ပုံစံကျကျ အိပ်ကြမယ်
လူ့သက်တမ်းရဲ့ 3 ပုံ 1 ပုံခန့်ဟာ အိပ်ရင်းနဲ့ ကုန်ဆုံးရတာ ဖြစ်တဲ့အတွက် အိပ်ချိန်နဲ့ အိပ်စဉ် ကိုယ်ဟန်အနေအထားဟာ ကျန်းမာရေးမှာ အရေးပါတဲ့အရာ ဖြစ်လာပါတော့တယ်။
ဒါကြောင့် ကျန်းမာရေးအတွက် ပုံစံကျကျ အိပ်တတ်ဖို့ လိုအပ်ပါတယ်။
>> ပုခုံးနာနေသူများ
မကြာခဏ ပုခုံးနာတတ်ပါက ဘေးစောင်းအိပ်ခြင်း၊ အထူးသဖြင့် နာတဲ့ဘက်ကို ဖိအိပ်ခြင်းကို ရှောင်ကြဉ်ပေးပါ။
မှောက်အိပ်ခြင်းဟာလည်း ပုခုံးသားတွေ နာကျင်စေတတ်တဲ့အတွက် ပက်လက်အိပ်ပေးပြီး ခေါင်းအုံးအပါးလေး အုံးအိပ်တာက အသင့်တော်ဆုံး ဖြစ်ပါတယ်။
ခေါင်းအုံး နောက်တစ်လုံးကို ဗိုက်ပေါ်တင်ပြီး ဖက်အိပ်ပေးခြင်းက ပုခုံးကို ပုံစံတကျ ဖြစ်စေပါတယ်။ အကယ်၍ ပက်လက်အိပ်တာ အဆင်မပြေခဲ့ရင် မနာတဲ့ဘက်ကို ဖက်လုံးခွကာ ကွေးပြီး စောင်းအိပ်ပေးနိုင်ပါတယ်။
>> ခါးနာနေသူများ
ခါးနာနေတဲ့အခါ ခါးကို နဂိုပုံဟန် အနေအထားအတိုင်းထားဖို့ အရေးကြီးပါတယ်။ ခါးနာနေသူတွေအတွက် အကောင်းဆုံး အိပ်ပုံအနေအထားကတော့ ပက်လက်အိပ်ပြီး ခြေထောက်အောက်မှာ ခေါင်းအုံးခံအိပ်တာပဲ ဖြစ်ပါတယ်။
ဒါမှသာ ပုံမှန်ခါးအနေအထားကို ရရှိမှာ ဖြစ်ပါတယ်။ မှောက်လျက်နေအထားနဲ့ အိပ်မယ်ဆိုရင်တော့ ဗိုက်အောက်နဲ့ တင်ပါးအောက်မှာ ခေါင်းအုံး ခံအိပ်သင့်ပါတယ်။
ဘေးတိုက် အိပ်မယ်ဆိုရင်တော့ မွေးကင်းစကလေး ကိုယ်ဟန်အတိုင်း ခြေထောက်ကွေးပြီး အိပ်ပါ။
>> လည်ပင်းနာနေသူများ
လည်ပင်း နာနေသူတွေမှာ ခေါင်းနဲ့ လက်အောက်မှာ ခေါင်းအုံးခံအိပ်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။
မကြာခဏ နာတတ်သူတွေမှာ လည်ပင်းထိန်းတပ်ပြီး အိပ်ပေးနိုင်ပေမယ့် ဘေးစောင်း အိပ်တတ်သူတွေမှာတော့ လည်ပင်းထိန်းကို အရမ်းမမြင့်စေဖို့ သတိပြုပါ။
လည်ပင်းပုံစံ အမှန်ရစေဖို့ ပုခုံးအဆစ်ကို မကျော်တဲ့ လည်ပင်းထိန်းအရွယ်ကို သုံးပါ။ မှောက်လျက် အိပ်တတ်ပါက ခေါင်းအုံးပါးပါးနဲ့ အိပ်ပေးသင့်ပါတယ်။ ဒီလို မှောက်လျက်အိပ်ခြင်းက လည်ပင်းဒဏ် ဖြစ်စေနိုင်တာကြောင့် ဖြစ်နိုင်ရင် မအိပ်တာ ကောင်းပါတယ်။
>> အိပ်မပျော်သူများ
အိပ်စက်နားနေချိန်ကို ဖုန်းနဲ့ ကွန်ပျူတာ မျက်နှာပြင်က အလင်းရောင်တွေက အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မအိပ်ခင် ဆက်သွယ်ရေးပစ္စည်းတွေကို ပိတ်ပါ။ အိပ်ချိန်မတိုင်မီ 6 နာရီအတွင်းမှာ ကော်ဖီ၊ လက်ဖက်ရည်ကျကျ၊ ချော့ကလက်နဲ့ ဆိုဒါတွေ မသောက်သင့်ပါဘူး။
မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ခန္ဓာကိုယ် သွေးလည်ပတ်မှု ကောင်းမွန်စေပြီး အိပ်ပျော်ခြင်းကို အထောက်အပံ့ပြုပါတယ်။
>> ညဘက်မှာ နိုးနိုးနေတတ်သူများ
မအိပ်ခင်မှာ အိပ်ခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့အရာတွေ အကုန် ရှင်းလင်းပြီး အရက်သေစာကိုလည်း ရှောင်ရှားသင့်ပါတယ်။
>> မနက် မနိုးသူများ
မနက်ဘက်တွေမှာ အိပ်ရာက မနိုးတာဟာလည်း အဖြစ်များတဲ့ပြဿနာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလေ့အကျင့် လုပ်ပေးခြင်းက ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။
နေ့စဉ်နေ့တိုင်း မနက်ကို နှိုးစက် အချိန်မှန်ထားပေးပါ။ ရုံးပိတ်ရက်မှာတောင် ထပေးပါ။ ဒါ့အပြင် မနက်စောစော ထမယ်ဆိုရင် ညဘက်မှာ စောစောအိပ်ပေးဖို့လည်း လိုပါလိမ့်မယ်။
>> ဟောက်တတ်သူများ
ဟောက်တတ်သူတွေဟာ ပက်လက်အိပ်ခြင်းကို ရှောင်ပေးပါ။ ပက်လက်အိပ်တဲ့အခါ လည်ပင်းက ကြွက်သားတွေ တွဲကျပြီး အသက်ရှူလမ်းကြောင်းကို ပိတ်စေနိုင်ပါတယ်။
ခေါင်းကို ပုံစံအမှန် ထားအိပ်ပါက အသက်ရှူလမ်းကြောင်း မပိတ်စေနိုင်ပါဘူး။ ဒါကြောင့် အပြောင်းအလဲအနေနဲ့ ဘေးစောင်း အိပ်ကြည့်ပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























