/
node/5559

စိတ်အပြောင်းအလဲမြန်သော အမျိုးသမီးများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အမျိုးသား၊ အမျိုးသမီး 2 ဦးသားကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ဒီရေလို စိတ်အတက်အကျမြန်ပြီး တောင်တန်းများလို စိတ်အတက်အကျ များတာဟာ အမျိုးသမီးတွေ ဖြစ်နေလေ့ရှိပါတယ်။ ဒါဆို ဘာကြောင့် အမျိုးသမီးတွေမှာ စိတ်အတက်အကျ မြန်ရတာလဲ?

 

>>    အမိျုးသမီးတွေမှာ စိတ်အတက်အကျမြန်ရတဲ့ အကြောင်းရင်းများ

          ပြင်ပ ပယောဂမပါ,ပါဘဲ စိတ်အပြောင်းအလဲ များစေရတဲ့ အကြောင်းရင်းတွေဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အနည်းငယ်မျှ ပိုများပေမယ့် တချို့အချက်တွေကတော့ ယောက်ျား၊ မိန်းမ နှစ်ဦးလုံးမှာ ဖြစ်နိုင်ပါတယ်။

 

♦    ဓမ္မတာမလာမီ ဟော်မုန်းအပြောင်းအလဲ

          လူတစ်ယောက်ရဲ့ စိတ်အခြေအနေဟာ ဦးနှောက်က ထွက်လာတဲ့ Dopamine နဲ့ Serotonin ဆိုတဲ့ ဟော်မုန်းတွေအပေါ် မူတည်နေသလို အမျိုးသမီးတွေမှာ ဓမ္မတာမလာခင် အခိျန်အတွင်း Estrogen ဆိုတဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်အတက်အကျ ဖြစ်တတ်ပါသေးတယ်။ ဟော်မုန်းအပြောင်းအလဲနဲ့ ရာသီလာစဉ် နာကျင်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အမျိုးသမီးတစ်ယောက်ဟာ အလွယ်တကူ စိတ်တိုစိတ်ဆတ် ဖြစ်လာနိုင်ပါတယ်။ ဒီလို နာကျင်မှုပမာဏ အတိုင်းအတာဟာ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနိုင်တဲ့အတွက် စိတ်အတက်အကျလည်း ကွဲပြားတတ်ပါတယ်။

 

♦    သွေးဆုံးချိန်

          သွေးဆုံးချိန်တွေမှာ ဓမ္မတာ မလာမီမှာလိုပဲ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာကြောင့် စိတ်အတက်အကျ ဖြစ်တတ်ပါတယ်။ သွေးဆုံးကာလဟာလည်း တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနိုင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ သွေးဆုံးပြီးနောက်ပိုင်း ဓမ္မတာစက်ဝန်းကြောင့် ဖြစ်တဲ့ စိတ်အပြောင်းအလဲနဲ့ နာကျင်မှုတွေ မခံစားရတော့ပါဘူး။

 

♦    အခြား ဟော်မုန်းအပြောင်းအလဲ

          အပေါ်မှာပြောခဲ့တဲ့ ဟော်မုန်းတွေလိုပဲ အခြားဟော်မုန်းတွေဟာလည်း စိတ်အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ခန္ဓာကိုယ်ရဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး လိုအပ်တဲ့ခွန်အားကို ထုတ်ပေးနိုင်တဲ့ သိုင်းရွိုက်ဟော်မုန်း လုံလောက်စွာ မထွက်တဲ့အခါမှာလည်း စိတ်ဓာတ်အတက်အကျ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တတ်တာကလည်း အမျိုးသမီးတွေမှာ အနည်းငယ်မျှ ပိုဖြစ်နိုင်ပါတယ်။

 

♦    စိတ်ရောဂါများ

          ထို့အတူပဲ အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပြီး စိတ်အတက်အကျကို ဖြစ်စေနိုင်တဲ့ စိတ်ရောဂါတစ်မျိုးကတော့ Bipolar Depression လို့ခေါ်တဲ့ စိတ်တက်ကြွလိုက် အဆုံးစွန်ထိ စိတ်ဓာတ်ကျလိုက် ဖြစ်နေတတ်တဲ့ စိတ်ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။

