/
node/5836

ပန်းနာရင်ကျပ် လက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တရွှီရွှီ မြည်နေပါသလား? ချောင်းဆိုးနေပါသလား? ပန်းနာရင်ကျပ်များ ဖြစ်နေသလား?

 

>>    သတိထားရမယ့် ပန်းနာရင်ကျပ် လက္ခဏာများ

          ပန်းနာရင်ကြပ် လက္ခဏာတွေဟာ အသက်ရှူရ နည်းနည်းကျပ်ရုံကနေ အသည်းအသန် တရွှီရွှီ မြည်တဲ့အထိ ရှိနိုင်ပါတယ်။ တစ်ရက်ဖြစ်လိုက်၊ တစ်ရက်ကောင်းလိုက်လည်း ဖြစ်နိုင်သလို အခြားပန်းနာရင်ကျပ် ရောဂါသည်တွေနဲ့ လက္ခဏာချင်း မတူတာလည်း ရှိနိုင်ပါတယ်။

          ဒါ့အပြင် သူ့လက္ခဏာတွေဟာ အခြားရောဂါတွေနဲ့လည်း မှားတတ်ပါသေးတယ်။

          ပန်းနာရင်ကျပ် ရောဂါသည်တွေဟာ ပုံမှန်လှုပ်ရှားပြီး လူကောင်းအတိုင်း နေထိုင်နိုင်ဖို့ သေချာ ကုသရပါမယ်။

 

●      ချောင်းဆိုးခြင်း

          ချောင်းဆိုးတယ် ဆိုတာဟာ ပန်းနာရင်ကျပ်ရဲ့ လက္ခဏာရပ်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းနေတာကို ပြနေပါတယ်။ ရောင်ရမ်းနေတဲ့ အသက်ရှူလမ်းကြောင်းဟာ အထိမခံဖြစ်ပြီး ပန်းဝတ်မှုန်တွေ၊ ရေမွှေးနံ့တွေကို မခံနိုင်ဘဲ အယားသက်သာအောင် ချောင်းဆိုး ထုတ်တတ်ပါတယ်။ (ဒီလိုဖြစ်တတ်သူတွေကို မတည့်တာ တစ်ခုခုကြောင့် ဖြစ်တတ်တဲ့ ပန်းနာရင်ကျပ်လို့ ခေါ်နိုင်ပါတယ်။)

          ဆေးလိပ်ငွေ့တွေ၊ ဗိုင်းရပ်စ်ပိုးတွေကြောင့်လည်း ချောင်းဆိုးနိုင်ပေမယ့် ၂ ပတ်ထက် ပိုကြာနေတယ်၊ ပြန်ပြန်ဖြစ်နေတယ်၊ အမှုန်၊ အနံ့ ယားစေတတ်တဲ့ အရာတစ်ခုခုကြောင့် ဖြစ်တတ်တယ်ဆိုရင် ပန်းနာရင်ကျပ်ဖြစ်ဖို့ ပိုများပါတယ်။

          ချောင်းဆိုးတာ တစ်ခုတည်းနဲ့ လာတတ်တဲ့ ပန်းနာရင်ကျပ် အမျိုးအစား တစ်မျိုးလည်း ရှိပါသေးတယ်။ ဒီလူတွေဟာ ချောင်းဆိုးသက်သာအောင် ရှူဆေး ရှူပေးဖို့ လိုတတ်ပါတယ်။

 

●      တရွှီရွှီ မြည်ခြင်း

          အသက်ရှူစဉ်မှာ တရွှီရွှီ မြည်နေခြင်းဟာ ရောင်ရမ်းနေတဲ့ အသက်ရှူလမ်းကြောင်း ပိုကျဉ်းသွားတာကို ပြနေပါတယ်။ ပန်းနာရင်ကျပ်ကြောင့် တရွှီရွှီမြည်ခြင်းဟာ အသက်ရှူထုတ်စဉ်မှာ ပိုဖြစ်နိုင်ပါတယ်။

