/
node/5677

အိမ်သာနဲ့ ရေချိုးခန်းတွေမှာ သန့်သန့်လေးဖြစ်မှ ရောဂါကင်းမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အိမ်သာတွေ၊ ရေချိုးခန်းတွေကို ပုံမှန်သန့်ရှင်းရေး လုပ်ကြတာ မိသားစုတိုင်း လုပ်သင့်တဲ့ သိပ်ကောင်းတဲ့ အလေ့အထပါ။ အညစ်ညမ်းဆုံးနေရာလေးကို အာရုံ အပြည့်အဝထားပြီး သန့်စင်မွှေးကြိုင်နေအောင် လုပ်ထားခြင်းဖြင့် ရောဂါတွေ ကာကွယ်ကြရအောင် ...။

          အိမ်သာနဲ့ ရေချိုးခန်းတွေကို အထူးပြုလုပ်ထားတဲ့ ကြွေကြေးချွတ်ဆေး၊ ဆပ်ပြာတွေ၊ ပိုးသန့်စင်ဆပ်ပြာတွေနဲ့ ဆေးချပါ။ ရေများများ လောင်းပါ။ နေမကောင်းသူ ရှိတဲ့အခါ ဝမိးလျှောနေသူ ရှိတဲ့အခါ ဂရုတစိုက်နဲ့ နေ့စဉ်ဆေးကြော သန့်စင်ပေးဖို့ မဖြစ်မနေ အထူးလိုအပ်ပါတယ်။

 

>>    အိမ်သာနဲ့ ရေချိုးခန်းတွေက ရောဂါပိုးတွေကြောင့် မိသားစု၀င်တွေ နေမကောင်း မဖြစ်ရလေအောင် ...

●        အိမ်သာထဲမှာ ဖုန်းဆော့နေတာ၊ ဖေ့ဘုတ်သုံးတာ လုံးဝမှားတဲ့ အလေ့အထပါ။ ရေဆွဲချလိုက်တဲ့အခါ ဆီး၊ ၀မ်း သွားလိုက်တဲ့အခါ အညစ်အကြေး၊ အမှုန်အမွှားတွေဟာ အိမ်သာတစ်ခုလုံး အဝေးကြီးထိ ပျံနှံရောက်ရှိနိုင်သတဲ့။ ကိုယ်က မမြင်ရပေမယ့် ကိုယ့်ဖုန်းလေးမှာ အဲဒါတွေ ကပ်သွားပြီး အိပ်ရာထဲ ပြန်သယ်၊ ထမင်းစားပွဲကို ပြန်သယ်လာကြမယ် မဟုတ်လား။

●        ဆပ်ပြာခဲထက် အရည်သုံးပါ။ ဆပ်ပြာရည်ဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးပါ။ တစ်အိမ်လုံး ပေါင်းသုံးနေတဲ့ဆပ်ပြာခဲမှာ ရောဂါပိုး များစွာတွယ်နေတတ်ပါတယ်။

●        ရေချိုးဆပ်ပြာရော၊ လက်ဆေးဆပ်ပြာကိုပါ အရည်သုံးပါလို့ အကြံပြုပါရစေ။

●        လက်သန့်စင်ဆေးရည်၊ ဘူးအသေးလေးတွေနဲ့ လာပါတယ်။ ရေချိုးခန်းနဲ့ အိမ်သာမှာ တင်ထားပါ။ အလွယ်တကူယူပြီး လက်ကလေးကို ပွတ်ပြီး သန့်စင်နိုင်ဖို့ ဖြစ်ပါတယ်။

●        တစ်အိမ်လုံးက ရေချိုးခန်းရောက်ရင် ဒီတဘက်တစ်ထည်ထဲ မသုံးကြပါနဲ့။ အိမ်သာ လက်သုတ်တဘက် မထားပါနဲ့။ တစ်ရှူးထားပါ။ မနှမျောပါနဲ့။ လက်သုတ်ဝတ်တွေ၊ တဘက်တွေဟာ ရောဂါပိုးတွေ ခိုအောင်းရာ၊ ဖြန့်ဖြူးရာ ဖြစ်နေတတ်တာကို သတိချပ်စေချင်ပါတယ်။ လက်အခြောက်ခံစက်က အကောင်းဆုံးပေမယ့် မိသားစုတိုင်း မသုံးနိုင်ကြလို့ပါ။

          ရေချိုးခန်းနဲ့ အိမ်သာမှာ အသေးအဖွဲလို့ ဆိုနိုင်တဲ့ ဒီအချက်လေးတွေဟာ အခြေခံမို့ လိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ရောဂါကင်းပြီး သန့်ပြန့်စွာ နေထိုင်နိုင်သော မိသားစုဘဝကို ရရှိစေမှာပါနော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)