/
node/5848

ခရီးသွားစဉ် ဆောင်ဖွယ်ရာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အလုပ်နဲ့ ခရီးသွားရင် နေမကောင်းလို့ဆိုပြီး မနားနိုင်သလို၊ အပျော်ခရီး သွားတဲ့အခါမှာလည်း အပျော်တွေ မပျက်ချင်ကြဘူး မဟုတ်လား။

          ခရီးသွားတဲ့အခါ မဖျားမနာနဲ့လို့ တားဆီးမရပေမယ့် ခရီးမပျက်အောင်တော့ လိုတာလေးတွေ ကြိုဆောင်သွားနိုင်ကြပါတယ်။

 

>>    ခရီးမသွားခင် ဘာတွေကြိုလုပ်မလဲ?

          ခရီးမသွားခင် ဆရာဝန် သို့မဟုတ် အနီးအနားက ကျန်းမာရေးဌာနမှာ အရင်စမ်းသပ်မှု ခံယူကြည့်ပါ။ သွားမယ့်နေရာပေါ် မူတည်ပြီး လိုအပ်ရင် ကာကွယ်ဆေးတွေ ကြိုထိုးသွားနိုင်ပါတယ်။ ခရီးအတူသွားမယ့် မိသားစုဝင်တွေမှာ ဆေးဆွဲသောက်နေတာရှိခဲ့ရင် ခရီးတစ်လျှောက်အတွက် ဆေးကို လောက်လောက်ငှငှ ယူလာဖို့ လိုတဲ့အပြင် မမျှော်လင့်ထားတဲ့ ခရီးထောက်တာ၊ ဖင့်တာတွေကိုပါ ကြိုတင်မှန်းဆပြီး လိုလိုပိုပို ဆောင်လာကြဖို့ လိုပါတယ်။

          ခရီးမှာ အလိုဆုံးအရာကတော့ အရေးပေါ်ဆေးဘူးပဲ ဖြစ်ပါတယ်။ ဒီဆေးဘူးထဲမှာ ပတ်တီးတွေ၊ ပိုးသတ်လိမ်းဆေးတွေအပြင် -

●      အစာအိမ် ဆေးဝါးများ

          ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းတွေအတွက် Loperamide, fibre, bismuth အစရှိတဲ့ဆေးတွေ ဆောင်လာခဲ့ပါ။

          ခရီးသွားရင်း မသန့်လို့ ဝမ်းလျှောတဲ့အခါ သောက်ရအောင် ပိုးသတ်ဆေးတွေကိုလည်း ဆရာဝန်ဆီက တောင်းခဲ့ပါ။ ဘယ်လို သောက်ရမယ်၊ ဘယ်အချိန်မှာ သောက်ပြီး ဘယ်အချိန်မှာ ရပ်ရမယ် ဆိုတာတွေကိုပါ သေချာမေးမြန်းခဲ့ရပါမယ်။

          ဝမ်းလျှောတာ လုံးဝမသက်သာဘဲ ရေဓာတ် အားနည်းတဲ့လက္ခဏာမျိုးဖြစ်တဲ့ မူးဝေခြင်းလက္ခဏာတွေ ပြလာမယ်၊ အရည် လုံးဝမဝင်တာတွေ ဖြစ်လာခဲ့ရင်တော့ ဆရာဝန်နဲ့ ပြသရပါမယ်။

 

●      အသက်ရှူလမ်းကြောင်း ဆေးဝါးများ

          အအေးမိတာကစလို့ ရာသီအပြောင်းအလဲ ဓာတ်မတည့်၊ ရင်ကျပ်သည်အထိ အသက်ရှူလမ်းကြောင်း ရောဂါတွေအတွက် ဆေးတွေ ဆောင်သွားပါ။

1.       loratidine, diphenhydramine စတဲ့ နှာစေး၊ ဓာတ်မတည့်ပျောက်ဆေးများ

2.       အအေးမိရောဂါပျောက်ဆေးများ

3.       အကိုက်အခဲပျောက်ဆေးများ

4.       အဖျားတိုင်းကိရိယာ

 

●      အရေပြားပြဿနာအတွက် ဆေးဝါးများ

1.       ကပ်ခွာပတ်တီး

2.       ပတ်တီး

3.       ပိုးသတ်လိမ်းဆေး

4.       အင်းဆက်ကိုက်ခြင်းများအတွက် အယားပျောက်လိမ်းဆေး

 

●      အခြားယူသွားသင့်တဲ့ ဆေးဝါးများ

1.       ရေမြေခြား ခရီးသွားတဲ့အခါ အချိန်ကွာခြားမှုတွေကြောင့် အိပ်မပျော်ခြင်းကို သက်သာစေဖို့ melatonin

2.       ရေလမ်းခရီးသွားသူတွေအတွက် လှိုင်းမူးပျောက်ဆေးများ

3.       တောင်ပေါ်တက်တဲ့အခါ အမြင့်မူးရောဂါ မဖြစ်ရလေအောင် အ,အန်ပျောက်ဆေးတွေနဲ့ လိုအပ်တဲ့ ဆေးဝါးတွေ

4.       ငှက်ဖျားဒေသသွားမယ့်အခါ လိုအပ်မယ့်ဆေးဝါးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆောင်သွားနိုင်ကြပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)