/
node/5493

ချောင်းဟန့်သံတို့၏ နောက်ကွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        " အဟမ်း ... အဟမ်း " စင်ပေါ်မှာ ဟန်နှင့်ပန်နှင့် ရပ်နေသော ဂေါပက ဦးရွှေတိုးသည် လည်ချောင်း ရှင်းလိုက်တာ ကရားရေလွှတ် တတွတ်တွတ် ဆက်ပြောလေတော့သည်။ ထိုင်နေသောပရိသတ်မှာ စိတ်ပျက်လှလေပြီ။ သူပြောတာ များလွန်း၍ ဘာကိုခေါင်းတည်၍ ပြောချင်မှန်း အစ ရှာမရတော့။ ခေါင်းကုတ်သူက ကုတ်၊ သန်းတုတ်သူက တုတ်၊ ငိုက်သူက ငိုက်၊ ကလေးနို့တိုက်သူက တိုက်ဖြင့် ပရိသတ်မှာ သူတို့စိတ်ချမ်းသာသလို လုပ်ကြလေသည်။ အဘိုးကြီးမှာ ပရိသတ် ဘာလုပ်လုပ် သူ့အရေး မဟုတ်။ သူ့စာရွက်ထဲကစာ ပြီးရေးသာ သူ့အတွက် အဓိကကျပုံ ရလေသည်။ သူ မြွက်ကြားသော စကားဆယ်ခွန်းတွင် အဟမ်း၊ အဟမ်း 5 ခွန်း ပါလေသည်။

          ဒေါက်တာငှက်တို့ ငယ်ငယ်က ကြုံဖူးတဲ့ အန်ကယ်ကြီးတစ်ယောက်ရဲ့ အဖြစ်လေးပါ။ သူ လူရှေ့ထွက် စကားပြောတိုင်းပဲဖြစ်ဖြစ်၊ ဒီအတိုင်း ဝိုင်းဖွဲ့ စကားပြောကြရင်ပဲဖြစ်ဖြစ် သူ့ဆီကနေ တဟမ်းဟမ်း လည်ချောင်းရှင်းသံ အမြဲလို ကြားရတတ်ပါတယ်။

          တဟမ်းဟမ်း ဖြစ်နေတတ်သူတွေဟာ  သာမန်မဟုတ် နောက်ကွယ်က ရောဂါအကျိုးအကြောင်းတို့ကို ဆင်ခြင်တွေးတော ကြည့်ကြရအောင်။

          ခဏခဏ ချောင်းဟန့်တာ၊ လည်ချောင်းရှင်းတာဟာ စိတ်လှုပ်ရှားတာရော အကျင့်ပါလို့ ဖြစ်နိုင်ပေမယ့် ရေရှည် အကျင့်စွဲနေမယ်ဆိုရင် အသံအိုးတွေကို ပျက်စီးစေနိုင်ပါတယ်။

          တဟမ်းဟမ်းနဲ့ လည်ချောင်းရှင်းရတဲ့ အကြောင်းအရင်းများကတော့ -

1.       အစာရေမျိုပြွန်နဲ့ လည်ချောင်း အပေါ်ပိုင်းကို အစာအိမ်အတွင်းက အက်စစ်ဓာတ်တွေ မကြာခဏ ဆန်တက်လာရင်လည်း ရောင်ကိုင်းလာတတ်ပါတယ်။ လည်ပင်းထဲမှာ မအီမသာဖြစ်ပြီး လည်ချောင်း ရှင်းချင်သလို ခံစားချက်မျိုး ခဏခဏ ပေါ်ပေါက်ပါတယ်။

          အိပ်တဲ့အခါ ခေါင်းရင်း မြှင့်အိပ်မယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ အရက် တတ်နိုင်သလောက် ရှောင်မယ်။ ဆေးလိပ် ဖြတ်မယ်၊ ဝိတ်လျှော့မယ်၊ စိတ် သက်သက်သာသာ နေတတ်မယ်ဆိုရင် အဆင်ပြေ သက်သာလာပါတယ်။ အစာမကြေတာနဲ့ ချောင်း မကြာခဏ ဟန့်ချင်တာမျိုး တွဲဖြစ်ရင် လည်ချောင်း ရောင်ရမ်းနာ ဖြစ်နိုင်တဲ့အကြောင်း သိဖို့လိုပါတယ်။

2.       နောက်တစ်ခုက လည်ချောင်းမှာ အိတ်သဖွယ် ဖောင်းနေတတ်တဲ့ရောဂါပါ။ အစာတွေက အဲဒီအိတ်ထဲ စုနေတတ်တဲ့ ဒီလိုရောဂါမှာ လူနာက လည်ချောင်းထဲမှာ တစ်ခုခု တစ်နေသလို ခံစားချက် မကြာခဏ ခံစားရပြီး တဟမ်းဟမ်းနဲ့ လည်ချောင်း ရှင်းတတ်တာ တွေ့ရပါတယ်။ ခွဲစိတ်ကုသဖို့ လိုအပ်လေ့ ရှိပါတယ်။

