/
node/5740

ပုံမမှန် သွေးဆင်းခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ပုံမမှန် သွေးဆင်းခြင်း ဖြစ်စေတဲ့အကြောင်းရင်းတွေ အများအပြား ရှိပါတယ်။ တချို့အကြောင်းရင်းတွေဟာ စိုးရိမ်စရာမရှိပေမယ့် စိတ်ပူပန်နေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဖြစ်စေတတ်တဲ့ အကြောင်းရင်း အချို့ကတော့ -

 

>>    ဟော်မုန်းသနေ္ဓတားဆေးများ

          ဟော်မုန်းသနေ္ဓတားဆေးတွေဖြစ်တဲ့ -

●        ဟော်မုန်းပေါင်းစပ်သနေ္ဓတားဆေး (COC)

●        Progeterone ဟော်မုန်းသနေ္ဓတားဆေး (POP)

●        သနေ္ဓတားကပ်ခွာ

●        သနေ္ဓတားထိုးဆေး သို့မဟုတ် လက်မောင်းထည့်တားဆေး

●        သားအိမ်ထည့်တားဆေး

          စတာတွေဟာ စသုံးခါစ 3 လလောက်အတွင်း ပုံမမှန်သွေးဆင်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

          စိတ်ပူပန်နေတာ ဒါမှမဟုတ် 3 လထက် ပိုဆင်းနေတာမျိုး ရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

          ဒါ့အပြင်

●        သနေ္ဓတားဆေး သောက်ဖို့မေ့တာ

●        ကပ်ခွာတွေ၊ အမျိုးသမီးသုံး ကွန်ဒုံးတွေနဲ့ အဆင်မပြေတာ

●        သနေ္ဓတားဆေးသောက်နေစဉ် ဖျားနာတာ၊ ဝမ်းလျှောတာ

●        တခြားရောဂါတစ်ခုခုအတွက် ဆေးသောက်နေတာ၊ St john's wort လို့ခေါ်တဲ့ ဆေးဖက်ဝင် ပရဆေးတစ်မျိုး သောက်နေတာ

●        သနေ္ဓတားဆေး မသောက်ရမယ့်ရက်ကို ကျော်သွားတာတွေ ရှိခဲ့ရင်လည်း ပုံမမှန် သွေးဆင်းနိုင်ပါသေးတယ်။

 

>>    အခြားဖြစ်နိုင်တဲ့ အကြောင်းရင်းများ

●        အရေးပေါ်တားဆေး သောက်ခြင်း

●        မိန်းမကိုယ်ကို ထိခိုက်မိခြင်း

●        လတ်တလော ကိုယ်ဝန်ပျက်ကျခြင်း (သွေး အရမ်းဆင်းနေရင် ဆေးရုံကို သွားသင့်ပါတယ်။)

●        Chlamydia လိုမျိုး လိင်မှတစ်ဆင့် ကူးစက်ရောဂါရှိခြင်း

●        သွေးဆုံးခါနီး အမျိုးသမီးတွေနဲ့ သားဥအိမ်အိတ်ရောဂါစု (polycystic ovary syndrome) ရှိသူအမျိုးသမီးတွေမှာ ဟော်မုန်းပုံမမှန်ခြင်း

●        စိတ်ဖိစီးမှု များခြင်း

●        မိနး်မကိုယ် ခြောက်သွေ့ခြင်း

●        သားအိမ်ခေါင်း ပေါက်ပြဲခြင်း

●        သားအိမ်ခေါင်းကင်ဆာ (အသက် 25 နှစ်မှ 64 နှစ်အတွင်းအမျိုးသမီးတွေမှာ ပုံမှန်သားအိမ်ခေါင်းချွဲ စစ်ဆေးဖို့ လိုပါတယ်။ ပုံမမှန် သွေးဆင်းခြင်း၊ အထူးသဖြင့် အမျိုးသားနဲ့ အတူနေပြီးချိန် သွေးဆင်းခြင်းဟာ သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ကင်ဆာကို သတိထားရပါမယ်။ အသက် 40 ကျော် အမျိုးသမီးတွေမှာ ပုံမမှန်သွေးဆင်းရင် သားအိမ်ကင်ဆာကို ပယ်နိုင်ဖို့ ဆရာဝန်နဲ့ ပြသရပါမယ်။)

●        သားအိမ်ခေါင်း သို့မဟုတ် သားအိမ်အသားလုံး

 

>>    ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသင့်သလဲ?

          သွေးဆင်းတာနဲ့ ပတ်သက်ပြီး စိတ်ပူခဲ့ရင်

●        အထွေထွေဆရာဝန်

●        သားဖွားမီးယပ် အထူးကုဆေးခန်းတွေမှာ ပြသသင့်ပါတယ်။

 

          ဆရာဝန်က ရောဂါလက္ခဏာတွေအကြောင်းကို မေးမြန်းပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေဖြစ်တဲ့

●        လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါများ

●        ကိုယ်ဝန်ဆောင် စစ်ဆေးမှု

●        အသက် 25 မှ 64 နှစ်အတွင်း သားအိမ်ခေါင်းချွဲ စစ်ဆေးမှု

●        ကွန်ပျူတာဓာတ်မှန်

          စတာတွေ ပြုလုပ်ပါလိမ့်မယ်။

 

          တချို့ရောဂါတွေကို သိရှိနိုင်ဖို့

●        မိန်းမကိုယ်တွင်းကြည့်ကိရိယာနဲ့ စစ်ဆေးခြင်း

●        မိန်းမကိုယ်အောက်ပိုင်း စမ်းသပ်ခြင်းတို့ ပြုလုပ်ရပါမယ်။

Dr. Emerald (www.drmyanmar.com)