ဆီးပိုက်အကြောင်း သိကောင်းစရာ
ဆီးပိုက် (cathetre) ဆိုတာဟာ သဘာဝအတိုင်း ဆီမသွားနိုင်တဲ့အခါ ဆီးသွားနိုင်ဖို့ အကူအညီအနေနဲ့ ထည့်ပေးထားတဲ့ ပိုက်ပျော့ပျော့မျှင်မျှင်လေးပဲ ဖြစ်ပါတယ်။
>> အဓိကမှတ်သားစရာ
1. ဆီးအိမ်ထဲက ဆီးတွေကို အပြင်ကို စွန့်ပစ်နိုင်ဖို့ ဆီးအိမ်နဲ့ အပြင်ဒွါရကြား ဆီးလမ်းကြောင်းတစ်လျှောက် ထည့်ထားရပါတယ်။
2. ဆီးပိုက်ကို ခွဲစိတ်ပြီးခါစ သို့မဟုတ် ဆေးစစ်ဖို့ ခေတ္တတဖြုတ် ထည့်ထားရတာ ဖြစ်နိုင်သလို ဆီး မထိန်းနိုင်သူတွေ၊ အောက်ပိုင်း သေနေသူတွေမှာ ရေရှည် ထည့်ထားရတာလည်း ဖြစ်နိုင်ပါတယ်။
3. ဘာကြောင့် လိုတယ်ဆိုတာအပေါ် မူတည်ပြီး ဆီးပိုက်အမျိုးအစား အမျိုးမျိုး ရှိပါတယ်။
>> ဘယ်လိုအမျိုးအစားတွေ ရှိသလဲ?
ဆီးအိမ်ထဲ ထည့်ထားမှာလား? ဆီးကုန်သွားတာနဲ့ ထုတ်ပစ်မှာလား? ပေါ် မူတည်ပြီး ဆီးပိုက်အမျိုးမျိုး ရှိပါတယ်။
● ယာယီဆီးပိုက်
ယာယီဆီးပိုက်ဆိုတာ ဆီးအိမ်ထဲထည့် ဆီးချူပြီး ဆီးကုန်သွားရင် ပြန်ထုတ်ရတာမျိုး ဖြစ်ပါတယ်။ တစ်နေ့ကို အကြိမ်ကြိမ် ထည့်ရနိုင်ပြီး ဘယ်နှကြိမ် ထည့်ရမယ် ဆိုတာကတော့ ဆရာဝန်နဲ့ သူနာပြုတွေက ဆုံးဖြတ်ပါလိမ့်မယ်။ လူအများစုကတော့ သူတို့ဟာသူတို့ ဘယ်လို ထည့်ရမယ်ဆိုတာ သင်ထားလေ့ ရှိကြပါတယ်။
● အမြဲထည့်ဆီးပိုက်
အမြဲထည့်ဆီးပိုက် ဆိုတာကတော့ ဆီးကုန်သွားတိုင်း မထုတ်လိုက်ဘဲ ရေအိတ်ကလေးကို ဖောင်းထားကာ အမြဲထည့်ထားရပါတယ်။ ဆီးပိုက်ကို ခြေထောက် သို့မဟုတ် ကြမ်းပြင်မှာရှိတဲ့ ဆီးအိတ်နဲ့ ဆက်ထားပါတယ်။ တချို့ အမြဲထည့်ဆီးပိုက်တွေက ဆီးအိမ်ထဲ ဆီးရောက်လာတာနဲ့ တောက်လျှောက် ဆီးတွေကို စွန့်ထုတ်ပေးပြီး တချို့တွေမှာတော့ ဆီးအိမ် ပြည့်လာတိုင်း နာရီပိုင်းတစ်ခါ ထုတ်ပေးနိုင်ဖို့ အဆို့ရှင်လေး ပါ,ပါတယ်။
● ဆီးခုံကနေ ထည့်ထားတဲ့ ဆီးပိုက်
ဝမ်းဗိုက်ပြင်ကနေ ဖောက်ပြီး ဆီးအိမ်ထဲကို ထည့်ထားတဲ့ ဆီးပိုက်မျိုးဖြစ်ပြီး ဆီးအိမ်ထဲကနေ အပြင်ဘက် ဆီးအိတ်ထဲကို ဆီးတွေ စွန့်ထုတ်ပေးပါတယ်။ ဆီးပိုက်နေရာတကျ ရှိနေစေဖို့ ဗိုက်မှာ ချုပ်ရိုး အနည်းငယ်နဲ့ တွယ်ထားရပါတယ်။ ဒီလို ဆီးခုံကနေ ထည့်တဲ့ဆီးပိုက်ကို ဆီးလမ်းကြောင်း ပျက်စီးနေသူတွေ၊ ဆီးလမ်းကြောင်းတစ်လျှောက် ထည့်မရသူတွေမှာ အသုံးပြုနိုင်ပါတယ်။
>> ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ
အဖြစ်အများဆုံးကတော့ ဆီးပိုးဝင်ခြင်းပါပဲ။ အောက်ပါလက္ခဏာတွေ ရှိနေခဲ့ရင် ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
● ဆီးပူ၊ ဆီးကျဉ်ခြင်း
● အဖျားဝင်ခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း၊ တုန်ရင်နေခြင်း
● မကြာခဏ နည်းနည်းစီ ဆီးသွားနေခြင်း
● ဗိုက်အောက်ပိုင်း တင်းနေခြင်း
● ဆီးအရောင် နောက်နေခြင်း၊ နီနေခြင်း၊ အနံ့ဆိုးခြင်း။
ကျောက်ကပ် ပိုးဝင်ခြင်းဟာ အဖြစ်နည်းတတ်ပေမယ့် ဆီးပိုးဝင်တာကို သေချာကုသမှု မပြုခဲ့ရင် ရနိုင်ပါတယ်။
အခြားဆိုးကျိုးတွေကတော့ -
● ဆီးအိမ် တဆတ်ဆတ်လှုပ်ခြင်း
● ဆီးပိုက်မှ ဆီးထွက်ကျခြင်း
ဆရာဝန်နဲ့ ဆရာမတွေကို တိုင်ပင်ပြီး အကြံဉာဏ်များကို သေချာမေးမြန်း ဆွေးနွေးရပါမယ်။
>> ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဂရုစိုက်ရမလဲ?
