ဆီး မကြာခဏ သွားရတဲ့ ဒုက္ခ
ဆီးအိမ် ပေါက်ကွဲထွက်မတတ် တင်းလာတဲ့အခါမှာ အိမ်သာကို အမြန်ပြေးရတာ သဘာ၀ပါပဲ။ ဒါပေမဲ့ တစ်နေ့ကို အကြိမ်ကြိမ် ပြေးနေရမယ် ဆိုရင်တော့ ဒါက ပိုပြီးဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
>> ဆီးတစ်နေ့ကို ဘယ်နှကြိမ်သွားရင် များတယ်လို့ ပြောနိုင်သလဲ?
ဆီးတစ်နေ့ကို (7) ကြိမ်အထက်သွားရင် ပုံမှန်မဟုတ်ပါဘူး။ ဒီလောက် မဟုတ်ရင်တောင် ပုံမှန်သွားနေကျထက် ပိုသွားရရင် ပြဿနာတစ်ခုခု ရှိနေနိုင်ပါတယ်။ လူအများစုက ညဘက်အိပ်တဲ့အခါမှာ ထပြီး ဆီးသွားစရာမလိုဘဲ တစ်ညလုံး နေနိုင်တာ များတဲ့အတွက် တစ်ညကို 2 - 3 ကြိမ်လောက် ဆီးထသွားနေရတာကလည်း သတိထားရမယ့်လက္ခဏာ ဖြစ်ပါတယ်။
ဆီးအိမ်ထဲမှာ ဆီးတွေ ပြည့်နေသောအခါ အာရုံကြောက ဦးနှောက်ကို ဆီးသွားဖို့ အချက်ပေးပါတယ်။ ဒါပေမဲ့ ဆီးအိမ် တက်ကြွလွန်းသူတွေမှာ ဆီးနည်းနည်းလေးရှိရုံနဲ့ ဆီးသွားချင်စိတ် ဖြစ်စေပါတယ်။ ဒါက ကျန်းမာရေးအနေနဲ့ အဆိုးကြီး မရှိပေမယ့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေခြင်း (သို့) စိတ်ကျခြင်းကို ဖြစ်စေခြင်းအားဖြင့် ဘ၀အရည်အသွေးတွေအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ ဆီးအိမ် တက်ကြွလွန်းတဲ့ အကြောင်းအရင်း တိတိကျကျ မရှိပေမယ့် အသက်ကြီးလာလေ ဖြစ်နိုင်ခြေ ပိုများလာနိုင်ပါတယ်။
ဆီး မကြာခဏ သွားစေနိုင်တဲ့ အခြားအကြောင်းအရင်းများမှာ ဆီးချိုရောဂါ၊ ဆီးလမ်းကြောင်း ပိုး၀င်ခြင်းနှင့် ဆီးကျိတ်ကြီးခြင်းတို့ ဖြစ်ကြပါတယ်။ အရင်းက ဆီးပြွန်ကို တွန်းပြီး ညှစ်စေတဲ့အခါမှာ ဆီးအိမ်ကလည်း ဆီးတွေ အပြင်ရောက်အောင် တွန်းနိုင်ဖို့ အလုပ် ပိုလုပ်ရပါတယ်။ ဒီလို အပိုလှုပ်ရှားမှုတွေကြောင့် အာရုံကြောရောင်ပြီး ဆီး မကြာခဏ သွားစေနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ ဆီးပြွန်ကို ဖိညှစ်ခြင်းက ဆီးထွက်အား နည်းစေပြီးတော့ ဆီးအိမ်ထဲမှာ ဆီးတွေ ကျန်နေစေကာ ဆီး မကြာခဏ သွားစေပါတယ်။
ဆီး မကြာခဏ သွားစေပေမယ့် ဖြည်းဖြည်းလေးပဲ သွားတယ်ဆိုရင် ဆီးကျိတ်ကြီးတာ ဖြစ်စေနိုင်သလို ဆီးပြွန်ကျဉ်းခြင်းကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။ အရင်က ခွဲစိတ်မှု လုပ်ဖူးခြင်း၊ မတော်တဆ တစ်ခုခုကြောင့် (သို့) အရင်က လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ ရှိဖူးရင် ဆီးပြွန်မှာ အမာရွတ်ကျန်ခဲ့ပြီး ကျဉ်းစေနိုင်ပါတယ်။ ဒီအခြေအနေမှာဆိုရင် ဆီးသွားရင် နာခြင်း၊ ဆီးကျန်ခြင်းတွေ ဖြစ်စေနိုင်ပြီး ကုသမှုမခံယူရင် ကျောက်ကပ် ထိခိုက်နိုင်ပါတယ်။
>> နေ့ဘက်မှာ အရည်တွေ အများကြီးသောက်လို့ ဆီး သွားများတာရော မဖြစ်နိုင်ဘူးလား?
