/
node/5648

ခြေထောက်ကပြောတဲ့ ကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      ခြေဖဝါးအေးခြင်း

          ခြေထောက်တွေ အမြဲအေးနေတတ်တဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ သွေးလှည့်ပတ်မှု မကောင်းတာဘဲ ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်းနဲ့ နှလုံးရောဂါတွေကြောင့် သွေးလှည့်ပတ်မှု မကောင်းတဲ့အခါ ခြေထောက်တွေ အေးနေတတ်ပါတယ်။ ဆီးချိုရောဂါ မထိန်းနိုင်တာကြောင့် အာရုံကြောတွေ ပျက်စီးတဲ့အခါမှာလည်း ခြေထောက်တွေ အေးနေတတ်ပါတယ်။ အခြားဖြစ်တတ်တဲ့ ရောဂါတွေကတော့ သိုင်းရွိုက်ဓာတ်နည်းရောဂါနဲ့ သွေးအားနည်းခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြသပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေရပါမယ်။ တစ်ခါတစ်ရံ ဘာအကြောင်းအရင်းမှ မရှိဘဲနဲ့လည်း ခြေထောက် အေးနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

2.      ခြေထောက်နာခြင်း

          တစ်နေကုန် လှုပ်ရှားပြီးနောက် ခြေထောက်နာခြင်းကတော့ ဖိနပ်ကိုပဲ အပြစ်တင်ရမှာပါ။ အမျိုးသမီး 10 ယောက်မှာ 8 ယောက်ဟာ ဒေါက်ဖိနပ်တွေကြောင့် ခြေထောက် နာကျင်ရတတ်ပါတယ်။ ဒါပေမဲ့ ဒေါက်ဖိနပ်ကြောင့် မဟုတ်ဘဲ နာကျင်နေတယ် ဆိုရင်တော့ ခြေထောက်မှာရှိတဲ့ အရိုးကလေး အက်တာကြောင့် ဖြစ်နိုင်ပါတယ်။ အခြားဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ ဘတ်စကတ်ဘော၊ မာရသွန် ပြေးတာတွေကို ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်တာကြောင့်လည်း ရနိုင်သလို အရိုးပွရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။

 

3.      ဖြူ ၊ နီ၊ ပြာ ခြေချောင်းလေးများ

          Raynaud's disease လို့ခေါ်တဲ့ ရောဂါမှာ သွေးကြောလေးတွေ ရုတ်တရက် ကျဉ်းသွားပြီး ခြေချောင်းလေးတွေဟာ နဂိုအသားရောင် မဟုတ်တော့ဘဲ ဖြူ၊ ဖြူရာကနေ ပြာ၊ ပြာရာကနေ နီပြီး နဂိုအသားရောင်ကို ပြန်ပြောင်းသွားတတ်ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ အပူချိန် အပြောင်းအလဲတွေကြောင့် သွေးကြောကလေးတွေ ရုတ်တရက် ကျဉ်းတတ်ပါတယ်။ Raynaud's disease ဟာ သွေးလေးဖက်နာ၊ Sjogren' disease ၊ သိုင်းရွုက်ရောဂါ စတာတွေနဲ့ တွဲနေတတ်ပါတယ်။

 

4.      ခြေဖနောင့်နာခြင်း

          ခြေဖနောင့် နာတတ်တဲ့ အကြောင်းရင်းတွေထဲမှာ ဖြေနောင့်အရိုးကို ကပ်တွယ်ထားတဲ့ ခြေဖဝါး အရွတ်ရောင်တာက ထိပ်ဆုံးမှာ ပါ,ပါတယ်။ အိပ်ရာကနိုးပြီး ခြေဖဝါးထောက်လိုက်ချိန်မှာ စူးခနဲ ဆိုးဆိုးရွားရွား နာနိုင်ပါတယ်။ အဆစ်နာခြင်း၊ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းနဲ့ ခြေထောက်နဲ့ မတော်တဲ့ဖိနပ်တွေကြောင့်လည်း ခြေဖနောင့် နာတတ်သလို အရွတ်ရောင်ခြင်းကြောင့်လည်း နာတတ်ပါတယ်။ အဖြစ်နည်းတဲ့ အကြောင်းရင်းတွေထဲမှာ ခြေဖနောင့်အရိုး အတက်ထွက်ခြင်း၊ အရိုးပိုးဝင်ခြင်း၊ အကျိတ်နဲ့ အရိုးကျိုးခြင်းတွေ ပါ,ပါတယ်။

 

