သကြားလုံးနဲ့ အချိုကဲတဲ့မုန့်တွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုကျေွးကြမယ်
အမေတစ်ယောက်အနေနဲ့ကလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်မျှတစွာကျေွးဖို့လိုသလို သူတို့စားချင်တာလေးတွေကိုလည်း ပစ်ပစ်ခါခါမလုပ်ဘဲနဲ့ ကျန်းမာရေးနဲ့အညီကျေွးဖို့လိုပါတယ်။ မိသားစုထဲမှာ စားချင်တာလေးတွေလည်းစားနိုင်ဖို့ အာဟာရလည်ပြည့်စုံစေဖို့အတွက် အသုံးဝင်မယ့်အချက်လေးတွေကိုမျှဝေပေးချင်ပါတယ်။
1.လုံးဝမစားရဘူးလို့ ကန့်သတ်မထားပါနဲ့။
ကလေးတွေကို သကြားလုံးလုံးဝမစားရ၊ အချိုပါတဲ့ကလေးကြိုက်မုန့်တွေကို အမြဲပဲရှောင်ခိုင်းနေမယ်ဆိုရင် ကလေးက စိတ်ဆိုးပြီး မကျေမနပ်ဖြစ်လာပါလိမ့်မယ်။ ကလေးကို သဘာဝကျန်းမာရေးနဲ့ညီညွတ်တဲ့အချိုတွေကျေွးလို့ရပါတယ်။ ကလေးကိုဒီဟာကိုလုံးဝမစားရဘူးလို့မပြောဘဲနဲ့ ချိုပြီးကလေးလည်းကြိုက်မယ့် မုန့်မျိုးတွေကို ကျေွးပါ။
2.အများကြီးမစားမိစေဖို့ သတိပြုပါ။
သကြားပါဝင်တဲ့အစားအစာတွေကို အလွန်အကျွံမစားမိစေဖို့ သကြားလုံးစားမယ်ဆိုရင်လည်း အကြီးကြီးမကျေွးပဲနဲ့ သေးသေးလေးတွေပဲကျေွးပြီး အများကြီးမဖြစ်အောင်ထိန်းချုပ်ပါ။
3.အချိုနဲ့ သစ်သီးတွေဟင်းသီးဟင်းရွက်တွေကို မျှတအောင်ကျေွးပါ။
အချိုနဲ့သကြားလုံးတွေအစားများတဲ့အခါမှာဆိုရင် သစ်သီးတွေဟင်းသီးဟင်းရွက်တွေများများထပ်ကျေွးပေးပါ။ ညနေဘက် မိသားစုတွေ့ဆုံပွဲတွေမှာ အချိုတွေအများကြီးစားတော့မယ်ဆိုရင် မနက်စာနဲ့နေ့လည်စာတွေမှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ သစ်သီးတွေ၊ အစေ့အဆန်တွေနဲ့ အုတ်ဂျုံစတဲ့ ကျန်းမာရေးနဲ့ညီညွတ်တာတွေအများကြီးပြင်ဆင်ကျေွးတာမျိုးလုပ်ပါ။ ဒါ့အပြင်ကလေးတွေကို လေ့ကျင့်ခန်းနဲ့ ကိုယ်လက်လှုပ်ရှားမှုများများရှိပါစေ။
4.ရွေးချယ်မှုမှန်ကန်ပါစေ။
ပါတီတွေမှာစားဖို့ (သို့) အကြောင်းတစ်ခုခုအတွက် သကြားလုံးတွေဝယ်ရတော့မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကိုသေချာဖတ်ပြီး အော်ဂန်းနစ်ဖြစ်တဲ့ ဆိုးဆေးမပါ၊ သကြားအစစ်နဲ့လုပ်ထားသော၊ ဓာတ်မတည့်မှုမဖြစ်စေသော သကြားလုံးအမျိုးအစားတွေကို ရွေးချယ်ဝယ်ယူပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























