင်တုန်တာကို ကာကွယ်ဖို့အတွက် အချိုအစား အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။
6. ဆေးလိပ် ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်နဲ့ နှလုံးကို ဒဏ်ပိစေတဲ့အတွက် နှလုံးခုန် မြန်စေတတ်ပါတယ်။ ဆေးလိပ် ဖြတ်လိုက်တဲ့ လူတွေမှာ ရင်တုန်တာ သက်သာလာသလို အမောဒဏ် ပိုခံလာနိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























