/
node/5630

အင်ဒိုမီထရီရိုးဆစ်ရောဂါ (သားအိမ်ပြင်ပ မူမမှန်တစ်သျှူး) နှင့် ကလေး မရနိုင်ခြင်းအကြောင်း သိကောင်းစရာ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        Endometriosis လို့ခေါ်တဲ့ ရောဂါဆိုတာ သားအိိမ်အတွင်းသားမှာ ရှိသင့်တဲ့ တစ်သျှူးဟာ သားအိမ်ပြင်ပ တစ်နေရာရာမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ အင်ဒီုမီထရီရိုးဆစ်ရောဂါဖြစ်ရင် အကြီးဆုံး ပြဿနာနှစ်ခုကတော့ အလွန် နာကျင်ကိုက်ခဲခြင်းနှင့်    ကလေး မရနိုင်တော့ဘဲ မြုံသွားတတ်တာတို့ ဖြစ်ပါတယ်။

 

>>    ဘာလို့ ကလေးမရနိုင်သလဲ?

          သားဥအိမ် သားအိမ်နဲ့ ပြွန်တွေမှာ တည်ရှိနေတဲ့ ကပ်နေတဲ့ အသားလွှာတွေဟာ သဘာ၀အတိုင်း သားဥဆင်းတာကို ပိတ်ဆို့ထားတတ်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သားဥအရေအတွက်နဲ့ အရည်အသွေးလည်း ကျဆင်းသွားတတ်ပါတယ်။

 

>>    ဘယ်လိုနေရာတွေ နာတတ်သလဲ?

•        ခန္ဓာကိုယ်အောက်ပိုင်း ဆီးခုံနေရာ နာကျင်ကိုက်ခဲခြင်း

•        ဆီးသွားရင် နာကျင်ခြင်း

•        လိင်ဆက်ဆံတဲ့အခါ နာကျင်ခြင်း

•        ရာသီသွေး အလွန်အကျွံဆင်းခြင်း

•        ခါးအောက်ပိုင်း နာကျင်ခြင်း

•        ၀မ်းလျှောခြင်း ၊ လေပွခြင်းတွေ ဖြစ်နိုင်ပါတယ်။

 

>>    ကလေးရဖို့ မျှော်လင့်ချက် ရှိသေးရဲ့လား?

          ဒီရောဂါမှာ အပြင်းစား၊ အလယ်အလတ်နဲ့ အပျော့စား ဆိုပြီး ရှိပါတယ်။ ကလေးမရနိုင်ဘဲ မြုံသွားတတ်တယ် ဆိုပေမယ့် အလယ်အလတ်နဲ့ အပျော့စား ရောဂါအနေအထားရှိတဲ့  အမျိုးသမီး 10 ယောက်မှာ 7 ယောက်ဟာ ကလေးရနိုင်ခြေ ရှိပါသေးတယ်။ ဒီတော့ အားလျှော့စိတ်ပျက်မနေဘဲ ကလေး ရနိုင်ခြေတွေကို သားဖွားမီးယပ်ဆရာ၀န်နဲ့ သေသေချာချာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 

>>    ဘယ်လိုရောဂါရှာပြီး ဘယ်လိုကုကြသလဲ?

          တကယ်တော့ ဒီရောဂါကို ရှာဖွေတွေ့ဖို့၊ သတိထားမိဖို့ သိပ်ခက်ပါတယ်။ အာထရာဆောင်းနဲ့ လိုအပ်ရင် MRI သံလိုက်ဓာတ်မှန် ရိုက်ရမယ်။ ကိုယ်တွင်းကြည့်မှန်ပြောင်းကတစ်ဆင့် အသားစယူပြီး ရောဂါ ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ပါတယ်။ ကုလို့ရပေမယ့် ပျောက်ဖို့ကတော့ ခဲယဉ်းပါတယ်။ ရောဂါရှင် အမျိုးသမီးတွေဟာ နာတာရှည် နာကျင်မှုနဲ့ ရုန်းကန်နေရလေ့ ရှိပါတယ်။ နာကျင်မှုကိုပဲ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတွေအပြင်  ဆရာ၀န်အနေနဲ့  အခြားကုထုံးများကို ဆွေးနွေးပေးမှာဖြစ်ပြီး မိမိနဲ့ သင့်တော်ရာဆေးဝါးနဲ့ ရွေးချယ်ကုသပေးမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကလေးရနိုင်ခြေနဲ့ မိမိမှာ ဖြစ်နေတဲ့ ရောဂါအတိုင်းအတာကို ဆရာ၀န်နဲ့ တစ်ပါတည်း ဆွေးနွေးဖို့ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)