          ဒါပေမဲ့ တရွှီရွှီ မြည်နေခြင်းဟာ နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်တဲ့ရောဂါ၊ အသက်ရှူလမ်းကြောင်း ရောင်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၊ ဓာတ်မတည့်ခြင်း၊ လေအိတ်ကျယ်ခြင်း၊ ညဘက် အသက်ရှူလမ်းကြောင်း ပိတ်ပိတ်နေတတ်ခြင်း၊ နှလုံးရောဂါနဲ့ ဆေးတွေကြောင့်လည်း တရွှီရွှီ မြည်တတ်ပါတယ်။ တရွှီရွှီမြည်ခြင်းဟာ အခြားရောဂါလက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း စတာတွေနဲ့ တွဲဖြစ်၊ မဖြစ်ပေါ် မူတည်ပြီး ရောဂါရှာနိုင်ပါတယ်။

          နှစ်ပေါင်းများစွာ ဖြစ်နေပြီး အထူးသဖြင့် အသက် ၃ နှစ်အောက် ကတည်းက ဖြစ်နေပါက ပန်းနာရင်ကျပ်ဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ အစောပိုင်းကာလတွေမှာ ဖြစ်တတ်တာဟာ တကယ့် ပန်းနာရင်ကျပ်ထက် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာ များပါတယ်။

          မိဘတွေမှာ ကြွပ်ပွေးရောဂါတွေ၊ ပန်းနာရင်ကျပ်ရောဂါတွေ ရှိနေတဲ့ ကလေးတွေမှာတော့ ပန်းနာရင်ကျပ် ဖြစ်နိုင်ပါတယ်။

 

●      အသက်ရှူကျပ်ခြင်း

          အသက်ရှူကျပ်ခြင်းနဲ့ တွဲပြီး ချောင်းဆိုးခြင်း၊ မိသားစုရာဇဝင်တွေ ရှိနေခဲ့ရင် ပန်းနာရင်ကျပ် ဖြစ်နိုင်ပါတယ်။

          ဒီလို အသက်ရှူကျပ်တာဟာ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ လေအိတ်ကျယ်ခြင်း၊ နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်တဲ့ရောဂါတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။ အသက် ၅၀ နောက်ပိုင်းမှ စဖြစ်ခဲ့ရင်၊ မိုက်ခနဲဖြစ်တာ၊ ရင်တုန်တာတွေနဲ့ လာခဲ့ရင်၊ ပန်းနာရင်ကျပ်ဆေးတွေနဲ့ မသက်သာခဲ့ရင်၊ ဆေးလိပ်သောက်ရင် ပန်းနာရင်ကျပ် မဟုတ်ဖို့ များပါတယ်။

 

●      ရင်ကျပ်ခြင်း

          ရင်ဘတ်ထဲမှာ ညှစ်ထားသလို၊ ဖိထားသလို ခံစားရတာဟာ အသက်ရှူလမ်းကြောင်းတစ်ဝိုက်ရှိ ကြွက်သားတွေ ညှစ်ထားလို့ ဖြစ်ပါတယ်။

          တစ်ခါတလေ ဒီလိုရင်ကျပ်ခြင်းဟာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ဖြစ်နိုင်သလို များသောအားဖြင့် အစာအိမ်အက်ဆစ်ဓာတ် ပြန်ဆန်တက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် စားပြီးပြီးချင်းအချိန်၊ လှဲအိပ်လိုက်တဲ့အချိန်မျိုးမှာ ပိုဖြစ်နိုင်ပါတယ်။

          ပန်းနာရင်ကျပ်နဲ့ အစာအိမ်အက်ဆစ်ဓာတ် ပြန်ဆန်တက်ခြင်းတို့ဟာလည်း တစ်ခုနဲ့တစ်ခု ဆက်နွယ်နေပါတယ်။ ပန်းနာရင်ကျပ်သမားတွေရဲ့ ၇၅% မှာ အစာအိမ်အက်ဆစ် ပြန်ဆန်တက်တဲ့ရောဂါ ရှိသလို ဒီရောဂါကို ကြပ်ကြပ်မတ်မတ် ကုသလိုက်ခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်ပါတယ်။

