လက်ဆစ်များ ရောင်ရမ်းခြင်းနှင့် အိမ်တွင်းကုထုံးများ
အဆစ်ရောင်တယ်ဆိုတာက လူတစ်ယောက်ရဲ့ နေ့စဉ်လုပ်ငန်း လုပ်ဆောင်မှုတွေမှာ ကန့်သတ်ချက်တွေ ရှိစေပြီး နာကျင်မှုကိုလည်း ခံစားရစေပါတယ်။ ဒါပေမဲ့ အိမ်တွင်းကုထုံးတွေက အရိုးအဆစ် ရောင်ရမ်းခြင်းအတွက် များစွာအထောက်အကူပေးနိုင်ပါတယ်။
>> လက်အဆစ်ရောင်ခြင်းအတွက် အိမ်တွင်းကုထုံးများ
လက်အဆစ် ရောင်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်းတွေကို သက်သာစေပြီး လက်ကို အနားရစေတဲ့ အိမ်တွင်းကုထုံးတွေ များစွာရှိပါတယ်။
• ရေခဲကပ်ခြင်း
ထိခိုက်ဒဏ်ရာရသလိုပဲ ရောင်ရမ်းခြင်း ဖြစ်တဲ့အခါမှာလည်း သက်သာစေဖို့ ရေခဲ ကပ်ပေးလို့ရပါတယ်။ ရေခဲကပ်ပေးခြင်းဖြင့် အဆစ်ရောင်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။
• ပန်းသီးရှာလကာရည် (Apple Cider Vinegar)
သဘာ၀အရောင်ကျဆေး ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေး အနည်းငယ်ဖြင့် သောက်ပေးပါ။
• ပျားရည်နှင့် သစ်ကြံပိုးခေါက်
ဒီနှစ်မျိုးပေါင်းက ကြွက်သားတောင့်တင်းခြင်းတွေကို ပြေလျော့စေဖို့ အကောင်းဆုံးပါ။ ပျားရည်မှာ ပိုးသတ်နိုင်စွမ်းရှိပြီး သစ်ကြံပိုးခေါက်ကတော့ သဘာ၀အရောင်လျော့ဆေး ဖြစ်ပါတယ်။
ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းထဲမှာ သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်၀က်ရောပြီး မနက်စောစော ဘာမှမစားခင် သောက်ပေးပါ။
• ဆားခါး
ဆားခါးက နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းနဲ့ တောင့်တင်းခြင်းတွေကို လျော့ကျစေပါတယ်။ အရိုးအတွက် မရှိမဖြစ်လိုအပ်တဲ့ မဂ္ဂနီဆီယမ်လည်း ပါ၀င်ပါတယ်။ ဆားခါးကို ရေနဲ့ဖျော်ပြီး ရောင်နေတဲ့လက်ကို စိမ်ထားပေးပါ။
• သံလွင်ဆီ
ရောင်ရမ်းခြင်းကို လျော့နည်းစေဖို့ လက်မှာ လိမ်းပေးနိုင်သလို အစားအသောက်တွေထဲမှာလည်း ထည့်သွင်းစားသုံးနိုင်ပါတယ်။
• ကြက်သွန်ဖြူ
ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်းတွေ သက်သာစေဖို့ ကြက်သွန်ဖြူ ပုံမှန်စားသုံးပေးသင့်ပါတယ်။
• မုန်ညင်းစေ့
အရောင် လျော့စေနိုင်သလို အင်တီအောက်ဆီးဒင့်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ မုန်ညင်းစေ့ကို ရေထဲမှာ တစ်ညလုံး စိမ်ထားပြီး မနက်မှာ ရေကို သွန်လိုက်ကာ အစေ့ကို စားပေးပါ။
• ကြက်ဆူဆီ
ကြက်ဆူဆီမှာ အရောင်လျော့စေပြီး အနာသက်သာစေတဲ့ ricin oleic acid ပါ၀င်ပါတယ်။ လက်ကို ကြက်ဆူဆီ နေ့စဉ်လိမ်းပေးပါ။
>> အဆစ်ရောင်ခြင်းကြောင့် ကိုက်ခဲခြင်းကို သက်သာစေသော အစားအစာများ
ယခုခေတ်မှာ ဦးနှောက်နဲ့ နှလုံး ကျန်းမာရေးကို ကောင်းမွန်စေတဲ့ Mediterranean diet က ခေတ်စားလာပါတယ်။ ဒီ diet ရဲ့ အခြေခံကတော့ အသားနဲ့ ဥပါ၀င်တဲ့ မွေးထားသောအိမ်ကြက်၊ ငါး၊ သစ်သီးနဲ့ အခွံမာသီးနဲ့ အစေ့များ စတာတွေကို များများစားပြီး ပြုပြင်ပြောင်းလဲထားသော အစားအစာတွေနဲ့ သကြားကို လျှော့စားခြင်း ဖြစ်ပါတယ်။
အနည်းဆုံး ဟင်းသီးဟင်းရွက် နှစ်ခွက်၊ သစ်သီး 2 ခုနဲ့အထက် စားပေးပါ။ သံလွင်ဆီက ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် မကြာခဏ သုံးစွဲပေးပါ။
အဆစ်ရောင်ရောဂါ ရှိသူတွေ စားသုံးသင့်တဲ့ အစားအစာတွေကတော့ -
• စားနေကျ အဆီအမျိုးအစား ပြောင်းစားပါ။ ဥပမာအားဖြင့် သံလွင်ဆီက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ ဖြစ်ပါတယ်။ ပြည့်၀ဆီလား၊ အသွင်ပြောင်းဆီလားဆိုတာကို အညွှန်း သေချာဖတ်ပါ။
• အဆီများတဲ့ငါး ပိုစားပါ။ အဆီများတဲ့ငါးတွေမှာ အရောင်လျော့စေတဲ့ မရှိမဖြစ် လိုအပ်တဲ့အဆီတွေ ပါ၀င်ပါတယ်။
• သံဓာတ် ကြွယ်၀တဲ့ အစာတွေ စားပါ။ ဥအမျိုးမျိုး၊ အစိမ်းရောင်ရှိသော အရွက်များ၊ ပဲနဲ့ အနီရောင် အသားတွေမှာ သံဓာတ် ကြွယ်၀ပါတယ်။ သံဓာတ် စုပ်ယူမှု အားကောင်းစေဖို့ ဗီတာမင် C နဲ့ တွဲဖက်စားသုံးပေးပါ။
• ကယ်ဆီယမ် ကြွယ်၀တဲ့အစားအစာတွေ စားပါ။ ကယ်ဆီယမ်က အရိုးတွေကို သန်မာစေပြီး ဒါက အဆစ်ရောင်ရောဂါရှိသူတွေမှာ အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေတဲ့အတွက် အရေးကြီးပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