5.      ခြေဆွဲနေခြင်း

          တစ်ခါတလေ ရောဂါရဲ့ ပထမဆုံး အပြောင်းအလဲဟာ ခြေလှမ်း ကျယ်လာတာ၊ ခြေထောက် ဆွဲနေတာ စတ့ဲ လမ်းလျှောက်ပုံ အပြောင်းအလဲ ဖြစ်နေတတ်ပါတယ်။ ဒါဟာ အစွန်အဖျား အာရုံကြော ထိခိုက်မိပြီး ခြေထောက် အာရုံခံစားမှု ဖြည်းဖြည်းချင်း လျော့နည်းလာတာကြောင့် ဖြစ်တတ်ပါတယ်။ 30% သော အကြောင်းရင်းဟာ ဆီးချိုရောဂါကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ပိုးဝင်တာ၊ ဗီတာမင် ချို့တဲ့တာ၊ အရက်စွဲတာ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အများစုမှာတော့ ဘာကြောင့် အာရုံကြော ထိခိုက်တယ်ဆိုတာကို မသိရပါဘူး။ ခြေဆွဲရတဲ့ ယေဘုယျအကြာင်းရင်းတွေဟာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ ကြွက်သားတွေကြောင့် ဖြစ်နိုင်ပါတယ်။

 

6.      တင်းပုတ်သဏ္ဌာန်ခြေသည်း

          ဒီခြေသည်းပုံစံအပြောင်းအလဲမှာ ခြေသည်းဟာ ထိပ်မှာ လုံးနေပြီး နောက်ကို ခုံးသွားပါတယ်။ အဆုတ်ရောဂါကြောင့် အဓိက ဖြစ်တတ်ပြီး နှလုံးရောဂါ၊ အသည်းရောဂါ၊ အစာချေစနစ်ရောဂါတွေနဲ့ အချို့ပိုးဝင်ခြင်းတွေကြောင့်လည်း ရတတ်ပါတယ်။ တစ်ခါတလေ ဘာအကြောင်းရင်းမှမရှိဘဲ မျိုးရိုးလိုက် ဖြစ်တတ်ပါသေးတယ်။

 

7.      ခြေထောက်ရောင်ခြင်း

          ခြေထေက်ရောင်ခြင်းဟာ အကြာကြီး မတ်တပ်ရပ်တာ၊ လေယာဉ်အကြာကြီး စီးတာတွေကြောင့် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ခြေထောက်ရောင်နေခြင်းဟာ သွေးလှည့်ပတ်မှု နည်းတာ၊ လင့်ပြန်ကြောရည် ပိတ်တာ၊ သွေးခဲ ပိတ်တာတွေကြောင့် ဖြစ်နေနိုင်ပါတယ်။ ကျောက်ကပ်ပြဿနာ၊ သိုင်းရွိုက် အလုပ်မလုပ်တာတွေကြောင့်လည်း ခြေထောက်ရောင်တတ်ပါတယ်။ ဒါကြောင့် ခြေထောက် တောက်လျှောက်ရောင်နေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

8.      ခြေထောက် တဆစ်ဆစ်ပူခြင်း

          ဒီလို ခြေထောက် တဆစ်ဆစ်ပူခြင်းဟာ ဆီးချိုသမားတွေမှာ အစွန်အဖျား အာရုံကြော ပျက်စီးတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါတင်မက ဗီတာမင်ဘီ ချို့တဲ့တာ၊ အားကစားသမားများ၊ နာတာရှည် ကျောက်ကပ် ပျက်စီးတာ၊ ခြေထောက်မှာ သွေးလှည့်ပတ်မှု နည်းတာနဲ့ သိုင်းရွိုက်ဓာတ် နည်းတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

9.      ခြေထောက် အနာမကျက်ခြင်း

          ခြေထောက် အနာမကျက်ခြင်းဟာ ဆီးချိုရဲ့ အဓိကသတိပေးသံတစ်ခု ဖြစ်ပါတယ်။ ဆီးချိုဟာ ခြေထောက်ရဲ့ အာရုံခံမှု၊ သွေးလှည့်ပတ်မှုနဲ့ ပုံမှန်အနာကျက်ခြင်းဖြစ်စဉ်တွေကို ထိခိုက်စေနိုင်တာကြောင့် အရည်ဖုလေး သေးသေးလေးကနေလည်း ဒုက္ခရောက်နိုင်ပါတယ်။ ဒီအနာတွေဟာ ပိုးဝင်နိုင်ခြေလည်း ပိုများပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေဟာ ခြေထောက်ကို ပုံမှန်ဆေးကြောသန့်စင် စစ်ဆေးနေရပါမယ်။ ဒီလို အနာမကျက်ခြင်းဟာ သွေးကြောရောဂါတွေကြောင့် သွေးလှည့်ပတ်မှု မကောင်းတဲ့အခါမျိုးမှာလည်း ရနိုင်ပါသေးတယ်။

