မိသားစု ဆက်ဆံရေး နွေးထွေးခိုင်မာစေဖို့ ...
မိသားစုဆက်ဆံရေး နွေးထွေးခိုင်မာစေဖို့အတွက် ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်နိုင်ပါတယ်။
● ကလေးကဖြစ်စေ၊ ဇနီး ခင်ပွန်းကဖြစ်စေ စကားပြောချင်၊ ရင်ဖွင့်ချင်လာတဲ့အခါ လုပ်လက်စအလုပ်ကို ချက်ချင်းရပ်လိုက်ပြီး နားထောင်ပေးပါ။ သူတို့ရဲ့အမြင်တွေ၊ အတွေးတွေကို ဖော်ပြဖို့ အချိန်ပေးပါ။ မပြောချင်တာတွေကိုလည်း အတင်း မမေးမိပါစေနဲ့။ အထူးသဖြင့် ဆယ်ကျော်သက်တွေနဲ့ ဆက်ဆံတဲ့အခါ ပိုသတိထားရပါမယ်။
● အမှား ဝန်ခံတာလိုမျိုး ပြောရခက်တဲ့ကိစ္စတွေ၊ ဒေါသထွက်မှုတွေ၊ အပျော်တွေ၊ စိုးရိမ်ထိတ်လန့်မှုတွေ စတဲ့ စိတ်ခံစားချက်တွေကို ဖွင့်ပြောတဲ့အခါ စိတ်အေးအေးထားပြီး နားထောင်ပေးပါ။
● ကလေးတွေ အိပ်ရာမဝင်ခင်လိုမျိုး၊ ရေချိုးနေတုန်းလိုမျိုး အချိန်တွေမှာ တောက်တီးတောက်တဲ့ စိတ်ကူးပေါက်ရာ ပြောဆိုမေးမြန်းတာတွေကို ရင်ဆိုင်ဖို့ အသင့်ရှိပါစေ။
● ပြောရဆိုရ ခက်ခဲတဲ့ အကြောင်းအရာတွေအတွက် အသင့်ပြင်ဆင်ထားပါ။ အထူးသဖြင့် ဆယ်ကျော်သက်တွေနဲ့ ပြောဆိုရတာ အလွန်လက်ပေါက်ကပ်တတ်ပါတယ်။ ပြောဆိုရခက်တဲ့ အကြောင်းအရာတွေထဲမှာ လိင်မှုကိစ္စ၊ မူးယစ်ဆေးဝါး၊ အရက်ကိစ္စ ပညာပေးတာ၊ ကျောင်းစာ အကြောင်းတွေနဲ့ ပိုက်ဆံကိစ္စတွေ ပါဝင်ပါတယ်။ ဒီလိုအကြောင်းခြင်းရာတွေ မပြောခင်မှာ သေချာစဉ်းစားပြီးမှ ပြောသင့်ပါတယ်။
● ကလေးတွေနဲ့ ကိုယ့်ရဲ့ အပေါင်းအဖော်တွေကို ထုတ်ဖော်ချီးကျူးဖို့ မမေ့ပါနဲ့။ အကြောင်းအရာ သေးသေးလေးပဲ ဖြစ်ပါစေ၊ ချီးကျူးပြောဆိုဖို့ မမေ့ပါနဲ့။ စကားလုံးတွေ၊ အပြုအမူတွေနဲ့ ချစ်ခင်ကြောင်း၊ အားပေးကြောင်းကို ပြပါ။ ကလေးတွေကို အိပ်ရာမဝင်ခင် ဘယ်လောက်ချစ်ကြောင်း ဖော်ထုတ်ပြောပြရုံမျှလောက် လွယ်ကူပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























