/
node/5603

သမ်းဝေခြင်းဟာ အိပ်ချင်တာနဲ့ အမြဲဆိုင်သလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သိပ်ပင်ပန်းနေတဲ့ အချိန်တွေဆိုရင် " ဝါး ... ဝါး ..." နဲ့ သမ်းလိုက်ရင် နည်းနည်း နေသာသွားသလိုပါပဲ။ သမ်းဝေချင်တာက ထိန်းလို့မရဘူးလေ။ ငယ်ငယ်က စာသင်ခန်းထဲမှာသမ်းရင် ဆူခံထိတာပဲ။ သူများသမ်းတာ မြင်လည်း သမ်းချင်တာ။ တကယ်တော့ သမ်းဝေခြင်းဟာ အိပ်ချင်တာနဲ့ အမြဲသက်ဆိုင်တယ်လို့ မဆိုနိုင်ပြန်ပါဘူး။

          မပင်ပန်းဘဲနဲ့ရော အလကားနေရင်း သမ်းချင်တာမျိုး ကြုံဖူးကြပါသလား။ သုတေသနတစ်ခုအရ ဆောင်းတွင်းဆို သိပ်မသမ်းကြဘူးတဲ့။ အေးမြတဲ့ရာသီဥတုမို့ပါတဲ့။  နွေပူပူမှာ လူကလည်း အိုက်၊ အလုပ်ကလည်း ပန်းဆိုရင် ဦးနှောက်အပူချိန် တက်လာတဲ့အတွက် အလိုလို သမ်းချင်လာပါတယ်။ လူက အားရပါးရ သမ်းလိုက်တဲ့အခါ ခန္ဓာကိုယ်အပူချိန် လျော့ကျသွားလေ့ ရှိပါတယ်။

          ခဏခဏ ခေါင်းကိုက်တတ်တဲ့သူဆို မကြာခဏ သမ်းလေ့ရှိတယ်။ ဦးနှောက်သွေးကြောတွေကို အလွယ်တကူ ပြေလျော့သွားစေပါသတဲ့။  သမ်းဝေခြင်းဖြင့် အကြောတွေ ပြေလျော့သွားစေပြီး ပြန်လန်းလာစေပါတယ်။

          သမ်းဝေခြင်းဟာ ကူးစက်တတ်ပါသတဲ့။ ဗီဒီယိုကြည့်နေရင်း သမ်းတာလေး မြင်လိုက်ရတာပဲဖြစ်ဖြစ်၊ ကိုယ့်ရှေ့က လူတစ်ယောက် သမ်းတာတွေ့ရရင်ပဲဖြစ်ဖြစ် အလိုလိုနေရင်း သမ်းချင်လာပါသတဲ့။

          ပညာရှင်တွေရဲ့ စမ်းသပ်ချက်တချို့အရ လူတစ်ယောက်ဟာ နွေးထွေးကြင်နာတဲ့စိတ် နည်းပါးပြီး သွေးအေးလာလေလေ သူများသမ်းတိုင်း လိုက်မသမ်းတော့လေပါတဲ့။

          ကိုယ့်အထက်လူကြီးရှေ့၊ ဆရာမရှေ့၊ သင်တန်းတွင်း၊  အရေးကြီးတဲ့ တွေ့ဆုံမှုတွေမှာ တဝါးဝါး သမ်းနေရင် အတော် ရုပ်ပျက်ပါတယ်။ သမ်းချင်လာပြီဆိုတာနဲ့ ချက်ချင်းသတိနဲ့  အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်လိုက်ပါတဲ့။ ရေအေးအေး သောက်ပါ။ အရည်ရွှမ်းတဲ့ အသီးစားပါ။ ထပြီး လမ်းလျှောက်လိုက်ပါ။ ခြေလက်ဆန့်ထုတ်ပြီး ဖြေလျော့လိုက်ပါ။

          ခဏခဏ သမ်းဝေပြီး ပင်ပန်းတဲ့ပုံပေါ်မနေအောင် ကောင်းကောင်းအိပ်ဖို့ လိုပါတယ်။ Quality Sleep ဆိုတဲ့ စကားလုံးလေး။ ကောင်းကောင်းအိပ်မှ  အိပ်ရေးဝတာလို့ပဲ ဆိုကြပါစို့။ ဒီတော့  အရည်အသွေးမီမီ အိပ်ပျော်ဖို့ ကိုယ်လက်လှုပ်ရှားပါ။ အိပ်ရာမဝင်ခင် ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် ရှောင်ပါ။ အိပ်ချိန်၊ နိုးချိန် မှန်ကန်ပါစေ။ အိပ်ခန်းလေးကို သက်သောင့်သက်သာဖြစ်အောင် ပြင်ဆင်ထားပါ။

          ကိုယ့်ကိုယ်ကိုယ် ပုံမှန်ထက် သိပ်သမ်းနေတယ်လို့ ထင်ခဲ့ရင် ဆရာဝန်နဲ့ စနစ်တကျ ပြသစစ်ဆေးရပါမယ်။  ညအိပ်မပျော်ဘဲ နေ့ပိုင်းဘာမှ အာရုံမစိုက်နိုင်လောက်အောင် အရမ်းအိပ်ငိုက်တာမျိုး။ ခန္ဓာကိုယ် နာကျင်ကိုက်ခဲတာမျိုးတွေပါ ပါလာရင် ပြသဖို့ လိုအပ်လေ့ ရှိပါတယ်။

          အိပ်ရေးမဝရင် ပင်ပန်းလာရင် ခန္ဓာကိုယ်က သမ်းဝေခြင်းဖြင့် တုံ့ပြန်မှာပါပဲ။

          တကယ်တော့ သမ်းဝေခြင်းဟာ ခန္ဓာကိုယ်အပူချိန်ကို အလိုအလောက် ထိန်းညှိပေးတဲ့ ပုံမှန်လုပ်ဆောင်ချက်တစ်ခုသာဖြစ်ကြောင်း အသိပေး တင်ပြလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန််း) (www.drmyanmar.com)