 

10.    ခြေမနာခြင်း

          ခြေမကြီး ရုတ်တရက်နာပြီး နီရဲရောင်ရမ်းလာခြင်းဟာ ဂေါက်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ အရိုးနဲ့အဆစ် ပိုးဝင်ခြင်းကြောင့်လည်း ခြေမနာပြီး ရောင်လာတတ်ပါသေးတယ်။ ခြေမအဆစ်ကြီး တောင့်နေခြင်းဟာ အဆစ်ရောင်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ အရိုး အတက်ထွက်ခြင်းကြောင့်လည်း ရနိုင်ပါတယ်။ အားကစားသမားတွေမှာလည်း အရွတ် ထိခိုက်မိခြင်းကြောင့် ခြေမ နာတတ်ပါတယ်။

 

11.    ခြေချောင်းလေးတွေမှာ နာခြင်း

          ကျောက်စရစ်ခဲတွေပေါ်မှာ လမ်းလျှောက်နေရသလို ခြေဖဝါးက စနာပြီး ခြေချောင်းတွေထိ ပြန့်လာခဲ့ရင် Morton's neuroma လို့ခေါ်တဲ့ အာရုံကြောဘေးတစ်ဝိုက်မှာ တစ်သျှူးအသားတွေ ထူလာတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ခြေခလယ်နဲ့ ခြေသူကြွယ်တို့မှာ အဓိက ဖြစ်လေ့ရှိပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ 10 ဆ ပိုဖြစ်တတ်ပြီး ခြေချောင်းတွေပေါ်မှာ ဒဏ်ထိတာများလို့ ဖြစ်တတ်ပါတယ်။

 

12.    ခြေဖဝါး ယားခြင်း

          ခြေဖဝါးယားပြီး အရေပြားလန်ခြင်းဟာ မှိုပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဓာတုပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ခြင်းကြောင့်လည်း ယားယံနီရဲပြီး အရေပြား ကွာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကြွပ်ပွေးဆိုတဲ့ ကိုယ်ခံစွမ်းအားလွန်ကဲတဲ့ အရေပြားရောဂါတစ်မျိုးမှာလည်း ခြေဖဝါး ယားယံတဲ့အပြင် အရေပြားထူပြီး ဝက်ခြံကွက်လို ထနေတတ်ပါတယ်။ ဆေးလိမ်းရုံနဲ့ ပျောက်လေ့ရှိပါတယ်။

 

13.    ငှက်ခြေသည်း

          ဒီလို ခြေထောက် ပုံပျက်နေတာဟာ ခြေထောက်နဲ့မတော်ဘဲ ကျပ်နေတဲ့ဖိနပ်တွေ စီးလို့ဖြစ်စေ၊ ဆီးချို၊ အရက်နဲ့ အခြားအာရုံကြောရောဂါတွေမှာ အာရုံကြော ထိခိုက်ပျက်စီးခြင်းကြောင့်ဖြစ်စေ ဖြစ်နိုင်ပါတယ်။ ခြေချောင်းတွေဟာ အစပိုင်းမှာ ကော့နေပြီး ခြေဆစ်အလယ်နား ရောက်တဲ့အခါ ကွေးသွားတတ်တာကြောင့် ငှက်ခြေသည်းနဲ့ တူနေတတ်ပါတယ်။ ခြေချောင်းလေ့ကျင့်ခန်းတွေ၊ အထူးပြုလုပ်ထားတဲ့ဖိနပ်တွေ၊ ခွဲစိတ်မှုတွေ ပြုလုပ်ရပါမယ်။

 

14.    ခြေထောက် အကြောဆွဲခြင်း

          ခြေထောက်မှာ ရုတ်တရက် စူးခနဲ နာကျင်ခြင်းဟာ ကြွက်သား အကြောဆွဲတာကြောင့် ဖြစ်နိုင်ပြီး မိနစ်အတော်ကြာ ကြာနိုင်ပါတယ်။ ခြေထောက် အသုံးများတာ၊ ကြွက်သား မောပန်း အားအင်ကုန်ခန်းတာတွေကြောင့် အဓိကဖြစ်တတ်ပြီး သွေးလှည့်ပတ်မှု မကောင်းတာ၊ ရေဓာတ် ခန်းခြောက်တာနဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ စတဲ့ သတ္တုဓာတ်တွေ ပုံမမှန်ခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲတွေ၊ သိုင်းရွိုက်ရောဂါတွေကြောင့်လည်း ရတတ်ပါတယ်။ အကယ်၍ ဒီလို ကြွက်သားအကြောဆွဲခြင်းဟာ မကြာခဏ ဖြစ်လာတယ်၊ ဆိုးဆိုးရွားရွား နာလာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသရပါမယ်။ အကြောလျှော့ လေ့ကျင့်ခန်းတွေကလည်း ကြွက်သား ပင်ပန်းတာတွေကို သက်သာစေနိုင်ပါတယ်။