ဆီးပိုက်ကို ရက်ရှည် ထည့်ရတဲ့အခါ ဆရာဝန်၊ ဆရာမတွေက ဘယ်လိုကြည့်ရှုစောင့်ရှောက်ရမယ်၊ ပြဿနာ တစ်စုံတစ်ရာရှိရင် ဘာတွေလုပ်မလဲ၊ နေ့စဉ်နေ့တိုင်း ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာကို သင်ပြပါလိမ့်မယ်။ ဆီးအိတ်ကို ဘယ်လိုထိန်းသိမ်းမလဲ၊ ပစ္စည်းပစ္စယတွေကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာတွေကိုလည်း သင်ပြပေးပါလိမ့်မယ်။
ဆီးပိုးဝင်တာ အဖြစ်များတဲ့အတွက် ဆီးပိုး မဝင်အောင် -
● ဆီးပိုက်၊ ဆီးအိတ် စတာတွေကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်အပြီးမှာ လက်ဆေးပါ။
● ယာယီဆီးပိုက် အများစုဟာ တစ်ခါသုံးဖြစ်တဲ့အတွက် သုံးပြီးနောက် လွှင့်ပစ်ပစ်ရပါမယ်။ ဘယ်ပစ္စည်းတွေကိုတော့ ပြန်လည်ဆေးကြောသုံးစွဲနိုင်တယ်ဆိုတာ ဆရာဝန်၊ ဆရာမများက ညွှန်ကြားပေးပါလိမ့်မယ်။
● ဆီးပိုက်ထည့်ထားတဲ့ နေရာတစ်ဝိုက်ကို နေ့စဉ်ဆေးကြောပေးပါ။ အမျိုးသမီးတွေမှာ ရှေ့မှနောက်သို့ ဆေးကြောနည်းနဲ့ ဆေးကြောပေးရပါမယ်။
● ဆရာဝန်၊ ဆရာမတွေရဲ့ အကြံဉာဏ်ကို တောင်းခံပါ။
>> အမြဲထည့်ဆီးပိုက်ကို ဘယ်လိုစောင့်ရှောက်မလဲ?
အမြဲထည့်ဆီးပိုက် ထည့်တဲ့အခါ ဆီးအိတ်ကို ဆီးအိမ်အောက် နှိမ့်ထားရပါမယ်။ ဆီးပိုက်တစ်လျှောက် ခေါက်နေတာတွေမရှိအောင် သတိပြုရပါမယ်။ နေ့ဘက်မှာ ဆီးအိတ်ကို ပုံမှန်ဆေးကြောပေးရပါမယ်။ ဒါမှသာ ဆီးအိတ် အလေးချိန်နဲ့ ဆီးပိုက်ကို မဆွဲချမှာ ဖြစ်ပါတယ်။
လူအများစုမှာတော့ နေ့ခင်းဘက်အတွက် ဆီးအိတ်တစ်အိတ်၊ ညဘက်အတွက် ဆီးအိတ်တစ်အိတ် သုံးရပါလိမ့်မယ်။ ဆီးအိတ်တွေကို နေ့စဉ်နေ့တိုင်း ဆေးကြောပြီး ပြန်ပြန်အသုံးပြုနိုင်ပါတယ်။ ဘယ်လိုဆေးကြောပြီး အခြောက်ခံရမလဲ ဆိုတာရယ်၊ ဆီးအိတ်အသစ်ကို ဘယ်တော့လဲလှယ်ရမလဲဆိုတာ (အများစုမှာ တစ်ပတ်တစ်ကြိမ်) တွေကို ဆရာဝန်၊ ဆရာမတွေက ပြောပြပါလိမ့်မယ်။ ဆရာဝန်၊ ဆရာမတွေ ပေးတဲ့ အကြံဉာဏ်တွေကို လိုက်နာပြီး ရောဂါပိုး ဝင်ရောက်နှုန်းကို လျှော့ချနိုင်ပါတယ်။
အမြဲထည့်ဆီးပိုက်ကို ဆရာဝန်၊ ဆရာမတွေက 6 ပတ်မှ 12 ပတ်တစ်ခါ လဲလှယ်ပေးပါလိမ့်မယ်။
အမြဲဆီးပိုက် ထည့်ထားရက်နဲ့ အမျိုးသား၊ အမျိုးသမီး အတူနေနိုင်ပါတယ်။ ဒီအကြောင်းကို ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
Dr. Emerald (www.drmyanmar.com)





























