/
node/5660

နှလုံးသားလေး ဘယ်လောက်မာလဲ စမ်းကြည့်ကြရအောင် ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သင့်တစ်ကိုယ်လုံးအတွက် လိုအပ်တဲ့အာဟာရတွေကို သန့်စင်ပြီး အောက်ဆီဂျင်ပြည့်၀တဲ့ သွေးကနေတစ်ဆင့် ဖြန့်ဖြူးပေးနေတဲ့ ကိုယ်တွင်း အဓိကအဂါၤဖြစ်တဲ့ နှလုံး ဘယ်လောက်ထိ ကျန်းမာလဲ သိချင်ကြမယ် ထင်ပါတယ်။ ဘယ်လိုစစ်ဆေးလို့ရလဲ ဗဟုသုတ မျှေ၀လိုက်ပါတယ်။ Treadmill လို့ခေါ်တဲ့ စက်လေးနဲ့ စစ်ဆေးရတာ ဖြစ်ပါတယ်။ Bruce protocol treadmill လို့ခေါ်တဲ့  နည်းပညာကို ဒေါက်တာဘရုစ်က 1963 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး အခုလက်ရှိ အသုံးပြုလျက် ရှိပါတယ်။ အားကစားသမားတွေကို သက်လုံစစ်ဆေးဖို့ရယ် နှလုံသွေးကြောရောဂါဖြစ်ဖို့ အလားအလာ ရှိသူတွေကို အဓိက စစ်ပါတယ်။ ကျန်းမာရေး ချို့တဲ့ပြီး သိပ်အားနည်းသူတွေနဲ့ အဆင်ပြေမယ့်နည်းတော့ မဟုတ်ပါဘူး။

          စစ်မယ်ဆို လူက စက်ပေါ်တက်ပြီး ပြေးကြည့်ရပါတယ်။ ပြေးစက်လေးတစ်မျိုးပေါ့။ စက်ကို မြန်လိုက်နှေးလိုက် ရပ်လိုက်နဲ့ စက်ပေါ်ကလူရဲ့ နှလုံးစွမ်းရည်ကို မှတ်သားပါတယ်။ သုံးမိနစ်ခြားတစ်ခါ အမြန်နှုန်း တင်လိုက်ပြီး စစ်ဆေးခံလူကို မောတဲ့အထိ ပြေးစေပါတယ်။ ကိုယ်ကမောပြီး စက်က ခိုင်းသလို မပြေးနိုင်တော့ရင် မောပြီဆိုတဲ့အကြောင်း ပြောလိုက်ရုံပါပဲနော်။ စစ်ဆေးမှတ်သား တွက်ချက်တာကတော့ ကျွမ်းကျင်သူတွေ လုပ်ဆောင်ပြီး  မကြာခင် အဖြေထုတ်ပေးပါလိမ့်မယ်။

1.       ပထမဆုံးအနေနဲ့ လေ့ကျင့်ခန်းမစမီ ပုံမှန် နှလုံးခုန်နှုန်းကို လက်နဲ့ထိတွေ့ ရေတွက်တာဖြစ်စေ၊ ဒီဂျစ်တယ်စက်နဲ့ဖြစ်စေ တိုင်းတာမှတ်သားပါတယ်။

2.       ပြီးတော့ စက်ကို တစ်နာရီ တစ်မိုင်ခွဲနှုန်းနဲ့ ဖြေးညင်းစွာ စတင်လည်ပတ်စေပြီး စစ်ခံမယ့်လူကို ငါးမိနစ်ခန့် သွေးပူစေပါတယ်။

3.       သုံးမိနစ်တစ်ခါ စက်ကို နှစ်ရာခိုင်နှုန်းစီ တဖြည်းဖြည်း အရှိန်တက်လာစေပြီး စက်ပေါ်က လူကို ပြေးစက်လေးပေါ်မှာ ပြေးနိုင်သလောက် မောတဲ့အထိ ပြေးစေပါတယ်။

4.       တစ်နာရီကို ခုနစ်မိုင်နှုန်းထိ တောက်လျှောက် မြင့်တက်သွားစေပြီး စစ်ဆေးမှတ်သားနိုင်ပါတယ်။

5.       လူက အရမ်းမောလာပြီး ဆက်မပြေးနိုင်တော့အထိ လုပ်ဆောင်နိုင်ပါတယ်။

6.       လူကို ငါးမိနစ်၊ ဆယ်မိနစ်ခန့် အနားပေးပါတယ်။ အခုနက ပြေးထားပြီး နှလုံးခုန်နှုန်း တက်လာပြီး တဒိန်းဒိန်းနဲ့ မောနေရာကနေ အမော သက်သာပြီး  နှလုံးခုန်နှုန်း တစ်ရာအောက်ထိ ပြန်ကျသွားစေဖို့ပါ။

7.       နောက်ဆုံးမှာ သတ်မှတ် ဖော်မြူလာတွေနဲ့ တိတိကျကျ တွက်ချက်ပြီး နှလုံး သန်စွမ်းမှု ဘယ်လောက်ဆိုတာ အဖြေထုတ်ပေးလိုက်ပါတယ်။

          တကယ်တော့ သင် ဘယ်လောက်ထိ အမောခံနိုင်သလဲ သင့်နှလုံးရဲ့ သက်လုံစွမ်းရည်စစ်တာ ဖြစ်ပါတယ်။ စစ်ဆေးတိုင်းလည်း စစ်ပေးတဲ့ ကျန်းမာရေးစင်တာတိုင်းမှာ သင့်ဘေးမှာ ဆရာ၀န်၊ ဆရာမ အသင့်ရှိနေပြီး စစ်ဆေးခံနေတုန်း ရင်တုန်တာ၊ မောတာ၊ ရင်ဘတ်အောင့်တာတွေ ဖြစ်တဲ့အခါ ချက်ချင်း အကူအညီပေးနိုင်အောင် ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)