3.       နောက်တစ်ခုက ဦးနှောက်အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတွေပါ။ နာတာရှည် လည်ပင်းအာရုံကြောရောဂါတွေမှာ လည်ပင်းထဲမှာ မအီမသာဖြစ်တာကြောင့် လူနာတွေက တဟမ်းဟမ်းနဲ့ မကြာခဏ လည်ချောင်းရှင်းလေ့ ရှိပါတယ်။ လည်ချောင်းအာရုံကြောနဲ့ဆိုင်တဲ့ တချို့ရောဂါတွေမှာ မျက်နှာအကြောလိုက်တာ၊ မကြာခဏ အကြောလှုပ်တာ ဆွဲတာတွေပါ တွဲဖက်တွေ့ရတတ်ပါတယ်။

4.       တစ်ခုခု နေမကောင်းဖြစ်ပြီးချိန်မှာ ခန္ဓာကိုယ်က ချွဲ ပိုထွက်လေ့ရှိပါတယ်။ ချွဲထွက်များလာတဲ့နဲ့အမျှ ခဏခဏ ချောင်းဟန့်ပြီး ချွဲထုတ်လေ့ရှိပါတယ်။ ထိပ်ကပ်နာ၊ အအေးပတ်တာ၊ အစပ်စားများတာတွေကြောင့် ဖြစ်တတ်ပြီး ရာသီဥတု အကူးအပြောင်းတွေမှာ အဓိက အဖြစ်များပါတယ်။ ဆရာဝန်ကို ပြသတိုင်ပင်ပြီး သင့်တော်တဲ့ဆေးဝါး မှီဝဲလိုက်ရင် သက်သာသွားတတ်ပါတယ်။

5.       နောက်တစ်ခုက ကလေးတွေမှာ လည်ချောင်းနာပြီးရင် ခံစားရတတ်တဲ့ ပန်ဒတ်စ်ရောဂါစုပါ။ ခဏခဏ ချောင်းဟန့်ချင်တာအပြင် အသားလှုပ်တာ၊ ဂဏှာမငြိမ်ဖြစ်တာ၊ ထိတ်လန့်တာတွေကို နာလန်ထစကလေးငယ်မှာ ခံစားရပါတယ်။ ကလေးတွေ အအေးပတ် လည်ချောင်းနာပြီးရင် ချောင်းနည်းနည်းကျန်နေရင် ပစ်မထားဘဲ ဆရာဝန်နဲ့ တစ်ခေါက်ပြန်ပြပေးဖို့ လိုပါတယ်။

6.       အစားအစာ ဓာတ်မတည့်တာရယ်၊ ဆေးဝါးတစ်ခုခုရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ သတိအထားသင့်ဆုံး တစ်ခုက သွေးကျဆေး သောက်နေသူများ ဖြစ်ပါတယ်။ ခဏခဏ ချောင်းဟန့်တာဟာ တချို့သော သွေးကျဆေးတွေရဲ့ ဆိုးကျိုးတစ်ခုခု ခံစားရတာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ချက်ချင်းပြသ တိုင်ပင်သင့်ပါတယ်။

          ချောင်းဟန့်တာနဲ့ ချောင်းဆိုးတာ မတူပါဘူး။ ချောင်းဟန့်တာဟာ လည်ချောင်း အပေါ်ပိုင်းလေး ရှင်းသွားရုံလောက်ဖြစ်ပြီး ချောင်းဆိုးတာကတော့ လေပြွန်နဲ့ အသက်ရှူလမ်းကြောင်းလုပ်ငန်း ပါဝင်လေ့ ရှိပါတယ်။      အကျင့်ကြောင့် မကြာခဏ ချောင်းဟန့်ချင်လာရင် တံထွေးမျိုချပါ။ ချောင်း အားရပါးရ ဆိုးပစ်လိုက်ပါ။ ရေ အနည်းငယ် သောက်ပါ။ သမ်းဝေလိုက်ပါ။

          ဒီတော့ ကိုယ့်ပတ်ဝန်းကျင်၊ မိသားစု၊ မိတ်ဆွေတွေထဲမှာ စကားပြောရင်းဖြစ်စေ၊ မကြာခဏ လည်ချောင်း ရှင်းတတ်သူ၊ ချောင်းဆိုးတတ်ရင် သာမန်အကျင့်စွဲလို့ပဲ ဖြစ်တတ်တာကနေ ရောဂါအခံတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်ပါကြောင်း မိမိဗဟုသုတနဲ့ သတိပေးနိုင်ဖို့ တင်ပြလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/ မန််း) (www.drmyanmar.com)