အာခြောက်နေပါသလား?
တံတွေးဟာ ခန္ဓာကိုယ်မှာ အလွန်အရေးကြီးတဲ့ အစိတ်အပိိုင်းတစ်ခုပါပဲ။ ပါးစပ်ထဲ ခြောက်သွေ့မနေအောင် တားဆီးပေးပြီး အစာ ဝါးရ၊ မျိုရ အဆင်ပြေစေတဲ့အပြင် ပါးစပ်ထဲက သကြား အချိုဓာတ်တွေ၊ ဘက်တီရီးယားပိုးမွှားတွေနဲ့ အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
တံတွေးဂလင်းတွေထဲမှာ ထုတ်လုပ်တဲ့ တံတွေးမှာ ရေ ၉၉% ပါဝင်ပြီး အရေးပါတဲ့ သတ္တုဓာတ်တွေ၊ အင်ဇိုင်းတွေ၊ တိုက်ခိုက်ရေးသမား အင်တီဘေ်ာဒီတွေလည်း ပါဝင်ပါတယ်။ ဒီအင်တီဘော်ဒီတွေဟာ ပါးစပ်နဲ့ လည်ချောင်းထဲ ဝင်ရောက်လာတဲ့ပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ပုံမှန်လူတစ်ယောက်မှာ တစ်နေ့ကို တံတွေး လီတာဝက်လောက် ထွက်တယ်လို့ ဆိုပါတယ်။
ဆီးချိုသမားတွေဟာ ဆီး အသွားများတာကြောင့် သော်လည်းကောင်း၊ ဇီဝကမ္မဖြစ်စဉ်တွေ၊ ဟော်မုန်းဓာတ်တွေ မညီမျှလို့သော်လည်းကောင်း အာအလွန်ခြောက်တတ်ကြပါတယ်။ ဒါ့အပြင် ဆီးချိုသမားတွေ သောက်ရတဲ့ဆေးတွေကလညး် အာခြောက်စေတတ်ပါသေးတယ်။
အာခြောက်တဲ့အခါ ပါးစပ်ထဲ စပ်တက်တက်နေပြီး အစားအစာတွေ အရသာခံတာ၊ စားရတာတွေ အဆင်မပြေတော့ပါဘူး။ လျှာတွေ နီရဲအက်ကွဲကာ ကွက်ကြားကွက်ကြား ဖြစ်နေတတ်ပြီး ပါးစောင်တွေ ကွဲနေတတ်ပါတယ်။ ခံတွင်း အနံ့ဆိုးပြီး ပါးစပ်ထဲ ပိုးတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။
အာခြောက်ခြင်းကြောင့် သွားနဲ့ခံတွင်း ပြဿနာမျိုးစုံ ကြုံတွေ့လာရပါတယ်။ တံတွေးဟာ သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါတွေ ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို နည်းစေတတ်ပါတယ်။
တံတွေး အထွက်နည်းတဲ့အခါ -
● သွားပိုးစားခြင်း၊ သွားဖုံးရောဂါ အမျိုးမျိုးနဲ့ ခံတွင်း အနံ့ဆိုးစေခြင်း
● မကုသဘဲ ထားခြင်းကြောင့် နေထိုင်မှုဘဝကိုပါ ထိခိုက်ခြင်း
စသည်ဖြင့် ဖြစ်စေနိုင်ပါတယ်။
စောစောသိ၊ စောစောကုသနိုင်ခဲ့ရင် သွားနဲ့ခံတွင်း ကျန်းမာရေးကို အထူး အထောက်အကူပြုပါလိမ့်မယ်။ တံတွေးရဲ့ ပိုးသေစေတဲ့စနစ်ကို အခြေခံထုတ်လုပ်ထားတဲ့ ခံတွင်းစောင့်ရှောက်မှုပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။
တံတွေး အထွက်နည်းသူတွေအတွက် ထုတ်လုပ်ထားတဲ့ ဂျယ်လ်တွေ၊ ပလုတ်ကျင်းရည်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။
ပိုးသေစေတဲ့ သွားတိုက်ဆေးတွေကလည်း သွားနဲ့ ခံတွင်းကို သန့်စင်စေပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေကြေစေပါတယ်။
အချိုမပါတဲ့ ပီကေ ဝါးပေးခြင်းက တံတွေး အထွက်နှုန်းကို လှုံ့ဆော်ပေးပြီး အနံ့အသက် ကောင်းစေကာ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။
ဒါ့အပြင် ရေကို မကြာခဏ သောက်ပေးပြီး ကဖိန်း၊ ဆေးလိပ်နဲ့ အရက်တွေကို ရှောင်ကြဉ်ပေးသင့်ပါတယ်။
အကယ်၍ တံတွေး အထွက်နည်းပြီး အာခြောက်နေခဲ့ရင် အခုပဲ ခံတွင်း စိုစွတ်နေအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်ပါ။
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်။
အားလုံးပဲ အပြုံးလှလှ ပိုင်ဆိုင်နိုင်ကြပါစေ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