 

♦    စိတ်ဖိစီးမှု

          စိတ်ဖိစီးမှု များခြင်းဟာလည်း စိတ်အတက်အကျ များစေတဲ့ အကြောင်းအရင်း တစ်ချက်ထဲမှာပါပြီး စိတ်ဖိစီးမှုကြောင့် စိတ်တိုစိတ်ဆတ် လွယ်သလို ငိုယိုစိတ်ဓာတ်ကျဖို့လည်း ပိုလွယ်တတ်တာပါတယ်။

 

>>    စိတ်အတက်အကျ မြန်ခြင်းကို ဘယ်လိုကိုင်တွယ်ဖြေခြင်းမလဲ?

          စိတ်အတက်အကျ မြန်နေသူတစ်ဦးနဲ့ ဆက်ဆံရတဲ့အခါ ကိုယ်ချင်းစာစိတ်ရှိဖို့ လိုအပ်ပါတယ်။ ဒီလို စိတ်အပြောင်းအလဲ မြန်နေတာကို သူတို့ကိုယ်တိုင်လည်း နှစ်ခြိုက်မယ် မထင်ပါဘူး။ အကယ်၍ ကိုယ်ကိုယ်တိုင်က စိတ်အပြောင်းအလဲမြန်ခြင်းကို ခံစားနေရရင်တော့ ကိုယ့်ကြောင့် တစ်ပါးသူတွေရဲ့စိတ်ပါ ပြောင်းလဲတတ်တာကို သတိပြုရပါမယ်။ ဒါကြောင့် ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်ခဲ့ရင်တောင်မှ သူများရဲ့ စိတ်အပြောင်းအလဲကို အပြစ်မမြင်ဘဲ ချစ်ခင်စိတ်နဲ့ ဆက်ဆံရပါမယ်။

          ဒီလိုစိတ်အပြောင်းအလဲများနေသူ အများစုဟာ သူတို့ရဲ့ပြဿနာတွေကို နားထောင်ပေးမယ့်လူကို ရှာတတ်ကြသလို တစ်ယောက်ထဲ အခန်းပိတ် တိတ်ဆိတ်နေတတ်ကြသူတွေလည်း ရှိပါတယ်။ အကယ်၍ စိတ်အတက်အကျဖြစ်နေသူ တစ်စုံတစ်ယောက်က သူ့ရဲ့ပြဿနာတွေကို ရင်ဖွင့်ပြောဆိုခဲ့ရင် ဘာအကြံဉာဏ်မှမပေးဘဲ စိတ်သက်သာအောင်၊ စိတ်အားတက်ကြွ ကြံ့ခိုင်လာအောင်သာ အားပေးရင်း နားထောင်ပေးသင့်ပါတယ်။

          ကိုယ်ကိုယ်တိုင်က စိတ်အတက်အကျ ဖြစ်နေခဲ့ရင်လည်း နားလည်လက်ခံပေးမယ့် ချစ်ခင်ရင်းနှီးသူ တစ်ယောက်ယောက်ကို ရင်ဖွင့်တိုင်ပင်နိုင်သလို ကိုယ့်ကိုယ်ကို တစ်ယောက်တည်း တိတ်တိတ်ကလေး ဖြေရှင်းဖို့လည်း ကြိုးစားနိုင်ပါတယ်။ အားရပါးရ ငိုချလိုက်ခြင်းက ခံစားမှုတွေကို သက်သာသွားစေနိုင်သလို သီချင်းအေးအေး နားထောင်တာ၊ ပေါ့ပေါ့ပါးပါး ဟာသရုပ်ရှင်ကြည့်တာ စတဲ့ စိတ်ပြောင်းစိတ်လွှဲတစ်ခုခု လုပ်ခြင်းကလည်း စိတ်အာရုံကို ငြိမ်သက်စေနိုင်ပါတယ်။ တစ်ခါတစ်ရံ အိပ်လိုက်တာဟာ အကောင်းဆုံးအဖြေ ဖြစ်နေတတ်ပါတယ်။ ပြဿနာအများစုက မနက်နိုးလာချိန်မှာ ဘာမှအရေးမကြီးတာမျိုး ဖြစ်နေတတ်ပါတယ်။ အရေးကြီးတာက ဒီလိုအချိန်မှာ ပြောလိုက်တဲ့စကားတွေဟာ နောက်နောင်ပြန်တွေးတိုင်း နောင်တရစရာ ဖြစ်နေတတ်တာမို့ တစ်ယောက်ယောက်စီမှာ စုပြုံလွှဲချ အော်ပစ်တာမျိုး မဖြစ်စေဖို့ သတိထားသင့်ပါတယ်။