 

15.    ခြေထောက်မှာ အမည်းစက်ပေါ်ခြင်း

          အရေပြားကင်ဆာလို့ ပြောလိုက်တိုင်း နေရောင်ကို ပြေးမြင်တတ်ပါတယ်။ ဒါကြောင့် နေရောင်ထိတွေ့လေ့မရှိတဲ့ ခြေဖဝါးတွေမှာ ဖြစ်လေ့ရှိမယ်လို့ မထင်တတ်ကြပါဘူး။ ဒါပေမဲ့ အန္တရာယ် အရမ်းရှိတဲ့ မှည့်ကင်ဆာတွေဟာ နေရောင်မထိတွေ့တဲ့နေရာတွေမှာလည်း ဖြစ်နိုင်တာကြောင့် ခြေသည်းအောက်တွေမှာတောင် တစ်ခါတလေ တွေ့ရတတ်ပါတယ်။

 

16.    ခြေသည်းဝါခြင်း

          ခြေသည်းတွေဟာလည်း ကျန်းမာရေးအကြောင်းကို အများကြီး ပြောပြနိုင်ပါတယ်။ ခြေသည်း မှိုပိုးဝင်တဲ့အခါ ခြေသည်းတွေ ဝါဝါထူထူကြီး ဖြစ်လာနိုင်ပါတယ်။ ဒီလိုခြေသည်းတွေ ဝါပြီး ထူလာတာဟာ အခြားရောဂါ အခြေအနေတွေဖြစ်တဲ့ လင့်ပြန်ကြောရောင်ခြင်း၊ အဆုတ်ရောဂါ၊ ကြွပ်ပွေးနဲ့ သွေးလေးဖက်နာရောဂါတွေမှာလည်း ဖြစ်နိုင်ပါသေးတယ်။

 

17.    ဇွန်းပုံသဏ္ဌာန်ခြေသည်း

          တစ်ခါတစ်ရံ ခြေသည်းကို ထိခိုက်မိတာ၊ ရေနံဆီအရည်တွေနဲ့ မကြာခဏ ထိခိုက်မိတာတွေကြောင့် ဇွန်းပုံ ခြေသည်းခွက်ခွက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် သံဓာတ် အားနည်းနေသူတွေမှာလည်း ဒီလိုခြေသည်းတွေ ဖြစ်နိုင်ပါတယ်။

 

18.    ခြေသည်းဖြူခြင်း

          ခြေသည်း ထိခိုက်မိခြင်း၊ ခန္ဓာကိုယ်မှာ ရောဂါဘယတွေဖြစ်ခြင်းကြောင့် ခြေသည်းဖြူဖြူကြီးတွေ ဖြစ်တတ်ပါတယ်။ ခြေသည်း တစ်ပိုင်းတစ်စ သို့မဟုတ် တစ်ခုလုံး ကွာသွားတဲ့အခါမှာလည်း ခြေသည်းတွေ ဖြူလာနိုင်ပါတယ်။ ဒီလို ခြေသည်းကွာခြင်းဟာ ထိခိုက်မှု၊ ခြေသည်း ပိုးဝင်ခြင်းနဲ့ ကြွပ်ပွေးတို့ကြောင့် ဖြစ်နိုင်ပါတယ်။ အကယ်၍ ခြေသည်း အကောင်းအတိုင်းရှိရက်နဲ့ ဖြူနေတယ်ဆိုရင်တော့ အသည်းရောဂါ၊ နှလုံးအားနည်းရောဂါနဲ့ ကျောက်ကပ်ရောဂါတွေကြောင့် ဖြစ်နေနို်င်ပါတယ်။ ဒါကြောင့် ဆရာဝန်၊ ဆရာမတွေနဲ့ ပြသတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

 

19.    ခြေသည်းချိုင့်ခြင်း

          ခြေသည်းရဲ့ မျက်နှာပြင်မှာ ချိုင့်ရာတွေ ပေါ်လာတတ်တာဟာ ခြေသည်း အတွင်းပိုင်းမှာ ခြေသည်းရဲ့ကြီးထွားမှု ပုံမမှန်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလို ခြေသည်းချိုင့်ခြင်းဟာ ကြွပ်ပွေးအရေပြားရောဂါ ရှိသူတွေရဲ့ တစ်ဝက်လောက်မှာ တွေ့ရပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)