/
node/5536

လူကြောက်တဲ့ရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    လူကြောက်တဲ့ရောဂါဆိုတာ ဘာလဲ?

          လူကြောက်တဲ့ရောဂါဆိုတာ စိတ်ပူပန်မှု ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လူကြားထဲ ရောက်တဲ့အခါ အရှက်လွန်၊ ကိုယ့်ကိုယ်ကို သတိအထားလွန်ရာကနေ အကြောက်လွန်သွားတာမျိုး ဖြစ်ပါတယ်။ ရလဒ်ကတော့ နေ့စဉ်လူမှုဘဝမှာ ဆက်ဆံနေရတာကို သက်သောင့်သက်သာမရှိ ဖြစ်လာပါတော့တယ်။

          လူကြောက်တတ်တဲ့လူတွေဟာ ကိုယ့်မိသားစုတွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေ သူငယ်ချင်းအချို့ကိုသာ ပြောဆိုဆက်ဆံနိုင်ပြီး လူအသစ်တွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ၊ အဖွဲ့ထဲ စကားပြောရတဲ့အခါ၊ လူစုလူဝေးထဲ စကားပြောရတဲ့အခါ အရှက်လွန်ပြီး ဒုက္ခတွေ့တတ်ပါတယ်။

          ဒီလိုနဲ့ လူကြောက်တတ်သူတွေဟာ လူစုလူဝေး၊ ပျော်ပွဲရွှင်ပွဲတွေကို မပျေ်ာဘဲ ရွံ့ကြောက်ပြီး ရှောင်ကြဉ်လာတတ်ပါတယ်။

 

>>    ဘာတွေကို ကြောက်ရွံ့တတ်သလဲ?

          လူကြောက်တတ်သူတွေဟာ အတန်းထဲ စကားထွက်ပြောတာကစလို့ စကားစမြည် ပြောဆိုရုံအဆုံး သူတို့ပြောတာဆိုတာ အဆင်မချောမှာကို အဓိက ကြောက်လန့်တတ်ကြပါတယ်။

          သူတို့ကို လူတွေ သတိထားမိမှာ၊ သူများတွေ ဝေဖန်ပြောဆိုကြမှာကို အလွန်သတိထား၊ ရှက်ရွံ့တတ်ကြပါတယ်။ အမှား လုပ်မိမှာ၊ သူများတွေ ရယ်ကြမှာ၊ အပြစ်ပြောခံရမှာတွေကို အလွန်အမင်း ကြောက်ရွံ့တတ်ကြပါတယ်။ ဒီလိုခံစားချက်တွေဟာ လူတိုင်း ကြောက်ရွံ့တဲ့အရာတွေ ဖြစ်ပေမယ့် လူကြောက်ရောဂါ ရှိသူတွေဟာ သာမန်ထက် ပိုပြီးစိတ်ပူပန်တတ်ပါတယ်။

 

>>    လူကြောက်ရောဂါကို ဘယ်လိုဖြေရှင်းမလဲ?

          လူကြောက်ရောဂါ ရှိသူတွေဟာ ကိုယ့်အကြောက်တရား ကိုယ် ရင်ဆိုင်နိုင်ဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ရှိစေနိုင်ဖို့၊ ကြောက်ရွံ့တတ်အရာတွေကို မရှောင်ကြဉ်ဖို့ ကြိုးစားရပါမယ်။ ဒါဟာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ကိုယ်တိုင် သက်တောင့်သက်သာရှိတဲ့ အနေအထားကနေ တဖြည်းဖြည်းချင်း ရှေ့တိုးလုပ်ကိုင်နိုင်ဖို့ သတ္တိ အားမွေးရပါမယ်။

 