 

>>    ရေရှည်ကုသမှု

          ဒီလို စိတ်အတက်အကျ မြန်သူတွေအတွက် သူတို့နဲ့သက်ဆိုင်ရာ ကုသနည်းတွေကို ဆရာဝန်က ညွှန်ပြပါလိမ့်မယ်။ ရာသီမလာမီဖြစ်တဲ့ စိတ်အပြောင်းအလဲနဲ့ သွေးဆုံးပြီးဖြစ်တဲ့ စိတ်အပြောင်းအလဲတို့အတွက် ဟော်မုန်းအစားထိုး ကုသနည်းကို သုံးနိုင်ပေမယ့် ဒီဆေးတွေဟာ ကြာရှည်သုံးဖို့ မသင့်တာကြောင့် ရေရှည်ကုသမှုတော့ မဟုတ်ပါဘူး။ ရာသီမလာခင် လူသတ်ချင်ဖြစ်နေတဲ့ စိတ်အတွက်တော့ သနေ္ဓတားဆေးတွေ သောက်ပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျနေသူတွေနဲ့ စိတ်ရောဂါရှိသူတွေအတွက် စိတ်ကျရောဂါပျောက်ဆေးတွေ၊ အခြားဦးနှောက်ထဲရှိ ဟော်မုန်းဓာတ် ထွက်စေတဲ့ဆေးတွေကို ဆရာဝန်တွေ ညွှန်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီဆေးတွေမှာလညး် ရေရှည်ဆိုးကျိုးတွေ ရှိနေပါသေးတယ်။

          ဒီလိုဆေးတွေနဲ့ ကုသတာအပြင် CBT (Cognitive Behavioural Therapy) ဆိုတဲ့ အသိအမြင် ပြောင်းလဲကုသမှု လုပ်နိုင်ပါတယ်။ ဒီကုသနည်းမှာ စိတ်အတက်အကျ ဖြစ်စေနိုင်တဲ့ မကောင်းမြင်အတွေးတွေ ဖြစ်လာတဲ့အခါ ချက်ချင်းအကောင်းမြင်စိတ်နဲ့ ပြင်ပစ်တာမျိုး၊ အသက်ရှူနှုန်းနဲ့ စိတ်အခြေအနေကို ငြိမ်သက်အောင် တရားထိုင်သလိုမျိုး ကိုယ့်စိတ်နှလုံး အေးချမ်းအောင် နေထိုင်တာမျိုး စတဲ့နည်းတွေကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းတွေ လုပ်ကြည့်တဲ့အခါ နှလုံးခုန်နှုန်းတိုင်းစက် တွဲပြီးလုပ်နိုင်ပါတယ်။ ဒါမှသာ စိတ်အပြောင်းအလဲ ဖြစ်ခါနီး ကိုယ့်ခန္ဓာကိုယ်မှာ ဘာတွေအပြောင်းအလဲ ဖြစ်နေလဲ၊ ဘယ်နည်းကို အသုံးပြုတဲ့အခါ ကိုယ်ရောစိတ်ပါ ငြိမ်သက်သွားသလဲဆိုတာကို သိရှိနိုင်မှာပါ။

          အကယ်၍ စိတ်ဖိစီးမှုကြောင့် ဖြစ်နေတာ ဆိုရင်တော့ အဖြေကရှင်းရှင်းလေးပါ။ စိတ်ဖိစီးမှုကို နည်းနိုင်သမျှ နည်းအောင် လျှော့ချရုံသာ ဖြစ်ပါတယ်။ ဘာကြောင့် စိတ်အပြောင်းအလဲ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို သိရှိပြီး ပြင်ဆင်ပေးခြင်းဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

Dr. Emerald (www.drmyanmar.com)