 

●      နုံးခြင်း

          ပန်းနာရင်ကျပ်ရဲ့ နောက်ဆက်တွဲတစ်ခုအနေနဲ့ နုံးနုံးနေတတ်ပါတယ်။ ချောင်းဆိုးခြင်း၊ တစ်ရွှီရွှီမြည်ခြင်း၊ တစ်ချိန်လုံးအသက်ရှူ ကြပ်နေခြင်းတို့ကြောင့် ပင်ပန်းနွမ်းနယ်ကာ နုံးလာတတ်ပါတယ်။ ညဘက်မှာ ရောဂါထတတ်တာကြောင့် ညဘက်အေးအေးဆေးဆေးမအိပ်နိုင်တော့ပါဘူး။

          အသက်ရှူလမ်းကြောင်း ကျဉ်းလာတဲ့အခါ ပုံမှန်အသက်ရှူဖို့အတွက် အားပိုစိုက်ထုတ်ရပါတယ်။

          ပန်းနာရင်ကျပ်ရဲ့ ရောဂါလက္ခဏာတွေမရှိဘဲ အမြဲပင်ပန်း နွမ်းနယ်နေခဲ့ရင် အခြားရောဂါတွေ ရှိနေနိုင်တဲ့အတွက် သေချာပြသ ကုသရပါမယ်။

 

●      လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် မောခြင်း

          လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန်မှာ ပန်းနာရင်ကျပ်လက္ခဏာတွေ ပြနေပါက လေ့ကျင့်ခန်းကြောင့် ပန်းနာထတာ ဖြစ်နိုင်ပါတယ်။

          လှုပ်ရှားပြီး ၅ မိနစ်မှ ၁၅ မိနစ်အတွင်း ဖြစ်တတ်ပြီး အနားယူချိန်မှာ ၁ နာရီအတွင်း သက်သာသွားတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး အသက်ရှူပြင်းတဲ့အခါ လေအေးတွေ ဝင်သွားပြီး လေလမ်းကြောင်း တုန်ခါလာကာ တရွှီရွှီမြည်တာ၊ ရင်ကျပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ တချို့တွေမှာတော့ လေ့ကျင့်ခန်မလုပ်မီ ရှူဆေး နှစ်ရှိုက်လောက်ရှူပြီး လုပ်ခြင်းဖြင့် ရောဂါလက္ခဏာတွေ မပေါ်လာအောင် တားဆီးနိုင်ပါတယ်။

 

●      နှုတ်ခမ်းနဲ့ အသားပြာခြင်း

          နှုတ်ခမ်းတွေ၊ အသားတွေ ပြာလာခဲ့ရင် ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ဓာတ် မပြည့်ဝတာကို ဖော်ပြနေပါတယ်။ ပန်းနာရင်ကျပ် အပျော့စားနဲ့ အလတ်စားတွေမှာ ဒီလို လုံးဝမဖြစ်တတ်ပါဘူး။ ဒါကြောင့် ပြာနေတာဟာ ပန်းနာရင်ကျပ် လုံးဝမထိန်းချုပ်နိုင်တာကို ပြနေတဲ့အတွက် ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။

 

>>    ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?

          ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက မတူတတ်ပါဘူး။ အရင်က တစ်ခါမှ မပြဖူးဘဲ တရွှီရွှီမြည်နေခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

          ဆရာဝန်နဲ့ ပြသထားပြီးသူတွေမှာလည်း ဘယ်လိုအခြေအနေမျိုးမှာ ဘာဆေးသုံးပြီး ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့ ပြသရမယ် ဆိုတာတွေကို သိထားရပါမယ်။

          ယေဘုယျအားဖြင့်တော့ ရောဂါလက္ခဏာတွေ ရုတ်တရက် ပိုဆိုးလာခဲ့ရင်၊ ဆေးတွေနဲ့ မသက်သာလာခဲ့ရင်၊ အနားယူနေစဉ်မှာတောင် အသက်ရှူမဝခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)