ကဖင်းပါတဲ့ လက်ဖက်ရည်၊ ကော်ဖီ (သို့) အရက် စတဲ့ ဆီးသွားစေတဲ့အရာတွေ သောက်တာများရင်လည်း ဆီးသွား များစေနိုင်ပါတယ်။ ညဘက် အရမ်းနောက်ကျမှ ဒီဖျော်ရည်တွေသောက်ရင် ညဘက် မကြာခဏ ထပြီး ဆီးသွားရလိမ့်မယ်။ ဒါကြောင့် ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့အတွက် မအိပ်ခင် (4) နာရီလောက် အလိုကတည်းက ဒီဖျော်ရည်တွေ မသောက်ဘဲနေပါ။
စိတ်လှုပ်ရှားရင် (သို့) နေရတာ သက်သောင့်သက်သာ မရှိရင်လည်း ဆီးသွားချင်စိတ် ဖြစ်စေပါတယ်။ တချို့လူတွေက စိတ်ဖိစီးမှုတွေ ကြုံရတဲ့အခါမှာ အိမ်သာတက်ချင်သလို၊ သေးပေါက်ချင်သလို ခံစားရတတ်ပါတယ်။ ဒီလိုဖြစ်လာရင် အာရုံကို တခြားတစ်ခုခုဆီ ပို့ထားကြည့်ပါ။ စိတ်တည်ငြိမ်စေတဲ့ အသက်ရှူလေ့ကျင့်ခန်းတွေကလည်း အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။
>> ဆရာ၀န်ကို ဘယ်အချိန်မှာ သွားပြရမလဲ?
ဆီး မကြာခဏ သွားနေရလို့ အရမ်းကို အနှောင့်အယှက်ဖြစ်လာရင် ဆေးခန်းပြဖို့ လိုပါပြီ။ နောက်တစ်ခါ ဆီးသွားလျှင် နာခြင်း (သို့) ဆီးသွားလျှင် သွေးပါခြင်းတွေ ဖြစ်ပါကလည်း ဆေးခန်းပြရပါမယ်။ ဒီလက္ခဏာ 2 ခုစလုံးက ဆီးလမ်းကြောင်း ပိုး၀င်တဲ့လက္ခဏာ ဖြစ်နိုင်သလို ဆီးအိမ်ကင်ဆာလိုမျိုး ပိုပြီးဆိုးတဲ့ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဆရာ၀န်က ဆီးချိုလိုမျိုး နောက်ခံရောဂါတစ်ခုခု ရှိ၊ မရှိ သိဖို့ သွေးစစ်ခြင်း၊ ရောဂါပိုး၀င်ခြင်းအတွက် ဆီးပိုးမွေးခြင်း စတာတွေနဲ့ ဆီးကျိတ် ကြီး၊ မကြီး သိနိုင်ဖို့အတွက် စအိုစမ်းသပ်ခြင်းတွေ လုပ်ပါလိမ့်မယ်။
ကဖင်းတွေ သောက်တာ များ၊ မများ သိနိုင်ဖို့အတွက် စားသောက်နေထိုင်ပုံနဲ့ အမူအကျင့်တွေကို မှတ်ထားနိုင်ပါလိမ့်မယ်။ ဆီးအိမ် တက်ကြွလွန်းတယ်လို့ ရောဂါ မသတ်မှတ်ခင်မှာ ကျောက်ကပ် ကျောက်တည်ခြင်းစတဲ့ တခြားအကြောင်းတွေကို စစ်ဆေးဖို့ ၀မ်းဗိုက်အာထရာဆောင်းလည်း ရိုက်ဖို့ လိုပါတယ်။
ပြဿနာအပေါ် မူတည်ပြီး ကုထုံးအမျိုးမျိုး ရှိပါတယ်။ ဆီးလမ်းကြောင်း ပိုး၀င်ခြင်းအတွက် ပိုးသတ်ဆေး၊ ဆီးအိမ် တက်ကြွလွန်းခြင်းအတွက် အောက်ပိုင်းကြွက်သား လေ့ကျင့်ခန်းတွေ လုပ်စေပါ့မယ်။ ဒါက အထောက်အကူ မဖြစ်ဘူးဆိုရင် ဆီးအိမ် ပြေလျော့စေဖို့ Vesicare, Detrol, Ditropan စတဲ့ ဆေးတွေ ပေးပါလိမ့်မယ်။ တချို့ရောဂါတွေမှာဆိုရင် ဆီးအိမ် ပြေလျော့စေဖို့နဲ့ ဆီးပေါက်ချင်စိတ် နည်းစေဖို့အတွက် Botox ထိုးနိုင်ပါတယ်။
အောင်မြင်တဲ့ ကုထုံးတွေက ဘ၀အရည်အသွေးကို မြင့်စေပြီး အိမ်သာ မကြာခဏ သွားရတဲ့ဒုက္ခမှလည်း ကင်းေ၀းစေနိုင်ပါတယ်။ ဆီးအိမ် တက်ကြွလွန်းခြင်းကို သေချာကုသနိုင်မယ်ဆိုရင် ဆက်ပြီး ဒုက္ခပေးနိုင်တော့မှာ မဟုတ်ပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























