ကိုယ့်မျက်နှာလေးက ပြောပြနေတဲ့ ကိုယ့်ကျန်းမာရေး
ဒေါက်တာတို့ မြန်မာလူမျိုးတို့လို မှန်ကြိုက်သူတွေဆို တစ်ရက်ကို လေးငါးခါနဲ့အထက် မှန်ကြည့်မိကြမှာပဲနော်။ အဲဒီကျရင် ကိုယ့်မျက်နှာလေးကို မှန်ထဲမှာ အာရုံစိုက်ပြီး စစ်ဆေးကြည့်တတ်ကြပါတယ်။ အဆီပြန်နေသလား? မိတ်ကပ် ပျက်ပြီလား? နှုတ်ခမ်းနီ ကျန်သေးလား? ဘာညာပေါ့။
ကိုယ့်မျက်နှာလေးက ကိုယ့်ကျန်းမာရေး အခြေအနေလေးတွေပါ ထင်ဟပ်ပြောပြပေးနိုင်တယ် ဆိုရင်ရော မအံ့သြဘူးလား?။
မျက်လုံးလေးက ပုံမှန်ဆို ရွှန်းစိုတောက်ပနေရမှာပါ။ မျက်လုံးလေးက ဖောင်းအစ်နေရင် အိပ်ရေးမဝတာရယ်၊ အားနည်းတာရယ် ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တာ တစ်ခုခုကြောင့် ဖောင်းလာမျိုးဆိုရင် ယားတာနဲ့ အသက်ရှူ ခက်တာတွေပါ ခံစားရလေ့ ရှိပါတယ်။ မျက်လုံးသားလေးတွေ ဝါနေရင်တော့ သတိရှိပါ။ ဆရာဝန်ကို ချက်ချင်းပြပါ။ အသည်းရောင် အသားဝါလိုမျိုး၊ အသည်း ကျောက်ပိတ်တာမျိုး၊ တခြားသွေးရောဂါတွေ အများကြီး ဖြစ်နေနိုင်တာမို့ပါ။
မျက်ခွံပေါ်က အဝါရောင် အသီးအကျိတ် အဖုလေးတွေက အဆီခဲတွေ ဖြစ်လေ့ရှိပါတယ်။ ကိုလက်စထရော သိပ်များလွန်းလို့ ဖြစ်တတ်တာမို့ နှလုံးသွေးကြောကျဉ်းတာနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ ဆရာဝန် ပြကြည့်ပြီး အဆီဓာတ်ပမာဏ စစ်ဆေးကြည့်ပါ။
မျက်ခွံလေး တစ်ဖက်တွဲကျနေတာ၊ မျက်လုံး ပိတ်မရတာတို့ ပုံမှန်ထက် ပိုပြူးနေတာမျိုး ရှိခဲ့မယ်ဆိုရင် သတိပြုစရာလေးတွေ ရှိပါတယ်။ အာရုံကြောနဲ့ ဆက်စပ်တဲ့ရောဂါ၊ လေဖြတ်ရောဂါတို့အပြင် လည်ပင်းကြီးရောဂါနဲ့လည်း ပတ်သက်မှု ရှိနေတတ်လို့ပါ။
မျက်နှာလေး ဘယ်ဘက်နဲ့ ညာဘက် ညီရဲ့လား?။ မျက်နှာ တစ်ခြမ်းရွဲ့တာ၊ ရုတ်တရက် လေဖြန်းတာတွေ ကြားဖူးကြမှာပေါ့။ ခြေလက် ပျော့သွားတာ၊ မျက်လုံး ဝါးမယ်၊ မျိုရခက်တာ၊ မျက်လုံး တစ်ဖက် ပိတ်မရတာ၊ ကိုယ်တစ်ခြမ်း အားမရှိသလို လှုပ်မရတာတွေနဲ့ တွဲတတ်တယ်နော်။ သွေးတိုးနဲ့ အာရုံကြောရောဂါတွေ ဖြစ်နေနိုင်ပါတယ်။ ဦးနှောက် သွေးခဲတာ၊ သွေးကြောပိတ်တာ တစ်ခုခု ဖြစ်နေနိုင်တာမို့ အမြန်ဆုံး ပြသလိုက်ပါတော့။
♦ ပါးနှစ်ဖက်မှာ လိပ်ပြာသဏ္ဌာန် အနီပြင်လေးတွေ ရှိနေတာ၊ နေပူလောင်ရင် ပိုထင်ရှားလာတတ်ပါတယ်။ SLE လို့ခေါ်တဲ့ အရေပြားလေးဖက်နာ ရောဂါတစ်မျိုး ဖြစ်နေတတ်တာမို့ ပြသစစ်ဆေးကြည့်ပါနော်။
ပါးပေါ်မှာ တင်းတိပ်တွေရှိရင် နေပူမခံပါနဲ့။ တင်းတိပ်တွေက သနေ္ဓတားဆေး သောက်နေရင်၊ ကိုယ်ဝန်ရှိလာရင် သူ့အလိုလို ပိုများလာတတ်ပါတယ်။ လူးဆေး ရှိပါတယ်။ အရေပြားဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။
♦ နှုတ်ခမ်းပေါ်နဲ့ နှုတ်ခမ်းစွန်းက အနာလေးတွေ အရမ်းနာပါတယ်။ ပေါက်ဖူးရင် သိမှာပဲ။ ရေယုန်လို့ ခေါ်ပါတယ်။ လိုအပ်တဲ့ဆေး လူးဆေး၊ သောက်လိုက်ရင် ခဏနဲ့ ပျောက်ကင်းပါတယ်။ ဒါ့အပြင် နှုတ်ခမ်းလေးတွေ ကွဲအက်နေတာမျိုးက ရေဓာတ် ခန်းခြောက်တာကို ပြသနေတတ်တာမို့ ရေများများ သောက်ပါ။ နှုတ်ခမ်းကို လျှာနဲ့ ခဏခဏ မသပ်ပါနဲ့။ သိပ်ဆိုးရင် နှုတ်ခမ်း အဆီတစ်မျိုးမျိုး ဆိုးထားနိုင်ပါတယ်။
♦ မျက်ခုံးမွေးတွေ ကျွတ်မယ်၊ မျက်တောင်လေးတွေ ခဏခဏ ကျွတ်တတ်မယ်ဆိုရင် ကိုယ်ခံအားနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးမျိုး ဖြစ်နိုင်တာမို့ ပြသပေးပါ။ မျက်နှာမှာ နှုတ်ခမ်းမွေး ရေးရေးလေး ထွက်လာရင် ပီစီအိုအက်စ်ဆိုတဲ့ သားဥအိမ် မူမမှန်ရောဂါ ရှိနေတတ်တာမို့ သားဥအိမ်နဲ့ ဟော်မုန်းပမာဏ စစ်ဆေးသင့်ပါတယ်။
ဒီလောက်ဆို ကိုယ့်မျက်နှာလေးက ပြောပြနေတဲ့ ကျန်းမာရေးဆိုင်ရာ စိတ်ပူစရာလေးတွေကို သတိနဲ့အသိ ယှဉ်တွဲလို့ မှတ်သားလေ့လာနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























