/
node/5831

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် အိမ်တွင်းကုထုံးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆီးလမ်းကြောင်း ပိုးဝင်ခြင်းက အိမ်တွင်းကုထုံးတွေနဲ့ပဲ ကုသပျောက်ကင်းနိုင်တဲ့ အဖြစ်များသော အခြေအနေတစ်ခု ဖြစ်ပါတယ်။ အိမ်တွင်းကုထုံးတွေက ရောဂါလက္ခဏာတွေကို သက်သာစေပြီး မြန်မြန်ပျောက်ကင်းစေနိုင်ပေမယ့်လည်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ လမ်းညွှန်မှုနဲ့အညီ လုပ်ဖို့တော့ လိုပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးဝင်နိုင်တဲ့အတွက် လက္ခဏာ ပိုဆိုးလာတယ် ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်း သွားပြဖို့ လိုပါတယ်။

 

>>    အိမ်တွင်းကုထုံးများ

1.      အရည်များများ သောက်ပါ။

          ရေများများ သောက်ပါက ဆီးလမ်းကြောင်းထဲရှိ ဘက်တီးရီးယားပိုးတွေကို အပြင်ကို ထွက်သွားစေနိုင်ပါတယ်။ တစ်ယောက်ကို တစ်နေ့လျှင် ရေ ၆-၈ ဖန်ခွက် သောက်သင့်ပါတယ်။ ဒါပေမဲ့လည်း ရေ တစ်နေ့ ဘယ်လောက် သောက်သင့်တယ်ဆိုတာကလည်း တစ်ဦးချင်းအလိုက် ဆေးပညာဆိုင်ရာ အကြံဉာဏ်တွေ လိုအပ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ရောဂါရှိသူတွေမှာ ရေ အသောက်များရင်လည်း အန္တရာယ် ရှိပါတယ်။

 

2.      ဆီးသွားပေးပါ။

          ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့သူတွေမှာ ဆီးအိမ်ထဲမှာ သွားစရာဆီး မရှိရင်တောင်မှ ဆီး သွားချင်နေပါတယ်။ ပုံမှန်ထက် ပိုပြီးတော့ကို မကြာခဏ ဆီး သွားချင်တတ်တယ်။ ဆီးသွားခြင်းကြောင့် ဘက်တီးရီးယားပိုးတွေကို အပြင်ကို ထွက်သွားစေနိုင်ပါတယ်။ ရေများများ သောက်ပြီး ဆီးများများ ပေါက်မယ်ဆိုရင် ရောဂါလက္ခဏာတွေ သက်သာပြီး မြန်မြန်ပျောက်ကင်းစေနိုင်ပါတယ်။

 

3.      အပူ

          အချို့ကုထုံးတွေက မြန်မြန်ပျောက်ဖို့ အထောက်အကူ မဖြစ်ပေမယ့် ဆီးကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း စတဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဥပမာ - ဆီးအိမ် (သို့) ဆီးစပ်နေရာမှာ ရေနွေးအိတ်လေး ကပ်ပေးခြင်းဖြင့် ဆီးအောင့်ခြင်းနဲ့ မသက်မသာဖြစ်ခြင်းများကို ခဏတာ သက်သာစေနိုင်ပါတယ်။ အရမ်း ပူလွန်းတာ၊ အပူနဲ့ အသား တိုက်ရိုက် ထိတွေ့တာမျိုးတော့ မလုပ်ရပါဘူး။ အရေပြား အပူမလောင်ဖို့အတွက် ရေနွေးအိတ််ကို ခဏပဲ ကပ်ပေးရပါမယ်။

 

4.      အဝတ်အစား

          ပွပွချောင်ချောင်နဲ့ လေဝင်လေထွက်ကောင်းတဲ့ အဝတ်တွေက ရောဂါပိုးဝင်ခြင်းကို ပိုဆိုးစေတဲ့ စိုထိုင်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အဝတ်ကြပ်ကြပ်တွေက စိုထိုင်းမှု ဖြစ်စေပါတယ်။ ဘက်တီးရီးယားပိုး ကြီးထွားမှုကို ကာကွယ်နိုင်ဖို့အတွက် ပေါင်ခွကြားနေရာကို ခြောက်သွေ့ သန့်ရှင်းအောင်ထားဖို့ အရေးကြီးပါတယ်။

 

5.      အစားအစာ

          ဗီတာမင် C များများစားခြင်းက ဆီးလမ်းကြောင်းထဲမှာ ဘက်တီးရီးယားပိုး ပေါက်ဖွားမှုကို ကာကွယ်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ ပူစပ်တဲ့အစားအစာတွေ၊ အမြှုပ်ပါသော၊ ကဖင်းဓာတ်ပါသော၊ အရက်ပါသော အရည်တွေက ရောဂါလက္ခဏာကို ပိုဆိုးစေပါတယ်။

          အမျှင်ဓာတ်များတဲ့ အစားအစာတွေက ရောဂါမြန်မြန်ပျောက်ဖို့ အထောက်အကူ ပြုပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေကလည်း ခန္ဓာကိုယ် အနာကျက်ဖို့အတွက် အရေးပါ,ပါတယ်။

 

>>    ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဖြစ်စေသော အကြောင်းအရင်းများ

          ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါမှာ နေရတာ မသက်မသာဖြစ်ပြီး ဆီး မကြာခဏ သွားချင်ပါတယ်။ ဆီးလမ်းကြောင်းကို ဆီးအိမ်၊ ကျောက်ကပ်၊ ဆီးပြွန်တွေနဲ့ ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်ထဲက ဆီးတွေကို အပြင်ကို ထွက်သွားစေဖို့ လုပ်ဆောင်ပါတယ်။ ဒီလမ်းကြောင်းက ပုံမှန်အားဖြင့်တော့ ပိုးတွေကို ခုခံနိုင်စွမ်းရှိပေမယ့် တစ်ခါတလေမှာ ဘက်တီးရီးယားပိုးအချို့ ဝင်နိုင်ပါတယ်။

 

          ဘက်တီးရီးယားပိုး ဝင်နိုင်တဲ့ အချက်တွေကတော့ -

●        ဥပမာအားဖြင့် လိင်ဆက်ဆံစဉ်၊ အိမ်သာသွားပြီးနောက်မှာ ဘက်တီးရီးယားပိုး ဝင်ရောက်နိုင်ပါတယ်။

●        ဆီးကျောက်များကြောင့် ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း

●        ဆီးချို (သို့) ခုခံအား ကျဆင်းခြင်းကြောင့် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။

●        ကင်ဆာဆေးသွင်းခြင်း (သို့) ဆီးပိုက်ထည့်ခြင်းစတဲ့ ကုထုံးတွေကြောင့်လည်း ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ များပါတယ်။

 

>>    ရောဂါလက္ခဏာများ

          ရောဂါလက္ခဏာ အမျိုးမျိုး ရှိပါတယ်။

 

●      ပုံမှန်ထက် ဆီး မကြာခဏ ပိုသွားခြင်း

          ပုံမှန်အလုပ်တွေကို အနှောင့်အယှက် ဖြစ်လောက်အောင် ဆီး မကြာခဏ သွားနေရခြင်းက ဆီးလမ်းကြောင်း ပိုးဝင်တဲ့လက္ခဏာပါ။

 

●        ဆီးအိမ်နှင့် ဆီးပြွန်ဝန်းကျင်တွင် အောင့်ခြင်း၊ မသက်မသာ ခံစားရခြင်း

          ဆီးသွားနေစဉ်၊ ဆီးမသွားမီနဲ့ ဆီးသွားပြီးစ အချိန်တွေမှာ ခံစားရလေ့ ရှိပါတယ်။ တစ်ခါတလေမှာဆိုရင် ဆီးပူတတ်ပါတယ်။

 

●        ဆီးအခြေအနေ ပြောင်းလဲခြင်း

          ဆီးရောင်၊ အနံ့နဲ့ အသွင်အပြင်တွေ ပြောင်းလဲသွားတတ်ပါတယ်။ ဆီးထဲတွင် သွေးပါခြင်းနဲ့အတူ နေထိုင်မကောင်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်ပူခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။

 

>>    ကာကွယ်ခြင်း

          ဆီးလမ်းကြောင်း ပိုးမဝင်အောင် အမြဲတမ်း ကာကွယ်နိုင်ဖို့ မလွယ်ပေမယ့်လည်း ဖြစ်နိုင်ခြေတွေကို အနည်းဆုံးဖြစ်အောင်တော့ လုပ်နိုင်တဲ့အချက်တွေ ရှိပါတယ်။

          အိမ်သာသွားပြီးနောက် ရေဆေးတဲ့အခါမှာ အရှေ့ကနေ အနောက်ကို ဆေးခြင်းဖြင့် ဆီးလမ်းကြောင်းထဲ ပိုးမဝင်အောင် ကာကွယ်နိုင်ပါတယ်။

          လိင်ဆက်ဆံပြီးနောက် ဆီးသွားခြင်းကလည်း ဆီးလမ်းကြောင်းထဲ ဝင်နိုင်တဲ့ပိုးတွေကို အပြင်ထွက်သွားစေနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံပြီးတာနဲ့ ဆီးမြန်မြန် သွားသင့်ပါတယ်။

 

>>    ဆေးရုံ၊ ဆေးခန်း ဘယ်အချိန် သွားပြကြမလဲ?

          တစ်ပတ်ထက်ပိုပြီး ရောဂါလက္ခဏာတွေ ဆက်ရှိနေတယ် (သို့) ပိုဆိုးလာတယ်ဆိုရင် ဆေးရုံ၊ ဆေးခန်း သွားပြဖို့ လိုပါပြီ။ အချိန်ကြာပြီး ရောဂါလက္ခဏာတွေ ဆိုးခြင်းက နာတာရှည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖြစ်ပါတယ်။ ပုံမှန်ဆီးလမ်းကြောင်း ပိုးဝင်ခြင်းက အိမ်တွင်းကုထုံးတွေနဲ့ပဲ ၂-၃ ရက် ကြာတဲ့အခါမှာ ပျောက်ကင်းသွားလေ့ ရှိပါတယ်။

          အိမ်တွင်းကုထုံးတွေက အန္တရာယ်ကင်းပေမယ့်လည်း ဆရာဝန်နဲ့ အရင်ဆွေးနွေးဖို့တော့ တိုက်တွန်းချင်ပါတယ်။ အိမ်တွင်းကုထုံးတွေက ဆေးကုသမှုတွေကိုတော့ အစားမထိုးနိုင်ပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)