          လူကြောက်ရောဂါကို ကျော်လွန်နိုင်ဖို့ အဓိက အားဖြည့်ပေးနိုင်တဲ့ လူနှစ်ဦးကတော့ -

•        စိတ်ပညာရှင် (Therapist)  : စိတ်ပညာ လေ့ကျင့်ပေးသူတွေဟာ ကြောက်လန့်လာချိန်မှာ ဖြစ်လာတဲ့ ကိုယ်ခန္ဓာ အပြောင်းအလဲတွေကို သိရှိစေပြီး ဒီအပြာင်းအလဲတွေကို ဘယ်လိုဘာသာပြန်ရမလဲဆိုတာကို သင်ကြားပေးပါတယ်။ ဒီကြောက်ရွံ့မှုတွေကို တစ်ခုချင်းစီ အစီအစဉ်ဆွဲပြီး စနစ်တကျ  ရင်ဆိုင်နိုင်ဖို့ အရည်အချင်းနဲ့ ကိုယ့်ကိုယ်ကို စိတ်ချယုံကြည်မှုတွေကို ဖြစ်ပေါ်စေဖို့ အကူအညီ ပေးနိုင်ပါတယ်။ ဒီလိုကူညီပေးရာမှာ စိတ်နေစိတ်ထား အမူအကျင့်အသစ်တွေ လေ့ကျင့်ပေးတာတွေအပြင် တစ်ခါတလေ စိတ်ပူပန်မှုကို လျှော့ချနိုင်ဖို့ ဆေးသောက်ရတာမျိုးလည်း ရှိပါတယ်။

•        မိသားစုနဲ့ အပေါင်းအသင်းများ : ဒီလူနည်းစုဟာ လူကြောက်ဝေဒနာကို ကျော်လွှားရာမှာ အဓိက အကူအညီပေးရမယ့်လူတွေပဲ ဖြစ်ပါတယ်။ သက်သောင့်သက်သာရှိတဲ့ အနေအထားကနေ ထွက်ပြီး အသစ်အဆန်းတွေ ပြုလုပ်ကြည့်ရာမှာ လိုအပ်တဲ့စိတ်ဓာတ်ခွန်အားကို ဒီလူနည်းစုဆီကနေ ရရှိနိုင်ပါတယ်။

          ဒီလို လူကြောက်တဲ့ဝေဒနာဟာ သူတို့ကိုယ်တိုင် ရွေးချယ်ထားတဲ့အရာ မဟုတ်ဘဲ မလိုချင်ဘဲ ဖြစ်နေရတာမို့ သူတို့ကို အပြစ်တင် ဝေဖန်တာ၊ ရှုံ့ချတာတွေဟာ ပိုဆိုးသွားစေနိုင်ပါတယ်။ မိသားစုတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေက ဖေးမကူညီရင်း တစ်ခုချင်းစီ အောင်မြင်အောင် လက်တွဲခေါ်ရင်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့ အရာတိုင်းအတွက် ချီးကျူးအားပေးရမှာပါ။

 

>>    လူကြောက်ရောဂါကို ကျော်လွန်နိုင်ဖို့

          လူကြောက်ရောဂါကို ကျော်လွန်နိုင်ဖို့အတွက် အကြောက်တရားကို ရင်ဆိုင်ရဲတဲ့ သတ္တိခွန်အား၊ အသစ်အသစ်တွေကို စမ်းစစ်နိုင်စွမ်းနဲ့ လေ့ကျင့်ချင်စိတ်တို့ လိုအပ်ပါတယ်။ ရှက်ရွံ့ပြီး နောက်ကို တွန့်တွန့်မသွားဘဲ ရှေ့ဆက်တိုးဖို့ စိတ်ဒုံးဒုံး ချထားရပါမယ်။

          နည်းနည်းချင်းစီ ရှေ့တိုးသွားရင်း ရှက်ရွံ့ခြင်းကို ဖယ်ရှားနိုင်ပြီး ပိုပိုပြီး သက်သောင့်သက်သာ ရှိလာမှာပါ။ တဖြည်းဖြည်းချင်း ရှက်ရွံ့ပူပန်မှုတွေ ပျောက်ကွယ်လာတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုနဲ့ အကောင်းမြင်တရားတွေ ခိုဝင်လာမှာပါ။ ကြာလာတာနဲ့အမျှ စိတ်မသက်မသာစရာလို့ မမြင်တော့ဘဲ ပျော်စရာဘဝကြီးကို ပိုင်ဆိုင်လာရမှာပဲ ဖြစ်ပါတယ်။

Dr. Emerald (www.drmyanmar.com)