တချို့ဆေးတွေကို အစာနဲ့ တွဲသောက်ရလေ့ရှိတာ ဘာကြောင့်လဲ?
တချို့ဆေးတွေဟာ အစာနဲ့ခြားပြီး သောက်ရပေမယ့် တချို့ဆေးတွေကိုတော့ အစာနဲ့တွဲပြီး သောက်ခိုင်းတာ၊ အစာစားပြီးမှ သောက်ခိုင်းတာမျိုး ရှိပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ -
1. ပျို့အန်ချင်စိတ် နည်းစေရန်
ပျို့အန်ချင်စိတ်ကို ဖြစ်စေတတ်တဲ Allopurinol ဂေါက်ရောဂါဆေး၊ bromocriptine နို့ခမ်းဆေးနဲ့ madopar ဆိုတဲ့ ဆေးတွေကို အစာစားပြီးမှ သောက်ခြင်းဖြင့် ပျို့အန်ချင်စိတ်ကို နည်းစေပါတယ်။
2. အစာအိမ် ထိခိုက်မှု နည်းစေရန်
တချို့ဆေးတွေဟာ အစာအိမ်ကို ထိခိုက်စေတတ်ပြီး အစာနဲ့ တွဲစားခြင်းဖြင့် မထိခိုက်စေအောင် ကာကွယ်နိုင်ပါတယ်။ Aspirin နဲ့ NSAID အကိုက်အခဲပျောက်ဆေးတွေ၊ စတီးရွိုက်ဆေးတွေကို ပေါင်မုန့်၊ နို့ စသည်ဖြင့် အစာ တစ်ခုခုနဲ့ တွဲစားသင့်ပါတယ်။
3. ရင်ပူခြင်း နည်းစေရန်
အစာအိမ်ထဲ အစာတွေ ရောက်လာတဲ့အခါ အက်ဆစ်ဓာတ်တွေ ထွက်ပြီး ဒီအက်ဆစ်တွေ အပေါ်ကို လျှံတက်တဲ့အခါ ရင်ပူတတ်ပါတယ်။ ဒီလိုရင်ပူခြင်းမဖြစ်အောင် Antacid ဆေးတွေက ကာကွယ်ပေးတာကြောင့် ဒီဆေးတွေကို အစာနဲ့တွဲပြီး သို့မဟုတ် အစာ စားပြီးချိန်တွေမှာ သောက်ပေးသင့်ပါတယ်။
4. ဆေးတွေ အစာနဲ့ မပါသွားစေရန်
လျှာမှာ ခရုသင်း ပေါက်တာတွေ၊ မှိုစွဲတာတွေအတွက် ပေးတဲ့ ပလုတ်ကျင်းဆေးတွေ၊ မှိုသတ်ဆေးအရည်တွေကို အစာ စားပြီးမှ လိမ်းပေးခြင်းဖြင့် အစာနဲ့ ပါမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။
5. ဆေးကို သွေးထဲ ကောင်းကောင်းစုပ်နိုင်ရန်
HIV အတွက်ပေးတဲ့ ritonavir, saquinavir, nelfinavir စတဲ့ ဆေးတွေကို စုပ်ယူဖို့ အစာရှိဖို့ လိုအပ်တာကြောင့် အစာ စားပြီးမှ သောက်ပေးရပါမယ်။
6. အစာ စားပြီးချိန် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အထောက်အကူဖြစ်စေရန်
ဆီးချိုရောဂါအတွက် သောက်တဲ့ဆေးတွေကို အစာ စားပြီးချိန်မှာ သွေးတွင်းအချိုဓာတ်ကို မတက်အောင်၊ မကျအောင် ထိန်းပေးနိုင်စေရန်အတွက် အစာနဲ့ တွဲသောက်ပေးရသလို နာတာရှည် မုန့်ချိုအိတ် ရောင်နေသူတွေမှာလည်း အစာချေဖို့ လိုအပ်တဲ့အင်ဇိုင်းဆေးတွေကို အစာနဲ့ တွဲသောက်ပေးရပါမယ်။
ဆေးကို ဘယ်အချိန်မှာ သောက်သင့်သလဲ မသေမချာ မရေမရာ ဖြစ်နေခဲ့ရင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်တွေကို မေးမြန်းနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























